ကျွန်မက ကလေးတွေကိုစာသင်ရတာကို ပျော်ရွှင်ပြီး နှစ်သက်တဲ့သူတစ်ယောက်ပါ။ မျှဝေတဲ့အလုပ်လုပ်ရမယ်ဆို ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် အားလုံးကို မျှဝေသင်ကြားပေးရတာကို နှစ်သက်ပါတယ်။ ဒါကြောင့်လည်း ပညာရေးနဲ့ပတ်သက်တဲ့အလုပ်၊ စာသင်တဲ့အလုပ်ကို လုပ်ကိုင်ဖို့ ရွေးချယ်လျှောက်လှမ်းခဲ့တာပါ။ ကျွန်မ မိဘရပ်ရွာပညာပေးဆွေးနွေးပွဲတွေ အများကြီးလုပ်ခဲ့ဖူးတယ်။ ပညာပေးဆွေးနွေးပွဲတွေလုပ်တိုင်း ဆရာမကြီး ဒေါ်နီနီထွေးသင်တန်းကနေ ရရှိခဲ့တဲ့ ဆုံးမခြင်းအကြောင်းကို မပါမဖြစ်ထည့်ပြီးပြောပြဆွေးနွေးခဲ့တယ်။ ဆွေးနွေးကြတဲ့အခါ ဆုံးမခြင်းကို ဘယ်လိုနားလည်လဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ ဆုံးမကြလဲလို့ အမြဲမေးလေ့ရှိတယ်။ မိဘတွေနဲ့ ဆရာ/မ တွေတော်တော်များများ ဖြေကြတာက ဆုံးမတာက ကလေးတွေကို လိမ္မာစေချင်လို့ဆုံးမကြတယ်လို့ပြောကြတယ်။ ပြီးတော့ အော်ငေါက်ပြီး ဆုံးမတယ်။ ရိုက်ပြီးဆုံးမတယ်။ တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး ဆုံးမကြတယ် စသည်ဖြင့် သူတို့တွေ ဆုံးမခဲ့ဖူးတဲ့ ပုံစံတွေကို ရိုးသားစွာပြောကြတယ်။ ကျွန်မ သူတို့တွေရဲ့ရိုးသားစွာ ဝန်ခံပြောရဲတဲ့သတ္တိကိုတော့ လေးစားမိပါတယ်။ ဒါနဲ့ ဘာလို့ ထိုနည်းလမ်းတွေသုံးပြီး ဆုံးမကြတာလဲမေးတော့ ကျွန်တော်/မ တို့ငယ်ငယ်ကလည်း ဒီလိုပဲ မိဘတွေ၊ ဆရာ/မ တွေက ဆုံးမခဲ့ကြတာပဲ လို့ပြန်ပြောပြကြပါတယ်။ဒါနဲ့ ကျွန်မလည်း ဆက်ပြီးမေးခွန်းမေးလိုက်ပါတယ်။ ရိုက်ပြီးဆုံးမတော့ ပျော်ရွှင်ခဲ့ရဖူးလား။ ဘယ်လိုခံစားခဲ့ရလဲလို့ မေးလိုက်ပါတယ်။ အဲဒီတော့ “မပျော်ပါဘူးတဲ့။ ဝမ်းနည်းတယ်၊ ရှက်တယ်၊ စိတ်အားငယ်တယ်။ တခြားသူတွေနဲ့နှိုင်းပြီးပြောရင်မကြိုက်ဘူး။ အရွဲ့တိုက်ချင်လာတယ်” လို့ပြောပြကြပါတယ်။—စသည်ဖြင့် ဆုံးမခြင်းနဲ့ပတ်သက်ပြီး အများကြီးဆွေးနွေးခဲ့ကြပါတယ်။ ကျွန်မ မိဘတွေ၊ ဆရာ/မတွေကို ဆုံးမခြင်းနဲ့ အပြစ်ပေးခြင်းနဲ့ ပတ်သက်ပြီး ပြောပြချင်တာလေးရှိပါတယ်။ ဆုံးမခြင်းဆိုတာ ကလေးအနာဂတ်တွင် ပို၍ကောင်းစွာပြုမူနေထိုင်နိုင်ရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပါတယ်။ အပြစ်ပေးခြင်းဆိုတာ အတိတ်ကာလကိုရည်ရွယ်ပြီး ပြုလုပ်ခဲ့တဲ့အရာတွေအတွက် အပြစ်ပေးခြင်းဖြစ်ပါတယ်။အပြစ်ပေးခြင်းသည် ဆုံးမခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့က ကလေးတွေကို ဆုံးမမယ်ဆိုရင် ချစ်ခြင်းမေတ္တာဖြင့်သာ ဆုံးမခြင်းဖြစ်ရပါမယ်။ ကျွန်မတို့ရဲ့ အလုပ်တွေမပြီးမြောက်လို့၊ မကျေနပ်လို့၊ ကလေးကို အငြိုးတွေနဲ့ ဆက်ဆံတာဟာ ဆုံးမခြင်း မဟုတ်ပါဘူး။ တစ်ခါတလေ ရိုက်မှ ကြောက်တာ၊ ရိုက်ပြီးဆုံးမမှ ဒီကလေးမှတ်မှာဆိုပြီး လွဲမှားတဲ့အယူလေးတွေရှိနေတာကိုလည်း တွေ့နေ၊ မြင်နေ ကြားနေရပါတယ်။ ကျွန်မအနေနဲ့ ဆရာ/မတို့ မိဘတို့ကို ဆုံးမပုံနည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။၁။ အိမ်မှာ တိကျရှင်းလင်းသော စည်းမျဉ်းများချမှတ်ပါ။၂။ မိဘများနှင့် အတူတကွ ဆောင်ရွက်ပါ။၃။ ချမှတ်ထားတဲ့စည်းကမ်းတွေက တသမတ်တည်းရှိပါစေ။ (တစ်နေ့တစ်မျိုး စည်းကမ်းတွေမပြောင်းပါနဲ့)၄။ ဖြစ်နိုင်ပါက အရင်ဆုံး သတိပေးပါ။၅။ ဒေါသနှင့် မဆုံးမပါနဲ့။ မိမိကိုယ်ကို ထိန်းချုပ်ပါ။၆။ ဘာကြောင့်ဆုံးမရတယ်ဆိုတာကို ကလေးတွေသိပါစေ။၇။ ဂုဏ်သိက္ခာရှိစွာဖြင့် ဆုံးမပါ။၈။ ကိုယ်ထိလက်ရောက် ဆုံးမခြင်းကို ဆုံးမရန် မည်သည့်နည်းလမ်းမှ မရှိသည့်အခါမှ နောက်ဆုံးနည်းလမ်းအဖြစ် အသုံးပြုပါ။ ဆရာ/မတို့ ၊မိဘတို့အနေနဲ့ မိမိတို့ ကလေးတွေရဲ့ အနာဂတ်လှပဖို့အတွက် မေတ္တာဖြင့်ဆုံးမခြင်းနည်းလမ်းကို အသုံးပြုဖို့ တိုက်တွန်းလိုက်ပါတယ်။မေတ္တာဖြင့်ဆရာမ နှင်းနှင်းဝေဆာယာဖောင်ဒေးရှင်းအဖွဲ့သားများ…Photo Credit – https://onlinehartha.com/archives/11304