လွန်ခဲ့သောလက စာရေးဆရာမဂျူး၊ ကိုတာ နဲ့ မောင်မြင့်ဇော် တို့ရေးတဲ့ ဇာတ်ကြောင်းတစ်မျိုးတည်းရဲ့ အန္တရာယ် စာအုပ်ကို ဖတ်ပြီး ကျွန်မတို့ ပတ်ဝန်းကျင်မှာလည်း လူတစ်ယောက်ရဲ့ အကြောင်းကို အကြောင်းအရာတစ်မျိုးတည်းပေါ်မှာပဲကြည့်ပြီး ဝေဖန်သုံးသပ်ကြ၊ ကောက်ချက်ချတာတွေအများကြီးရှိနေကြပါလားဆိုတဲ့ အတွေးလေးဝင်လာတယ်။ 

စာအုပ်ထဲမှာ နိုင်ဂျီးရီးယားလူမျိုးကောင်မလေးတစ်ယောက်အကြောင်းရေးထားတာလည်း ပါတယ်။ ‌ကောင်မလေးက အလယ်အလတ်တန်းစား သမားရိုးကျ မိသားစုကနေ မွေးဖွားလာတဲ့သူဖြစ်တယ်။ သူတို့အိမ်ကို အနီးအနားရွာတွေကနေ အလုပ်လာလုပ်တဲ့ အိမ်အကူတွေလည်း ရှိတယ်။ တစ်နေ့ သူမတို့အိမ်ကို ဖီဒီဆိုတဲ့ အိမ်အကူကောင်လေးတစ်ယောက် ရောက်လာခဲ့တယ်။ ဖီဒီနဲ့ပတ်သက်လို့ သူမသိရတဲ့အကြောင်းက ဖီဒီတို့မိသားစုက သိပ်ဆင်းရဲတယ်ဆိုတာပါပဲ။ သူမရဲ့အမေကလည်း တစ်ခါတလေ ဖီဒီတို့မိသားစုဆီကို အဝတ်ဟောင်းတွေ နဲ့ ကန်စွန်းဥတို့ ဆန်တို့ စတဲ့စားစရာတွေကို ပို့ပေးလေ့ရှိတယ်။ သူမ ညစာကို ကုန်အောင်မစားတဲ့အခါမှာဆိုရင် သူမရဲ့မိခင်ပြောနေကျစကားက “ကုန်အောင်စားစမ်း နင်မသိဘူးလား ဖီဒီတို့မိသားစုဆိုရင် စားစရာတောင်မရှိဘူး”ဆိုပြီး ပြောလေ့ရှိတယ်။ အဲဒီအချိန်မှာ သူမစိတ်ထဲမှာ ဖီဒီတို့မိသားစုကို သိပ်ကိုသနားသွားတယ်။ ဖီဒီနဲ့ပတ်သက်ပြီး သူမသိတာဆိုလို့လည်း သူတို့မိသားစု သိပ်ကိုဆင်းရဲတယ်ဆိုတဲ့ အကြောင်းပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ သူမတို့မိသားစု ဖီဒီတို့ရွာကို သွားလည်ကြတယ်။ အဲ့ဒီမှာ ဖီဒီ့အကိုရက်ထားတဲ့သိပ်လှတဲ့ ခြင်းတောင်းလေးကို ပြတယ်။ အခြောက်ခံထားတဲ့ ရာဖီယာအမျှင်ခြောက်တွေနဲ့ ရက်ထားတဲ့ ခြင်းပါ။ သိပ်လှတဲ့ခြင်းလေးကို မြင်လိုက်‌တော့ သူမသိလိုက်ရတာက ဖီဒီတို့မိသားစုထဲမှာ ဒီလိုလှတဲ့ ခြင်းလေးတွေကို ရက်လုပ်တတ်တဲ့သူတွေလည်း ရှိပါလားလို့ သိလိုက်ရတယ်။ အဲလိုလုပ်တတ်လိမ့်မယ်လို့လည်း သူမ တစ်ခါမှ မတွေးကြည့်မိခဲ့ဘူး။ ဖီဒီတို့မိသားစု ဘယ်လောက်ဆင်းရဲတယ်ဆိုတာကလွဲလို့လည်း သူတို့မိသားစုနဲ့ပတ်သက်ပြီး ဘာမှ မကြားထားဘူး၊ မသိထားဘူး။ သူမသိထားတာက ဖီဒီတို့မိသားစုနဲ့ ပတ်သက်ပြီး  ဆင်းရဲတယ်ဆိုတဲ့ တစ်မျိုးတည်းသော ဇာတ်ကြောင်းပါပဲ။ 

အဲဒီဇာတ်ကြောင်းလေးကို ဖတ်ပြီး ကျွန်မတို့ပတ်ဝန်းကျင်မှာလည်း လူတစ်ယောက်ကို ဇာတ်ကြောင်းတစ်မျိုးတည်းကိုပဲ သိပြီး၊ ဇာတ်ကြောင်းတစ်မျိုးတည်းကိုပဲ မြင်ပြီး ဆုံးဖြတ်ကြတာတွေ ဝေဖန်ကြတာတွေ ပြုလုပ်နေကြတာကို သတိပြုမိတယ်။ ဥပမာ- အဖေဖြစ်သူက အရက်သောက်တဲ့သူဖြစ်ရင် သူနဲ့ပတ်သက်တဲ့သူတွေကို အရက်သမားရဲ့မိန်းမ၊ အရက်သမားရဲ့သား/သမီး၊ သားဖြစ်သူဆိုရင်လည်း သူလည်း တစ်ချိန်ကျရင် သူ့အဖေလိုပဲ အရက်သမားပဲဖြစ်မှာပါ ဆိုပြီး ဆုံးဖြတ်ကြတာတွေ သုံးသပ်ကြတာတွေ အများကြီး ရှိကြတယ်။ သူတို့မိသားစုနဲ့ပတ်သက်တဲ့ အရက်သမားဖြစ်ခြင်းဆိုတဲ့ ဇာတ်ကြောင်းကလွဲလို့ ကျန်တဲ့ ဇာတ်ကြောင်းတွေကို သိအောင်မလုပ်တာတို့ သိသော်လည်း မကောင်းတဲ့ဇာတ်ကြောင်းကိုပဲ ထပ်ခါထပ်ခါ ပြောကြတာတို့တွေ လုပ်ကြတယ်။ အဲ့ဒီမိသားစုကနေ မွေးဖွားလာတဲ့သူတွေဆိုရင်လည်း ခွဲခြားဆက်ဆံတာတို့ နှိမ့်ချတာတို့တွေ လုပ်ကြတယ်။ အဲဒီလိုအပြုအမူတွေနဲ့ ဆက်ဆံခံရတဲ့သူတွေဆိုရင် သူတို့ရဲ့စိတ်ထဲမှာ ဘယ်လိုတွေ တွေးပြီး ဘယ်လိုခံစားနေကြရမယ်လို့ထင်လဲ။ သေချာတာတစ်ခုကတော့ ပျော်ရွှင်ခြင်းဆိုတဲ့ ခံစားချက်မရဘဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတို့၊ မိသားစုကို အပြစ်တင်တာတို့ ပြောဆိုတဲ့သူတွေကို အပြစ်တင်တာတို့တွေရှိလာပြီး လူတွေအပေါ်မှာလည်း မကောင်းတဲ့ဘက်ကနေ ကြည့်တတ်လာတာတွေ ဖြစ်နိုင်ခြေများပါတယ်။

ကျွန်မကိုယ်တိုင်ကလည်း ဇာတ်ကြောင်းတစ်မျိုးတည်းကိုပဲ ကြည့်ပြီး ဝေဖန်သုံးသပ်ကြတာကိုနေကြတာကို များတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရသူတစ်ယောက်ပါ။ ကျွန်မတို့ငယ်ငယ်က ဖီဒီတို့လိုပဲ ဆင်းရဲတဲ့ မိသားစုပါ။ ပတ်ဝန်းကျင်က လူတော်တော်များများက ဆင်းရဲတယ်ဆိုတဲ့ ဇာတ်ကြောင်းတစ်မျိုးတည်းကိုပဲ ကြည့်ပြီး ကျွန်မတို့ကို နှိမ့်ချဆက်ဆံတယ်။ ခွဲခြားကြတယ်။ ကိုယ့်ရဲ့ဆွေမျိုးအရင်းတွေကတောင် နှိမ်ချခွဲခြားကြတဲ့ဒဏ်တွေကို ကျွန်မတို့ညီမတွေ အတော်ကို ခံစားခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မစိတ်ထဲမှာ အမြဲတမ်းတွေးနေမိ စဥ်းစားနေမိတာက “ငါသာတစ်နေ့ အဆင်ပြေလာတဲ့တစ်နေ့ သူတို့ငါ့အပေါ်ဆက်ဆံသလို ပြန်ပြီးဆက်ဆံမယ်ဆိုတဲ့စိတ်တွေ အမြဲတွေးနေမိတယ်။” ပြီးတော့ ကိုယ့်အပေါ်ကို ခွဲခြားဆက်ဆံတာကို ခံစားရတဲ့အခါတိုင်း သူတို့အပေါ်မှာမကောင်းတဲ့အမြင်တွေပဲ မြင်မိတယ်။ နောက်တစ်ခုက ကျောင်းမှာ စာသင်ကြားနေတဲ့ တချို့သောဆရာမတွေကိုယ်တိုင်က ဆင်းရဲခြင်းဆိုတဲ့ ဇာတ်ကြောင်းတစ်မျိုးတည်းကိုပဲကြည့်ပြီး ခွဲခြားဆက်ဆံကြတာကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတယ်။ ကျွန်မမှာရှိတဲ့ တခြားသော စာတော်ခြင်း၊ သိတတ်ခြင်း၊ ဆရာ/မတွေအပေါ်ကို လေးစားပေးခြင်း စတဲ့ တခြားသော ဇာတ်ကြောင်းတွေကိုတော့ အသိအမှတ်ပြု မခံခဲ့ရပါဘူး။ ကျွန်မလိုပဲ ဇာတ်ကြောင်းတစ်မျိုးတည်းကိုပဲ ကြည့်ပြီး ဆုံးဖြတ်ခံနေရတဲ့သူတွေ၊ ခွဲခြားခံနေရတဲ့သူတွေ၊ နှိမ်ချဆက်ဆံခံနေရတဲ့သူတွေ ကျွန်မတို့ပတ်ဝန်းကျင်မှာ ဘယ်လောက်တောင်မှ များနေလိုက်မလဲ။ အဲ့ဒီလို ဆက်ဆံခံရတဲ့သူတွေရဲ့စိတ်ထဲမှာရော ဘယ်လိုတွေတွေးပြီး ဘယ်လိုတွေ ခံစားနေကြရမလဲ။ သူတို့တွေအပေါ်ကို အဲဒီလိုဆက်ဆံတဲ့သူတွေအပြင် တခြားသူတွေအပေါ်မှာရော ဘယ်လိုတွေမြင်မလဲ။ ကျွန်မကိုယ်တိုင်ကတော့ ဇာတ်ကြောင်းတစ်မျိုးတည်းကိုပဲကြည့်ပြီး ဆုံးဖြတ်ကြတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာပေမယ့် အခုကိုယ်တိုင်ရှိနေတာက ဇာတ်ကြောင်းတစ်မျိုးတည်းကိုပဲ မကြည့်ဘဲ ကျွန်မရဲ့ တခြားသော ဇာတ်ကြောင်းတွေကိုပဲ ကြည့်ပေးတဲ့၊ မြင်ပေးတဲ့၊ နားလည်ပေးတဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့အတွက် ကျွန်မရဲ့ Negative အတွေးတွေကို Positive အတွေးတွေနဲ့ မြင်ပေး ကြည့်ပေးတတ်လာတယ်။ ဒါပေမယ့် တစ်မျိုးတည်းသော ဇာတ်ကြောင်းကိုပဲကြည့်တဲ့ လူတွေကြားထဲကနေ ရုန်းမထွက်နိုင်တဲ့သူတွေရဲ့ စိတ်ထဲမှာတော့ Positive အတွေးတွေ၊ အမြင်တွေ ပြောင်းလဲနိုင်မလားဆိုတာ စာဖတ်သူတွေအနေနဲ့ စဥ်းစားကြည့်ပေးပါ။ 

ထိုနည်းတူစွာပဲ ပတ်ဝန်းကျင်မှာ ဘာသာရေး လူမျိုးရေးတွေနဲ့ ပတ်သက်ရင်လည်း ဇာတ်ကြောင်းတစ်မျိုးတည်းကိုပဲ ကြည့်ကြတဲ့ သူတွေများတာကို တွေ့ရှိနေကြရတယ်။ များသောအားဖြင့် ယုံကြည်ကိုးကွယ်တဲ့ဘာသာတစ်ခုကိုပဲ ကြည့်ပြီး ဝေဖန်လိုက်တာတွေ သုံးသပ်တာတွေ ဆုံးဖြတ်တာတွေ တွေ့မြင်နေကြရတယ်။ သူက ဘာလူမျိုးပါလို့ ပြောလိုက်တာနဲ့ ကိုယ်သိထားတဲ့ ဇာတ်ကြောင်းတစ်မျိုးနဲ့ ရှုံ့ချတာတွေ ချီးမွမ်းတာတွေ လုပ်နေကြတာတွေ တွေ့မြင်မိကြမှာပါ။ ကျွန်မတို့တွေ ငယ်ငယ်ကနေ ကြားဖူးကြတဲ့ ပုံပြင်တွေ ဇာတ်လမ်းတွေနဲ့ ဒီလူမျိုးဆိုရင်တော့ မကောင်းဘူး ကောင်းတယ် ဆုံးဖြတ်နေကြတာတွေလည်း ရှိတယ်။ အဲ့ဒီလို ဇာတ်ကြောင်းတစ်မျိုးတည်းကိုပဲ ကြည့်ပြီး ဆုံးဖြတ် သုံးသပ်ကြလို့သာလျှင် အချင်းချင်း နားလည်မှုတွေ လွဲကြ၊ ပြဿနာတွေဖြစ်ကြပြီး ငြိမ်းချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းကို ပျောက်ဆုံးနေကြတယ်လို့ တွေးမြင်မိတယ်။

ဒါ့ကြောင့် ကျွန်မတို့တွေက ပျော်ရွှင်ငြိမ်းချမ်းတဲ့သူ၊ တရားမျှတတဲ့သူ ဖြစ်ဖို့အတွက်ဆိုရင် လူတစ်ယောက်ရဲ့ ဇာတ်ကြောင်းတစ်မျိုးတည်းကိုပဲ မကြည့်ဘဲ တခြားသော ဇာတ်ကြောင်းတွေကိုလည်း သိရှိအောင် လုပ်ပြီး ရှု့ထောင့်ပေါင်းစုံကနေ ကြည့်တတ်တဲ့သူဖြစ်ဖို့ လိုတယ်ဆိုတာ နဲ့ ဇာတ်ကြောင်းတစ်မျိုးတည်းကိုပဲ ကြည့်ပြီး ဆုံးဖြတ်လိုက်ခြင်းကြောင့် တစ်ဖက်မှာ ဘယ်လောက်ထိ အားငယ်မှု သိမ်ငယ်မှု တွေနဲ့ နေထိုင်နေကြရမလဲဆိုတဲ့ ကိုယ်ချင်းစာတဲ့ အတွေးတွေဝင်လာစေဖို့အတွက် ဒီဆောင်းပါးလေးကို ရေးသားရခြင်းဖြစ်ပါတယ်။ စာဖတ်သူက  အားလုံး ဇာတ်ကြောင်းတစ်မျိုးတည်းကိုပဲ ကြည့်တဲ့သူတွေမဖြစ်ဖို့ ဆန္ဒပြုရင်း ယခုဆောင်းပါးလေးကို အနှစ်ချုပ် လိုက်ပါတယ်။

မှီငြမ်း- ဇာတ်ကြောင်းတစ်မျိုးတည်းရဲ့ အန္တရာယ် (ဂျူး ၊ ကိုတာ၊ မောင်မြင့်ဇော်)

စာရေးသူ – ဆရာမ နှင်းနှင်းဝေ

မေတ္တာဖြင့်…

Saya-ဆာယာ