ကလေးတွေက မွေးဖွားလာကတည်းက သိလိုစိတ်၊ စူးစမ်းလိုစိတ်တွေ ပါလာကြပါတယ်။ အရေးကြီး တာကတော့ သူတို့ရဲ့ စူးစမ်းလိုစိတ်တွေကို မရပ်တန့်ဘဲ ကောင်းမွန်တဲ့နေရာမှာ အသုံးချတတ်အောင် သင်ကြားလမ်းညွှန်ပေးရမှာတော့ မိဘ၊ အုပ်ထိန်းသူများနဲ့ ဆရာတို့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ကလေးတွေရဲ့စူးစမ်းလိုစိတ်ကဘာလဲ။ ဘယ်လိုမျိုးလက္ခဏာတွေရှိလဲဆိုတာကို ဆက်လက်မျှဝေသွား မှာဖြစ်ပါတယ်။စူးစမ်းလိုစိတ်ဆိုတာကတော့ စူးစမ်းလေ့လာရှာဖွေဆောင်ရွက်ပြီး အကြောင်းအရာတစ်ခုခုကို သိချင်စိတ်၊ လုပ်ကိုင်ဆောင်ရွက်လိုစိတ်တွေပါဝင်နေတဲ့ မွေးရာပါ သဘာဝဗီဇတစ်ခုဖြစ်ပါတယ်။ အရပ်ထဲမှာတော့ စပ်စုတယ်လို့ပြောကြတယ်။ ဒါပေမဲ့ စပ်စုတာနဲ့ စူးစမ်းလိုစိတ်နဲ့ကမတူပါဘူး။ ဒါကြောင့် စူးစမ်းလိုစိတ်ရှိ တဲ့ ကလေးတွေရဲ့ လက္ခဏာများထဲက အချက် (၄) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) မေးခွန်းတွေ မေးတတ်တယ်ကလေးတွေက “ဘယ်လိုလဲ” “ဒါကဘာလဲ” ဘာကြောင့်လဲ” “ဘယ်နေရာမှာလဲ” “ဘယ်အချိန်တုန်း ကလည်း” စတဲ့ မေးခွန်းတွေကို မေးကြပါတယ်။ ကလေးတွေက “ဟုတ်တယ်” “မဟုတ်ဘူး” မေးခွန်းတွေ ထက် အတွေးကိုဖွင့်ပြီးစဉ်းစားရတဲ့ မေးခွန်းတွေကိုသာ မေးလေ့ရှိကြတယ်။ အဲ့လိုမေးတဲ့အခါမှာ ဖေမေ၊ မေမေ၊ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ဆရာ၊ ဆရာမတို့က ဘယ်လိုပြန်ဖြေကြလဲ။ ကလေးတွေ မေးတဲ့အခါမှာ အကျိုးအကြောင်းရှင်းပြပြီး ပြန်ဖြေနိုင်တာ အကောင်းဆုံးဖြစ်ပြီး ဘာတွေမေးနေတာလဲလို့ ပြန်ဖြေလိုက် ရင် နောက်တစ်ကြိမ် မေးခွန်းတွေမေးမှာ မဟုတ်သလို သူတို့အတွေးတွေကိုလည်း ဖွင့်ပြီး စဉ်းစားတော့မှာ မဟုတ်တော့ပါဘူး။
(၂) တစ်ခါမှမလုပ်ဖူးတာတွေကို ရှာဖွေလုပ်ကိုင်တတ်ကြတယ်ကလေးတွေက အမြဲတမ်း တစ်ခါမှမလုပ်ဖူးတာတွေကို ရှာဖွေလုပ်ကိုင်တတ်ကြတယ်။ ဥပမာ – အစား အစာအသစ်တွေကို စမ်းသပ်စားကြည့်တာ၊ သူစိမ်းတွေကို စကားပြောတာ၊ လူကြီးတွေ တစ်ခါမှ မစဉ်းစားဖူးတဲ့မေးခွန်းတွေကို မေးတာ၊ ကမ္ဘာမြေပုံပေါ်လက်ထောက်ပြီး ကျတဲ့နေရာကို စိတ်ကူးယဉ်ပြီး အလည်အပတ်သွားကြည့်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ အဲ့အပြင် သူတို့တွေ့မြင်နေတဲ့ အရာတွေကို ကြည့်ပြီး ပုံပြင်တစ်ပုဒ်ရေးတာမျိုးစတဲ့ အပြုအမူတွေကို လုပ်ကိုင်တတ်ကြတယ်။ တစ်ယောက်ယောက် ဆီကနေ အမြဲတမ်းသင်ယူနေတယ်၊ ကြည့်နေတယ်၊ နောက်ကနေ လိုက်လုပ်ကြတယ်။ အဲ့ဒါကြောင့် ကလေးတွေက လူကြီးတွေဆီကနေ အတုယူကြတာဖြစ်တဲ့အတွက် လူကြီးတွေရဲ့လုပ်ဆောင်မှုတွေ မှန်ကန်နေဖို့လိုပါတယ်။
(၃) မသိဘူးလို့ပြောရမှာကို ဝန်မလေးဘူးကလေးတွေက ပွင့်လင်းတယ်။ မသိတဲ့အရာကို မသိဘူးလို့ပြောရမှာဝန်မလေးသလို သူတို့သိတဲ့ အရာ တွေကိုလည်း ပြောပြရမှာကို ကြောက်မနေပါဘူး။ သူတို့ရဲ့အမှားတွေကနေ သင်ယူတတ်တယ်။ ကလေး တွေရဲ့သင်ယူခြင်းရဲ့တစ်စိတ်တစ်ပိုင်းကတော့ ထိတွေ့ကိုင်တွယ်စမ်းသပ်ခြင်းကနေစတယ်။
(၄) အခြားသူတွေပြောနေတာကို နားထောင်ပြီး ပူးပေါင်းဆောင်ရွက်ကြတယ်ကလေးတွေက အခြားသူတွေပြောနေတာကို နားထောင်ပြီး အခြားသူတွေရဲ့ အတွေး၊ အမြင်တွေကို နားလည်ဖို့ ကြိုးစားကြတယ်။ စူးစမ်းတတ်တဲ့ကလေးတွေက တစ်ပါးသူကို အပြစ်မတင်ဘူး၊ မရှုံ့ချဘူး။ အမြဲကူညီပေးဖို့၊ အတူတူပူးပေါင်းဆောင်ရွက်ကြဖို့ အဆင်သင့်ရှိကြတယ်။ အတူတူပူးပေါင်း ဆောင်ရွက် ကြတဲ့အခါမှာလည်း အကောင်းဆုံးအဖြေကိုရှာဖွေကြပြီး ပူးပေါင်းဆောင်ရွက်ခြင်းကနေ ဆန်းသစ် တီထွင်တဲ့ အဆင့်ထိ ရောက်အောင် ဆောင်ရွက်ကြတယ်။ဖော်ပြခဲ့တဲ့အချက်တွေအပြင် အခြားအချက်တွေလည်း ရှိပါသေးတယ်။ ဒါဆိုရင် ကလေးတွေရဲ့ စူးစမ်းမှု တွေကို ရပ်တန့်မသွားအောင် ဘယ်လိုနည်းလမ်းတွေနဲ့ မြှင့်တင်ပေးလို့ရလဲဆိုတာကို နောက်ထပ် ဆောင်းပါးတစ်ခုမှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။ကျေးဇူးတင်ပါတယ်။
စာရေးသူ – ဆရာမသိမ့်မေတ္တာဖြင့် ဆာယာဖောင်ဒေးရှင်းအဖွဲ့သားများ….
Photo Credit – https://medium.com/…/curiosity-dies-every-minute-if-you…