“You reap what you sow”ဆိုတဲ့ စကားပုံလေးကို သိကြမယ်ထင်တယ်။ အဓိပ္ပါယ်ကတော့ ကိုယ်စိုက်ပျိုးတာ ကိုယ်ရိတ်သိမ်းရတယ်တဲ့။ မန်ကျည်းစေ့စိုက်ပြီး သရက်သီးကို မျှော်လင့်လို့မရသလို မကောင်းတာတွေလုပ်ပြီး ကောင်းတာလေးတွေရလာရင်ကောင်းမယ်လို့ မျှော်လင့်တာဟာလည်း မဖြစ်သင့်ဘူးပေါ့။ ကလေးပြုစုပျိုးထောင်ရာမှာရော၊ ကိုယ်ပိုင်အချိန်အသုံးပြုရာမှာပါ ဒီစကားပုံလေးရဲ့ သဘောတရားကို ထည့်သွင်း စဉ်းစားစေချင်ပါတယ်။

၁) အချိန်
ကျွန်မတို့အားလုံးဟာ မတူညီတဲ့ နောက်ခံအခြေအနေတွေ၊ ဘဝအခြေအနေတွေ၊ အကြိုက်တွေ တစ်ယောက်နဲ့တစ်ယောက် ဘာမှမတူညီကြပါဘူး။

ဒါပေမယ့် အားလုံးမှာ တူညီစွာ ရှိကြတာ အချိန်ပဲ။ အားလုံးဟာ တစ်ရက်မှာ ၂၄ နာရီ၊ တစ်ပတ်မှာ ၇ ရက် အချိန်ရကြတယ်။

တစ်နေ့တာ အချိန်တွေကို ဘယ်လို ဖြတ်သန်းလဲဆိုတာအပေါ်မူတည်ပြီး နောင်အနာဂါတ်မှာ ဘာဖြစ်မယ်ဆိုတာကို ဆုံးဖြတ်ပေးနိုင်တယ်။

ကျောင်းသူကျောင်းသားတွေဖြစ်ဖြစ်၊ အလုပ်ခွင်ထဲက လုပ်ဖေါ်ကိုင်ဖက်ဖြစ်ဖြစ် ကိုယ်ပိုင်အချိန်မှာ အကျိုးမရှိတဲ့လုပ်ငန်းလုပ်သူနဲ့ အကျိုးရှိတာလုပ်သူက မတူဘူး။

ကိုယ့်ဘဝတိုးတက်မှုကို လုပ်ဆောင်နိုင်သူဟာ အကျိုးမရှိတာတွေလုပ်နေသူထက် ပိုပြီး အောင်မြင်နိုင်ချေရှိတယ်။
—————————————————–
၂) မိသားစု

ကျွန်မတို့လို မိဘတွေ ဆရာ၊မတွေဟာ သားသမီးတွေ၊ တပည့်တွေကို ကောင်းမွန်သူ၊တော်သူဖြစ်စေချင်ကြတယ်။ အဲဒီ့ အတွက် ကျွန်မတို့က ပုံစံမျိုးစုံနဲ့ ပံ့ပိုးကြတယ်၊ တိုက်တွန်းကြတယ်။

ကျွန်မတို့ရဲ့ တိုက်တွန်းပုံ၊ ပံ့ပိုးပုံအပေါ်မူတည်ပြီး ကလေးရဲ့ အခြေအနေလည်း ပြောင်းလဲသွားနိုင်တယ်။

တော်စေချင်စိတ်နဲ့ ကလေးကို နှိုင်းယှဉ်ဆုံးမတာ၊ အားနည်းချက်ကို ဖိပြောတာတွေဟာ ကလေးကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်စေတယ်။

ကလေးရဲ့ အခြေအနေ၊ စိတ်ဝင်စားမှုနဲ့အညီ သင့်လျော်တဲ့ နည်းလမ်းနဲ့ ပံ့ပိုးနိုင်မယ်ဆိုရင် ကလေးအတွက် အထောက်အကူပိုဖြစ်တယ်။

ကိုယ်တိုင်က ကြိုးစားတဲ့မိဘ၊ မေတ္တာတရားကို လက်ကိုင်ထားတဲ့မိဘ၊ မျှတတဲ့မိဘ စတဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တွေ၊ ကောင်းမွန်တဲ့ ပြောဆိုပုံနဲ့ ကောင်းမွန်တဲ့ အတွေးအခေါ်တွေကို လက်တွေ့ကျင့်သုံးတယ်ဆိုရင် ကလေးတွေဟာ ပိုကောင်းတဲ့သူတွေအဖြစ် ဖြစ်ဖို့ အလားအလာရှိတယ်။
————————————–
ကျွန်မကတော့ ကိုယ်စိုက်ပျိုးတဲ့အရာကို ကိုယ်ရိတ်သိမ်းရတယ်ဆိုတာကို လက်ခံယုံကြည်တယ်။ ဒီကာလဟာ ကျွန်မတို့အတွက် အလွန်ခက်ခဲပါတယ်။ စိတ်ပိုင်း၊ရုပ်ပိုင်း အကုန်ထိခိုက်ရတယ်။ လူ့ဗာလတွေကြောင့် နိုင်ငံတစ်ခုတည်းမှာ နေထိုင်ရသူတွေထိခိုက်ရတယ်။ အဲဒီ့အတွက် ကောင်းမွန်တဲ့ ရလဒ်တွေကိုရဖို့ ကောင်းတာလုပ်တဲ့သူတွေ၊ ကောင်းရာတွေ ဖေါ်ဆောင်မယ့်သူတွေကို ပံ့ပိုးဖို့၊ အားပေးဖို့လိုတယ်။ အခုအချိန်မှာ မကောင်းတဲ့သူတွေကို အားပေးပြီး ကောင်းတာတွေကို စောင့်မျှော်တာကတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ကိုယ်တိုင်လည်း ကောင်းအောင်နေပြီး ဝန်းကျင်မှာလည်း ကောင်းမွန်အောင် ပံ့ပိုးပါမှ ကျွန်မတို့အားလုံး ကောင်းမွန်တဲ့ဘဝတွေရနိုင်မှာပါ။

ကောင်းမွန်သောအရာတွေ စိုက်ပျိုးပြီး ကောင်းခြင်း အသီးအပွင့်တွေ ခံစားနိုင်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ