ဒီလို သီတင်းကျွတ်ချိန်ဆိုရင် ကျွန်တော်တို့ မြန်မာပြည်မှာ ဆရာကန်တော့ ပွဲတွေလုပ်တဲ့ ထုံးစံရှိကြပါတယ်။ တစ်ခါ အောက်တိုဘာလ ၅ ရက်နေ့ဟာ လည်း ကမ္ဘာ့ဆရာများနေ့ဖြစ်လေတော့ အောက်တိုဘာလဟာ ဆရာတွေရဲ့ လလည်းဖြစ်တယ်ဆိုရမှာပါ။ ဒါကြောင့်လည်း ပညာသင်ကြားရေးနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲတွေ၊ ဟောပြောပို့ချတာတွေ၊ ဆောင်းပါးတွေ၊ စာတမ်းတွေကို ဒီလိုအချိန်မှာတွေ့ရလေ့ရှိပါတယ်။ ဆရာကန်တော့ပွဲတွေနဲ့ ပတ်သက်ပြီ တွေးမိတဲ့ ဟိုရောက်သည်ရောက်အတွေးစလေးတွေကို မျှဝေချင်စိတ်ပေါက်လာမိတယ်။
သီတင်းကျွတ်ချိန်မှာ ကလေးတွေလာကန်တော့လည်းရှိသလို ခုနောက်ပိုင်း အလှမ်းဝေးတဲ့အခါ အွန်လိုင်းက ကန်တော့ကြတယ်။ နည်းပညာတွေအဆင့်မြင့်လာတော့ တချို့က ဗီဒီယိုခေါ်ဆိုမှုလုပ်ပြီး ကန်တော့ ကြတာရှိသလို စာပို့ပြီး ကန်တော့ကြတာလည်းရှိတယ်။ ဒီမှာသတိထားမိတာက ကန်တော့ချိုးတော်တော်များများမှာ “ ကာယကံ၊ ဝဇီကံ၊မနောကံ နဲ့ပြစ်မှားမိသည်ရှိသော်” ဆိုပြီးတောင်းပန်တာကိုပဲ အဓိကရေးကြ၊ ဆိုကြတာကိုတွေ့ရတယ်။ ဒါဟာမှားသလားဆိုတော့ မမှားပါဘူး။
ဒါပေမယ့် ဒီလိုတောင်းပန်ဖို့ဟာ ဆရာတွေကန်တော့တာရဲ့ အဓိကရည်ရွယ်ချက်တော့ မဟုတ်ဘူးလို့ ကျနော်ကတော့ ထင်မိတယ်။ ဆရာကန်တော့ပွဲဘာလို့ လုပ်ကြသလဲလို့ ပြန်စဉ်းစားကြည့်လိုက်ရင် ဆရာတွေရဲ့ ကျေးဇူးကို တုံ့ပြန်ချင်လို့ဆိုတဲ့ အဖြေဟာ အကောင်းဆုံးဖြစ်မယ်ထင်တယ်။ ဒီတော့ ကန်တော့တဲ့အခါ ပြစ်မှားမိတာတွေကို တောင်းပန်ပါတယ်ဆိုတာလည်းထည့်ပါ။ အဲ့ဒီထက်ပိုအရေးကြီးတာ “သင်ပြလမ်းညွှန်ပေးသောကျေးဇူးကို ဦးထိပ်ပန်ဆင်လျှက်” ဆိုတာကို အဓိကထားပြီး ကန်တော့ကြရင်ပိုကောင်းမယ်လို့တွေးမိပါတယ်။ ဒါဆိုရင်ပိုပြီး ရည်ရွယ်ချက်နဲ့ပိုကိုက်တယ်လို့ထင်တာပါပဲ။
နောက်တစ်ခုက ဒီအလေ့အထဟာ ပျောက်ကွယ်သွားမလားဆိုတဲ့ဆွေးနွေးချက်အချို့ကိုလည်းတွေ့ရတယ်။ ဆရာကန်တော့တယ်ဆိုတာ အစောကပြောသလိုပဲ သူတပါးရဲ့ ကျေးဇူးကို အောက်မေ့ခြင်း၊ ကျေးဇူးတင်တာကို ပြသခြင်းဆိုတော့ တကယ်ကိုကောင်းတဲ့အစဉ်အလာတစ်ခုပါပဲ။ သီတင်းကျွတ်အချိန်အခါမှာ ဆရာသမားသာမက မိဘတွေကိုလည်းကန်တော့ကြတာပါပဲ။ တကယ်တော့ ဘယ်သူကိုမဆိုကိုယ့်ကျေးဇူးရှိတယ်ဆိုရင် အချိန်လေးတစ်ခု သတ်သတ်မှတ်မှတ်ထားပြီး အသိအမှတ်ပြုတယ်ဆိုတာ တကယ်ကောင်းတဲ့ အစဉ်အလာမဟုတ်ဘူးလား။ ဘယ်ကိုးကွယ်ယုံကြည်မှု၊ ဘယ်လူမျိုး၊ ဘယ်ယဉ်ကျေးမှုမှာမဆို သူတပါးရဲ့ကျေးဇူးသိတတ်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်မှာအသေအချာပါပဲ။ ဒီလိုကောင်းမွန်တဲ့အစဉ်အလာဟာ နောက်ပိုင်းမှာ ပျောက်ကွယ်မယ့်အလားအလာရှိနေတယ်ဆိုရင်တောင် သတိထားပြီးကာကွယ်သင့်တယ်။ ဒီထက်ပိုမိုအားကောင်လာအောင်လုပ်ဆောင်သင့်ပါတယ်။
တချို့ကလည်း လက်အုပ်ချီကန်တော့ရတာကို သဘောမကျကြပါဘူး။ ကျနော်ကိုယ်တိုင်လည်း ဆရာအဖြစ်နဲ့ ကန်တော့ခံရတဲ့ ကိုယ်က အထက်ကနေပြီးသူများက အောက်က ကန်တော့ရတဲ့ အနေအထားကို မကြိုက်မိပါဘူး။ ကိုယ်ကိုယ့်ကိုယ် ဘုရားနဲ့ တစ်ဂိုဏ်းတည်းထား လက်အုပ်ချီရလောက်အောင် ကျေးဇူးရှိတယ်လို့လည်း မယုံကြည်မိတာကြောင့်လည်းပါပါတယ်။ ဒီတော့ အစောကပြောခဲ့သလိုပဲ လိုရင်းက ဘာလဲဆိုတာကိုပဲ ပြန်ပြောရမှာပါပဲ။ လက်အုပ်ချီဖို့က အဓိကမကျဘူးလို့ထင်ပါတယ်။
ဒီနေရာမှာ တစ်ခုထပ်ဖြည့်ပြောချင်တာက အစ္စလာမ်ဘာသာမှာဆိုရင် မြန်မာအပါအဝင် အတော်များများနိုင်ငံတွေမှာ လူလူချင်းလက်အုပ်ချီဖို့ကို ခွင့်မပြုပါဘူး။ ဘာသာရေးအရ လက်အုပ်ချီရင် အီမာန်ပျက်တယ် (ယုံကြည်သူအဖြစ်ကပျက်ပြယ်တယ်) ဆိုတဲ့သွန်သင်မှုမျိုးရှိတဲ့အတွက် လက်အုပ်မချီဘဲ ဆရာကန်တော့ပွဲတက်ပေးတဲ့ အစ္စလာမ်သူငယ်ချင်းတွေရှိပါတယ်။ အဓိကလိုရင်းကဘာလဲဆိုတော့ ကျေးဇူးတရားပါပဲ။ လက်အုပ်ချီလို့မရရင် တခြားပုံစံနဲ့ပြလို့ရတာပါပဲ။ ဆရာတွေအသက်ကြီးသွားတဲ့အခါ လက်အုပ်ချီမိုးကန်တော့တာထက် သူတို့ပြောချင်တာလေးတွေနားထောင်ပေးတာမျိုးက သူတို့အတွက်ပိုတန်ဖိုးရှိတတ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ဆိုရရင်
(၁) ခရစ္စမတ်အချိန်ဆိုရင် ခရစ်ယာန်ဟုတ်ဟုတ်မဟုတ်ဟုတ် လက်ဆောင်လေးတွေပေးကြသလိုပဲ ကောင်းမြတ်တဲ့ အစဉ်အလာတစ်ခုကို ထိန်းသိမ်းတဲ့အနေနဲ့ မြန်မာပြည်မှာရှိတဲ့သူတွေဟာ သီတင်းကျွတ်ရောက်တဲ့အခါ ဆရာသမားတွေရဲ့ ကျေးဇူးကိုသတိရအောက်မေ့တဲ့အချိန်အဖြစ် သတ်မှတ်ကုန်ဆုံးကြတာဟာ သိပ်ကောင်းတယ်လို့ထင်မိပါတယ်။
(၂) ကျေးဇူးကိုသတိရအောက်မေ့တဲ့ ပြသတဲ့အခါမှာလည်း အပြစ်တွေကို ဝန်ချတောင်းပန်တာအပြင် ကျေးဇူးတင်ကြောင်းကို ဖော်ပြဖို့လည်း မမေ့ကြဖို့လိုပါတယ်။
(၃) ကျေးဇူးတင်တာကို ပြသတဲ့နေရာမှာလည်း လက်အုပ်ချီမိုးရှိခိုးမှမဟုတ်ဘူး။ ပစ္စည်းတွေနဲ့ ကန်တော့မှမဟုတ်ဘူး။ Happy Teacher’s Day ပါလို့ ဆုတောင်းပေးပြီး သတိရနေကြောင်းပြတာပဲဖြစ်ဖြစ်၊ နေကောင်းရဲ့လား၊ အဆင်ပြေရဲ့လား သတင်းမေးတာပဲဖြစ်ဖြစ်၊ စကားလက်ဆုံကျပြီး အဖော်လုပ်ပေးတာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။
စာရေးသူ-ဆရာအောင်ကျော်ဖြိုး
မေတ္တာဖြင့်…
Saya-ဆာယာ