အာဇာနည်နေ့မှာဖြစ်ဖြစ်၊ အာဇာနည်နေ့မတိုင်ခင်ဖြစ်ဖြစ်၊ အာဇာနည်နေ့အပြီး နောက်ရက်တွေမှာဖြစ်ဖြစ် ကျောင်းတွေမှာ အာဇာနည်နေ့နဲ့ပတ်သတ်တဲ့ ပွဲတွေလုပ်ကြတယ်၊ စာစီစာကုံးရေးပြိုင်ရတာတို့၊ ပန်းချီပြိုင်ရတာတို့၊ အာဇာနည်နေ့နဲ့ ပတ်သတ်တဲ့ သီချင်းတွေ သင်ကြတာ စသည်ဖြင့် လုပ်ကြတယ်။ အခု ကျွန်မက အဲဒီ့လုပ်ငန်းတွေ အပြင် အခြား ကလေးတွေနဲ့လုပ်နိုင်မယ့် အလုပ် ၁၀ ခုကို မျှဝေပေးမှာဖြစ်ပါတယ်။

၁) အာဇာနည် ရုပ်ပြ စာအုပ်

  • အာဇာနည်နေ့အကြောင်းမသင်ခင်မှာ ကလေးတွေကို မိမိကြိုက်နှစ်သက်သော အာဇာနည်တစ်ဦးအကြောင်း လူကြီးတွေကိုမေး၊ကိုယ်တိုင်စာတွေဖတ်ပြီး ကိုယ်လေ့လာထားတဲ့ အာဇာနည်တစ်ဦးအကြောင်း ရုပ်ပြစာအုပ်ရေးသားရမှာပါ။
  • အဖွဲ့လိုက်ဆိုရင် မြန်မာပြည်မှာရှိတဲ့ အာဇာနည်ကိုးဦးအကြောင်းအဖွဲ့အလိုက် လေ့လာခိုင်းပါ။ မိမိစိတ်ကြိုက်နည်းနဲ့လေ့လာလို့ရပါတယ်။ ပေးထားတဲ့ အချိန်အတိုင်းအတာအတွင်းမှာ အာဇာနည်ကိုးဦးအကြောင်း ရေးထားတဲ့ ရုပ်ပြစာအုပ်ကို အပြီးပြင်ဆင်ရေးဆွဲရမှာပါ။
  • မိဘ၊ဆရာက အချက်အလက်တွေ ပြောပြပြီးပြီဆိုရင်တော့ ကလေးတွေ အချက်အလက်ရှာဖွေတဲ့ အပိုင်းကို ကျော်ပြီး သူတို့ သင်ယူခဲ့ရတဲ့ အချက်အလက်တွေအပေါ်မှာ အခြား ညီငယ်ညီမငယ် (သို့မဟုတ်) အခြား ဒီအာဇာနည် တွေအကြောင်းမသိသေးတဲ့ သူတွေကို ဝေမျှပေးဖို့ ရုပ်ပြစာအုပ်လုပ်ခိုင်းပါ။

၂) ကျောင်းသား သူရဲကောင်းရှာဖွေခြင်း

  • အာဇာနည်တွေ သူရဲကောင်းတွေဆိုတာ အကြောင်းအရာတစ်ခုကို ထူးထူးချွန်ချွန်လုပ်နိုင်သူတွေ ဒါမှမဟုတ် စိတ်နှစ်ပြီး အနစ်နာခံပြီး အများအတွက်လုပ်ခဲ့သူတွေ စသည်ဖြင့် အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြပါတယ်။ ရှိခဲ့ပြီးသော သူရဲကောင်း အာဇာနည်တွေကို အလေးပြုဖို့အရေးကြီးသလို အနာဂါတ် အာဇာနည်လောင်းလျာများကိုလည်း ပျိုးထောင်ဖို့အရေးကြီးတဲ့အတွက် ဒီလုပ်ငန်းလေးကို မျှဝေပါတယ်။
  • ကလေးတိုင်းမှာ မတူညီတဲ့ အရည်အချင်း၊ ထူးချွန်မှုတွေရှိပါတယ်။ ကျောင်းသားတစ်ယောက်မှာ အရေးကြီးတဲ့ အရည်အချင်းတွေ၊စရိုက်လက္ခဏာတွေကို ကလေးတွေနဲ့အတူ ချမှတ်ကြည့်ပါ။ ဥပမာ – စုပေါင်းလုပ်ဆောင်ခြင်း၊ ကူညီခြင်း၊ တစိုက်မတ်မတ်လေ့လာသင်ယူခြင်း၊ ပျော်ရွှင်ခြင်း…။ ကလေးတွေအားလုံး သဘောတူတဲ့ အရည်အချင်းတွေကို အခြေခံပြီး စရိုက်လက္ခဏတစ်ခုချင်းစီမှာ ထူးချွန်တဲ့ကျောင်းသား၊သူတွေကို ရွေးချယ် ဂုဏ်ပြုပေးပါ။
  • ကျောင်းနဲ့ပတ်သတ်တာအပြင် အခြားထူးချွန်တဲ့အလုပ်တွေ၊ အများအကျိုးအတွက် လုပ်ဆောင်ခဲ့တာတွေ တွေ့ရင်လည်း မှတ်တမ်းတင်ထားလို့ရပါတယ်။ (ကျွန်မအရင်သင်ခဲ့တဲ့ကျောင်းမှာဆို – လအလိုက် ထူးချွန်တဲ့ လူမှုကူညီရေးလုပ်ငန်းလုပ်တဲ့ ကျောင်းသား၊သူတွေကို ဓါတ်ပုံလေးတွေ နာမည်တွေ ကျောင်းစာသင်ခန်းအပေါက်မှာ ကပ်ထားလေ့ရှိတယ်။)

၃)ရပ်ရွာသူရဲကောင်းများကို ချီးမြှောက်ခြင်း

  • ကျောင်းသူ၊သားဆိုတာ ကျောင်းအတွင်းထဲမှာပဲ ကျင်လည်ရတာမဟုတ်ပါဘူး။ ရပ်ရွာထဲကသူတွေထဲကလူတွေဖြစ်တဲ့အတွက် ရပ်ရွာ၊ပတ်ဝန်းကျင်နဲ့ထိတွေ့ဖို့လိုပါတယ်။ ကိုယ့်ရပ်ကွက်ထဲမှာ ကလေးတွေအတူတူ စဉ်းစားပြီး သတ်မှတ်ထားတဲ့ သူရဲကောင်း၊အာဇာနည်တွေရဲ့ စရိုက်လက္ခဏာမျိုးနဲ့ ကိုက်ညီတဲ့သူ (အချက်အချို့ကိုက်ညီတဲ့သူ)တွေကို ကလေးတွေကိုယ်တိုင် လေ့လာရှာဖွေခိုင်းပါ။ အဖွဲ့လိုက်ဖြစ်စေ၊ ကလေးတစ်ယောက်ချင်းစီကဖြစ်စေ အကြံပြုတဲ့ ရပ်ရွာသူရဲကောင်းများကို ပြန်လည် စီစစ်ပါ။ ဘာကြောင့် ရွေးချယ်ရသလဲဆိုတဲ့ အကြောင်းပြချက်တွေကို ခိုင်မာအောင်မေးပါ၊ဆွေးနွေးပါ။ နောက်ဆုံးရွေးချယ်ထားတဲ့ ရပ်ရွာသူရဲကောင်း (တစ်ယောက် သို့ ကြိုက်သလောက်) ကိုကျောင်းမှာ၊ စာသင်ခန်းမှာ ခေါ်ယူဂုဏ်ပြုခြင်း ဒါမှမဟုတ် သူတို့ဆီသွားပြီး ဂုဏ်ပြုခြင်းမျိုးပြုလုပ်နိုင်ပါတယ်။

၄) ကကြီး မှ အ အဆုံး အာဇာနည်၊သူရဲကောင်းများ စာရင်းပြုစုခြင်း

  • အာဇာနည်အဖြစ် တရားဝင်သတ်မှတ်ထားခြင်း ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ၊ ကလေးများကို ကကြီးမှ အ အဆုံး အက္ခရာစဉ်အလိုက် သူရဲကောင်းများ အမည်ကို ရှာဖွေ ရေးမှတ်စေပါ။ နာမည် အစဉ်အလိုက်ရေးမှတ်ပြီး ထိုသူတွေရဲ့ ဓါတ်ပုံ ဒါမှမဟုတ် ဘဝဇာတ်ကြောင်းတွေကိုပါ အကျဉ်းချုပ်ရေးမှတ်ပြီး စာသင်ခန်းအတွင်း ပြသလို့ရပါတယ်။

၅) အာဇာနည်၊သူရဲကောင်းများ၏ ဘဝသမိုင်းမြေပုံရေးဆွဲခြင်း

  • အာဇာနည်တွေရယ်လို့ အတူတူ အသိမှတ်ပြုခြင်းခံရပေမယ့် ဖြတ်သန်းလာရတဲ့ဘဝဇာတ်ကြောင်းမတူညီကြပါဘူး။ မတူညီတဲ့ ဘဝနေနည်း၊ပုံစံတွေရှိကြပေမယ့် ခံယူချက်တွေတူညီခဲ့လို့ တူညီတဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လမ်းခဲ့ကြတဲ့ အာဇာနည်တွေရှိပါတယ်။ ကလေးတွေလည်း အတူတူပါပဲ။ မတူညီတဲ့ ပျိုးထောင်မှုပုံစံတွေ၊ ကွဲပြားတဲ့ မိသားစုစရိုက်လက္ခဏာတွေရှိကြတယ်။ မတူညီမှုတွေက နေရာတိုင်းမှာရှိတယ်၊ တန်ဖိုးထားဖို့လည်းလိုတယ်။ ဒါကြောင့် အာဇာနည်တွေရဲ့ အကြောင်းကိုအဖွဲ့လိုက် လေ့လာပြီး ဘဝမြေပုံရေးသားစေပါ။ ဆိုလိုချင်တာကတော့ အချိန်မျဉ်းအလိုက် ဘယ်လိုတွေလုပ်ခဲ့တယ်၊ ဘာတွေဘယ်လိုဖြစ်ခဲ့တယ်ဆိုတာမျိုးပေါ့။ ပြီးရင် ကိုယ်တာဝန်ကျတဲ့ ခေါင်းဆောင်ရဲ့ ဘဝမြေပုံနဲ့ အခြားအာဇာနည်ရဲ့ဘဝမြေပုံကို နှိုင်းယှဉ်ပြီး တူညီတာတွေ၊ ကွဲပြားတာတွေကို ဆက်လက်ဆွေးနွေးနိုင်ပါတယ်။

၆) မိသားစုသူရဲကောင်းများ ဖေါ်ထုတ်ခြင်း

  • အာဇာနည်နေ့နဲ့ဆက်စပ်ပြီး အာဇာနည်ဆိုတာဘာလဲ၊ သူရဲကောင်းဆိုတာဘာလဲ၊ သူတို့တွေရဲ့ စရိုက်လက္ခဏာတွေကဘာလဲ စတာတွေကို ဆွေးနွေးပြီးတဲ့အခါ ကိုယ့်ဘဝထဲက သူရဲကောင်းတွေကိုလည်း အသိမှတ်ပြုပေးခိုင်းပါ။ မိသားစုထဲမှာ ဘယ်သူကတော့ ဘယ်လို သူရဲကောင်း လက္ခဏာတွေရှိတယ်ဆိုတာကို ဖေါ်ထုတ်ခိုင်းပါ။ ပြီးရင် ကိုယ့်မိသားစုထဲက ကိုယ်လေးစားရတဲ့ သူရဲကောင်း တစ်ယောက် သို့ အများကြီးအတွက် ပို့စ်ကဒ် ဒါမှမဟုတ် စာတိုလေးဖြစ်ဖြစ် ရေးပြီး အသိမှတ်ပြုခိုင်းပါ။

၇) တိုင်းရင်းသား၊ဒေသ၊ကိုးကွယ်ရာဘာသာ စသော မတူညီသည့် အာဇာနည်များကို အသိမှတ်ပြုခြင်း

  • အာဇာနည်လို့ပြောတဲ့အခါ ခေါင်းဆောင်ခဲ့တဲ့သူ၊ ထင်ရှားခဲ့တဲ့သူတွေကို အသိများပါတယ်။ လူဦးရေများတဲ့ တိုင်းရင်းသားတွေရဲ့ အာဇာနည်တွေကို ပိုသိကြတယ်။ လူနည်းစုတွေရဲ့ အာဇာနည်သူရဲကောင်းတွေကို အဖြစ်ပဲ သင်ပေးကြတယ်၊ သေချာသင်ပေးရကောင်းလည်းမသိကြဘူး။ ဒါကြောင့် ကလေးတွေကို တိုင်းရင်သား လူမျိုးစုအလိုက်၊ ဒေသအလိုက်၊ ကိုးကွယ်ရာဘာသာအလိုက် အဖွဲ့တွေဖွဲ့ပြီး ကိုယ့်အဖွဲ့နဲ့ဆိုင်တဲ့ ခေါင်းဆောင်တွေ၊ သူရဲကောင်းတွေကို စာရင်းပြုစု လေ့လာစေပါ။ ဒီလုပ်ငန်းမှာ အခက်အခဲကတော့ အချက်အလက်ရှာဖွေဖို့ဖြစ်မယ်ထင်တယ်။ ဒီလုပ်ငန်းအတွက် အချက်အလက်တွေကို ကျွန်မနဲ့မျှဝေပေးပါဦး။ ကျွန်မလည်း တတ်နိုင်သလောက် စုဆောင်းပြီး ပြန်လည်မျှဝေပေးပါ့မယ်။

၈) အာဇာနည်များ၏ဘဝဇာတ်ကြောင်းနှင့် ဆက်စပ်အချိန်ကာလ၊ဒေသသမိုင်းကို သုံးသပ်ခြင်း

  • အာဇာနည်တွေ သူရဲကောင်းတွေရဲ့ ဘဝဇာတ်ကြောင်း၊ ကျင်လည်ခဲ့တဲ့ အချိန်ကာလမှာ အခြား လူမှုရေး၊ နိုင်ငံရေး၊ စီးပါွးရေ၊ ယဉ်ကျေးမှု စတဲ့ အရာတွေက ဘယ်လို အခြေအနေတွေဖြစ်နေလဲဆိုတာကို လေ့လာရမှာပါ။ ဘယ်လို နိုင်ငံရေးအခြေအနေမို့ အာဇာနည်တွေက ဘာတွေကို ဘယ်လိုတွေလုပ်ခဲ့တယ်ဆိုတာမျိုးပေါ့။ ကာလတစ်ခုမှာ ကျင်လည်ခဲ့တဲ့ လူတွေရဲ့ စရိုက်၊အကျင့်၊ အလုပ်တွေက အဲဒ့ီကာလအတွင်းမှာဖြစ်ပျက်နေတဲ့ အခြားအရာတွေနဲ့ ချိတ်ဆက်မှုရှိတယ်ဆိုတာ သိမြင်နိင်ဖို့ပါ။

၉) ဖြစ်ရပ်များကို အစားထိုးလေ့လာခြင်း၊ အသွင်ပြောင်းစဉ်းစားခြင်း

  • အာဇာနည်တွေကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေထဲက တစ်ခုခု ပြောင်းလဲ လုပ်ဆောင်လိုက်ရင် ဘာဆက်ဖြစ်မလဲ၊ ဒါမှမဟုတ်၊ အာဇာနည်တစ်ယောက်ရဲ့ အကျင့်စရိုက်တစ်ခုကို ပြောင်းလဲလိုက်ရင် ဘာဖြစ်ခဲ့မယ်ထင်လဲ စတဲ့ မေးခွန်းမျိုးတွေကို ကလေးတွေကို မေးဖို့ပါ။ အခြေအနေတစ်ခုကို သမားရိုးကျ ပြန်သင်နေတာမျိုးထပ် ဘယ်အခြေအနေကို ပြင်ပြီး ဘယ်လို ပိုကောင်းအောင်လုပ်လိုက်မယ်ဆိုရင် ဘာတွေပိုကောင်းမလဲ၊ ဘာတွေ ကျဆင်းသွားမလဲဆိုပြီး တွက်ချက်တတ်တဲ့ စွမ်းရည်မျိုးကို ပေးချင်လို့ပါ။

၁၀) အာဇာနည်၊သူရဲကောင်းများ၏ စရိုက်လက္ခဏာများကို ဖေါ်ထုတ်ခြင်း

  • စရိုက်လက္ခဏာတွေကို ဖေါ်ထုတ်တဲ့အခါ အာဇာနည်အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ အာဇာနည်များရဲ့ အကြောင်းတွေကို ဖတ်ပြီး ဘုံတူညီနေတဲ့ အကျင့်စရိုက်၊လုပ်ဆောင်မှု၊ အတွေးအခေါ် စတာတွေကို ရှာဖွေဖေါ်ထုတ်ခိုင်းပါ။ ဘုံတူတဲ့အရာတွေအပေါ်မှာမှ ကလေးတွေ သဘောတူတဲ့ သူရဲကောင်း၊အာဇာနည်ရဲ့ စရိုက်လက္ခဏာတွေကို အကြောင်းပြချက်နဲ့အတူ ပြန်လည် စာရင်းပြုစုစေပါ။

ကျွန်မက အာဇာနည်၊သူရဲကောင်းတွေနဲ့ပတ်သတ်ပြီး ကျွမ်းကျင်တဲ့သူတစ်ယောက်မဟုတ်ပါဘူး။ သာမာန်ဆရာမတစ်ယောက်အနေနဲ့ အာဇာနည်နေ့လိုမျိုး နေ့ရက်မတိုင်ခင်၊ အာဇာနည်နေ့ကျင်းပအပြီးမှာ ကလေးတွေအတွက် လုပ်ပေးလို့ရမယ့် သင်ယူမှုလုပ်ငန်းကို စဉ်းစားပေးထားတာပါ။ ဒီလုပ်ငန်းတွေကို ကလေးတွေလုပ်ရရင် အာဇာနည်တွေအကြောင်း ကျက်နေစရာမလိုတော့ဘူး၊ ဖတ်စရာတွေကလည်း ပျင်းစရာကောင်းမနေတော့ဘူး၊ ကလေးတစ်ယောက်အတွက်လိုအပ်မယ့် သင်ယူမှုကျွမ်းကျင်မှုတွေလည်းရလာမယ်လို့ ကျွန်မမြင်လို့ မျှဝေလိုက်ပါတယ်။ အခြား သင်ယူမှုနည်းစနစ်တွေရှိရင်လည်း ကျွန်မနဲ့မျှဝေပေးပါဦး။ အာဇာနည်နေ့နဲ့ သက်ဆိုင်တဲ့ သင်ယူမှုလုပ်ငန်းတွေမလုပ်ခင်မှာ ဆရာ၊မ၊မိဘတွေကိုယ်တိုင် အာဇာနည်နေ့ဆိုတာဘာအတွက် ကျင်းပသလဲဆိုတာမျိုးလည်း လေ့လာထားဖို့လိုပါတယ်။

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဆရာမ

“Live as if you were to die tomorrow. Learn as if you were to live forever”—Mahatma Gandhi