ကလေးတွေကို ငေါက်ငမ်း ဆူဆဲပြီး ဇွတ် စာဖတ်ခိုင်းရတဲ့ အခြေအနေမျိုးတွေ မဖြစ်ချင်ဘူးဆိုရင် ဒီစာလေးကို ဆက်ဖတ်ပါ။
ကျွန်မတို့ ကျောင်းကို ပို့တယ်၊ ပညာသင်ယူခိုင်းတယ်ဆိုတာ ကလေးတွေ ကြီးပြင်းလာရင် လိုအပ်မယ့် ကျွမ်းကျင်မှု၊ဗဟုသုတတွေနဲ့ အတွေးအမြင်တွေ ရစေချင်လို့မဟုတ်ဘူးလား။ ကျောင်းသွားသူနဲ့ ကျောင်းမသွားသူ အကုန်အတူတူ ဖြစ်နေရင် ကျောင်းပို့ရတာ အလကားကြီးဖြစ်နေမှာပေါ့။ ကျောင်းကို သွားလကားကြီး မဖြစ်ရအောင် သိသင့်တာ၊တတ်သင့်တာတွေကို သိအောင် တတ်အောင် သင်ပေးဖို့ လိုတယ်။ သိသင့်တတ်သင့်တဲ့ အထဲက အရေးကြီးဆုံး တစ်ခုက “သင်ယူတတ်အောင် သင်ပေးခြင်း”ပဲ။ လွယ်လွယ်ပြောရင် ငါးပေးရုံတင်မက ငါးဖမ်းနည်းပါ သင်ပေးဖို့ပေါ့။
သင်ယူတတ်အောင် သင်ပေးမှ ကျောင်းပြီးရင်လည်း ဆက်သင်ယူတတ်မယ်၊ အလုပ်ခွင်ထဲမှာလည်း သင်ယူတတ်မယ်၊ ဘဝထဲမှာလည်း သင်ယူတတ်မယ်။ သင်ယူတတ်သူက တိုးတက်နိုင်ခြေ ပိုများတယ်၊ အောင်မြင်နိုင်တယ်၊ ပိုပြီး လူသားဆန်တယ်။
သင်ယူတတ်အောင် သင်ပေးတဲ့ နည်းတွေ အများကြီးရှိပါတယ်။ အဲဒီ့အထဲက အရေးကြီးဆုံးတစ်ခုက စာပေတွေကို ချစ်မြတ်နိုးပြီး စာပေထဲကနေ သင်ယူတတ်အောင်၊ စာပေကို အသုံးပြုပြီး ပိုကောင်းတဲ့သူဖြစ်အောင် လေ့ကျင့်ခြင်းပဲ။ အဲဒီ့ လေ့ကျင့်ခြင်းဟာ အစောဆုံး ကိုယ်ဝန်ဆောင်ချိန်ကတည်းက စနိုင်တယ်။
အရေးကြီးတာက ကလေးတွေကို ပုံမှန် စာဖတ်ပြဖို့ပဲ။ စာပေတွေကို အချိန်မှန် ဖတ်ပြတဲ့အခါ၊ ကလေးတွေက စာဖတ်ခြင်းကို စွဲလာတတ်တယ်။ ကော်ဖီသောက်နေကျလူက ကော်ဖီသောက်နေကျအချိန်ရောက်လာရင် ကော်ဖီလေး သောက်လိုက်ရမှနေသာထိုင်သာ ရှိသလိုပေါ့။ ကလေးတွေလည်း အချိန်မှန် စာဖတ်ပြတဲ့အခါ၊ စာအုပ်စာပေတွေနဲ့ ရင်းနီးလာတဲ့အခါ စာအုပ်တွေကို ဖတ်ခြင်းကို စွဲလာတယ်။ အိပ်ခါနီး အမြဲ စာဖတ်ပြရင် အကျင့်ဖြစ်လာတဲ့အခါ စာလေးဖတ်ပြီးမှ အိပ်ချင်တာမျိုး။
စာအုပ်စာပေတွေကို ကလေးတွေနဲ့ အချိန်မှန် ထိတွေ့စေပြီး စာအုပ်ထဲက အကြောင်းအရာတွေကို အပြန်အလှန် ဆွေးနွေးကြည့်တာမျိုး၊ သူတို့မေးခွန်းလေးတွေကို သိသလောက်ဖြေပြီး၊ မသိတဲ့အခါ အဖြေကို အတူတူ ရှာဖွေကြတာမျိုးတွေ၊ စာအုပ်ထဲက သိရတဲ့ မကောင်းတဲ့အရာတွေကို ရှောင်ကျဉ်ပြီး၊ ကောင်းတာလေးတွေ စမ်းလုပ်ကြည့်တာမျိုးတွေဟာ ကလေးတွေကို စာအုပ်စာပေစီကနေ သင်ယူမှုကို ရစေတယ်။
ကြီးလာတဲ့အခါ စာဖတ်သူနဲ့ စာဖတ်လေ့မရှိသူ ဗဟုသုတပိုင်း၊ အတွေးအခေါ်ပိုင်း သိပ်ကွာတတ်ပါတယ်။ စာအုပ်ဖတ်ခိုင်းရုံတင်မကဘူး ဆွေးနွေးမှုတွေ လုပ်လေ့ရှိရင် ပြောဆို ဆွေးနွေးမှုအပိုင်း၊ စကားလုံးအသုံးနှုန်းပိုင်းတွေပါပိုပြီး အားကောင်းကြတယ်။ အဲဒီ့အတွက် အလုပ်ခွင်ထဲမှာလည်း ပိုပြီး ထိရောက်စွာ လုပ်နိုင်မယ်၊ မျှဝေနိုင်မယ်။
ဒီတော့ ကလေးတွေကို စာဖတ်တတ်အောင်၊ စာဖတ်ခြင်းကို နှစ်သက်အောင်၊ စာဖတ်ပြီး သင်ယူမှု ထုတ်တတ်အောင် – ဆွေးနွေးတတ်အောင် သင်ပေးခြင်းဟာ သင်ယူတတ်ဖို့ သင်ပေးခြင်းလို့ ကျွန်မ ထင်မြင်မိပါတယ်။
ဘယ်တော့စဖတ်ရမလဲဆိုရင် – အခု စပါ။ စောနိုင်သလောက် စောအောင် စပါ။ ရှိတဲ့စာကို ဖတ်ပါ။ စာအုပ်တွေ အများကြီးမရှိရင်တောင် ငယ်စဉ်အချိန်မှာ ရှိတဲ့ စာအုပ်ကို ထပ်ခါ တလဲလဲ ဖတ်ပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ စာဖတ်ခြင်းကို ခုံမင်တဲ့ ကလေးတွေ များလာအောင် တွန်းအားပေးပါ။ ဖြစ်နိုင်ရင် ကိုယ့်ဝန်းကျင်က ကလေးတွေ စုပြီး စာဖတ်ဝိုင်းတွေ လုပ်နိုင်အောင် စွမ်းဆောင်ကြပါ။
ကျွန်မလည်း တတ်နိုင်သလောက် အခြားသူတွေကို ကူညီနေသလို ကိုယ်တိုင်လည်း ငါးလကျော် သားသားကို စာတွေ ပုံမှန် ဖတ်ပြဖြစ်တယ်။ သားသားက စာအုပ်တွေနဲ့ စတင်ပြီး ရင်းနှီးနေပြီ။ ကြီးလာရင် စာဖတ်ဖို့၊ သင်ယူဖို့ကို ဇွတ်မတွန်းချင်ဘူး။ သူဖာသာ စာမဖတ်ရ မနေနိုင်အောင် လုပ်ပြီး သူအရှိန်နဲ့သူ သင်ယူမှုတွေ ယူစေချင်တယ်။ ကျွန်မတို့ ကျွန်မတို့ ကလေးတွေကို စာအုပ်စာပေတွေကနေ သင်ယူတတ်အောင် သင်ပေးရအောင်နော်။
မေတ္တာဖြင့်..
Sayarma-ဆရာမ