ခြင်္သေ့မင်းတို့ မည်သည် သားကောင်ကြီးကြီးငယ်ငယ် တူညီတဲ့ခွန်အားကိုသုံးတယ်၊ ပေါ့ပျက်ပျက်မလုပ်ဘဲ လေးလေးနက်နက် ဖမ်းတယ်လို့ တစ်နေရာမှာ ဖတ်ဖူးခဲ့တယ်။ လောကနီတိလား ဓမ္မပဒထဲကလား မမှတ်လို့ မိတ်ဆွေတွေကို အကူအညီတောင်းမှ “သီဟသုတ်” ထဲမှာ ပါတာဆိုတာသိရတယ်။
ဒီစကားကို စ, မြင် စ, ကြားထဲက လုံးစေ့ပတ်စေ့ သဘောမပေါက်ခဲ့ပေမယ့် ဒါဟာ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာလေးလေးနက်နက်လုပ်ဖို့ပြောတာပဲဆိုတဲ့နားလည်မှုမျိုး သဘောပေါက်မှတ်ယူထားတယ်။ ဘယ်အလုပ်မျိုးအတွက်မဆိုပြောတာဖြစ်ပေမယ့် ကိုယ်ကိုယ်တိုင်က ဆရာဖြစ်လေတော့ ဆရာအလုပ်နဲ့ ချိန်ထိုးပြီးတော့ပဲ မှတ်ယူထားတယ်။ အတန်းတစ်တန်းကိုသင်တဲ့အခါ ကျောင်းသားနည်းနည်းများများ၊ အတန်းငယ်ငယ်ကြီးကြီး ဘယ်လိုအချိန်မျိုးမှာမဆို အလေးအနက်ထားတာဟာ အတူတူဖြစ်နေရမှာပါပဲ။ ဒီအတန်းကတော့ အငယ်တန်းလေးမို့လျှော့သင်လိုက်မယ်၊ ဒီအတန်းလေးကတော့ လူများလို့မို့ ငါပိုအလေးအနက်ထားရမယ်လို့ မလုပ်သင့်ဘူး။ ဒါဟာ ခြင်္သေ့မင်းလို စိတ်ထားမဟုတ်ဘူးလို့ မှတ်ယူထားခဲ့ပါတယ်။
ပညာဒါနလို့နာမည်တပ်ပြီး တော်ရိလျော်ရိသင်တတ်တဲ့ ဆရာကြွက်ချေးတွေကို တွေ့ရလေတော့ ဒီစကားလေးကို အမှတ်ရတယ်။ ဒီဆရာတွေဟာ ပညာဒါနနာမည်တပ်လိုက်ပြီး ဒီအတန်းကတော့ ငါ့အတွက် အကျိုးအမြတ်မရှိဘူး၊ အလကားတန်းပဲဆိုပြီး ဖြစ်သလို ပြီးစလွယ်လုပ်သင်ကြတာပါ။ တချို့တွေကျပြန်တော့ အတန်းငယ်လေးတွေသင်တာပဲ ဒါသိပ်အရေးမကြီးပါဘူးလို့ ပေါ့ပေါ့တန်တန်ပြောကြတာမျိုးကိုတွေ့ရတယ်။ တကယ်တမ်းကျပြန်တော့ အခြေခံဟာအတော်အရေးကြီးပါတယ်။ ကလေးတွေဟာ ဆရာကိုပိုမှီခိုရတဲ့အရွယ်ဖြစ်တာကြောင့် သူတို့ကို သင်ရတဲ့ဆရာဟာ ပိုလို့တောင်အရေးကြီးပါသေးတယ်။ ဒီလိုဆရာတွေဟာ ခြင်္သေ့မင်းလို စိတ်ထားမထားတတ်ကြဘူးလို့ စိတ်ထဲက မှတ်ချက်ပေးနေမိခဲ့တယ်။
အခု မိတ်ဆွေဆရာတစ်ယောက်ရှာပေးကာမှ အပြည့်အစုံပြန်ဖတ်ရတော့ မူရင်းစာပိုဒ်မှာ ခြင်္သေ့မင်းအကြောင်းက ဥပမာပေးတာသာဖြစ်ပြီး အဓိကက ဗုဒ္ဓရဲ့တရားဟောပုံ၊ လူတွေကို ဆက်ဆံပုံအကြောင်းကိုရေးထားတာဖြစ်နေပါတယ်။ ဆိုလိုရင်း အကျဉ်းကို ပြန်လည်ဖောက်သည်ချရရင် ဗုဒ္ဓဟာ တရားဟောတဲ့အခါ ရဟန်းဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ခွဲခြားခြင်းမရှိဘဲ လေးလေးစားစား တရားဟောတယ်။ ဘယ်လိုအလုပ်အကိုင်ဘယ်လိုအဆင့်အတန်းမျိုးကိုမဆို လေးလေးစားစားတရားဟောတယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။ ဖြန့်ထွက်ပြီးတွေးကြည့်မယ်ဆိုရင် ဂျန်ဒါခွဲခြားမှု၊ အသားအရောင်၊ လူမျိုး၊ အဆင့်အတန်းစတဲ့ ဘယ်လိုခွဲခြားမှုကိုမှမလုပ်ဘဲ တရားကို လေးလေးစားစား ဟောတယ်လို့ဆိုနိုင်တာဖြစ်ပါတယ်။
တနည်းအားဖြင့်စဉ်းစားရင် ဗုဒ္ဓဟာ ဆရာတစ်ယောက်ပါပဲ။ သူသိတဲ့အရာကို အများသူရှင်းလင်းအောင်သင်ပြပေးတဲ့သူ လမ်းပြတဲ့သူပါပဲ။ ကျနော်တို့ တော်တော်များများဟာ ဆရာနဲ့ မိဘဟာ ဗုဒ္ဓနဲ့ တစ်ဂိုဏ်းတည်းလို့ ခိုင်းနှိုင်းကြပေမယ့် ဗုဒ္ဓကို ဆရာတစ်ယောက်လိုမြင်တာမျိုးအားနည်းကြပါသေးတယ်။ သူဟာ တပည့်ဖြစ်တဲ့ သူ့တရားနာပရိသတ်အပေါ်ခွဲခြားမှုမလုပ်ဘဲ သင်ပြစရာရှိတာကို စေတနာအပြည့်နဲ့ သင်ပြပေးတယ်လို့ ကျနော်တော့ သဘောပေါက်မိပါတယ်။
ဒီလိုထပ်ပြီးသိလာတဲ့အခါ ဆက်စပ်စဉ်းစားရတာပိုကျယ်ပြန့်လာတယ်။ ဆရာရယ်လို့ ဖြစ်လာရင် ဒီတပည့်ကတော့ ဘယ်လိုအဆင့်အတန်း၊ ဘယ်နောက်ခံ၊ ဘာလူမျိုးဆိုတာမျိုးတွေကို ထည့်မတွက်ရဘဲ ဘယ်တပည့်မျိုးအပေါ်ကိုမဆို ခွဲခြားခြင်းမရှိဘဲ တူညီတဲ့စေတနာ ထားရမယ်ဆိုတာပါပဲ။ အများသူငါရဲ့ စံထားရမယ့်သူလို့ ဖြစ်ရမယ့် ဆရာတွေကနေစပြီး တပါးသူကိုတောင်မဟုတ်ဘဲ ကိုယ့်ဆီက ပညာယူရတဲ့ တပည့်တွေကို ခွဲခြားဆက်ဆံမယ်၊ မတရားလုပ်မယ်ဆိုရင် ဒါဟာအတော်အရုပ်ဆိုးတဲ့ကိစ္စပါပဲ။ ဒီတော့ ဆရာတိုင်းဟာ ဗုဒ္ဓလိုဆရာတစ်ယောက်ကို စံပြအရာမှာထားပြီး ကိုယ့်ရဲ့ တပည့်တွေကို ဘယ်လိုတပည့်မျိုးကို မဆိုခွဲခြားဆက်ဆံခြင်းမရှိဘဲ သင်ကြားပေးသင့်တာပါပဲ။
အချုပ်ဆိုရရင် ဆရာတွေမှာ ရှိသင့်တဲ့ စွမ်းရည်၊ ဗဟုသုတ၊ အပြုအမူအနေအထိုင်နဲ့ အရေးအကြီးဆုံးဖြစ်တဲ့ မှန်ကန်တဲ့ သဘောထား၊ စိတ်ထားကိုလည်း ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီခြင်္သေ့မင်းပုံဥပမာလေးကိုကြည့်ပြီး နှလုံးသွင်းမိတာကတော့ ဆရာဆိုတာ ခြင်္သေ့မင်းက အလုပ်ကိုလေးလေးစားစားလုပ်သလို သူ့ရဲ့ အလုပ်ကို ဘယ်အချိန်မဆိုတလေးတစားလုပ်ရမယ်၊ ဘယ်လိုကျောင်းသားမျိုးကိုမဆို ခွဲခြားဆက်ဆံခြင်းမရှိဘူးဆိုတဲ့ “ခြင်္သေ့မင်းလိုစိတ်ထား” ထားသင့်ကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။
စာရေးသူ – ဆရာအောင်ကျော်ဖြိုး
မေတ္တာဖြင့်…
Saya-ဆာယာ