ဘဝဆိုတာ အစိတ်အပိုင်းများစွာကို စုပေါင်းထားတဲ့ အရာလို့ ကျွန်မလက်ခံပါတယ်။ အမှတ်တရတွေ၊ အဖြစ်အပျက်တွေ၊ တွေ့ဆုံမှုတွေ၊ ခွဲခွါမှုတွေ … အများကြီးပါပဲ။ ကောင်းတာတွေရော၊ မကောင်းတာတွေရောပေါ့။
ကောင်းတာတွေကြုံတဲ့အခါ အလွန်ပျော်ပြီး၊ မကောင်းတာတွေ ကြုံတဲ့အခါ စိတ်ဓါတ်ကျနေယုံနဲ့ မလုံလောက်ပါဘူး။ ကောင်းတာကြုံရင် ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ၊ မကောင်းတာကြုံရင် မကောင်းတာတွေကို ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာကို စဉ်းစားလုပ်ဆောင်နိုင်မှ မျှတကောင်းမွန်တဲ့ ဘဝတွေကို ပိုင်ဆိုင်မှာပါ။
ကျွန်မတို့ ကလေးတွေကို ငယ်စဉ်ကတည်းက လုပ်ဆောင်မှုတိုင်း၊ ရလဒ်တိုင်းကို တန်ဖိုးထားတတ်အောင် သင်ပေးဖို့ လိုအပ်ပါတယ်။
ကိစ္စတိုင်းက အရေးပါတယ်။
အရေးမကြီးတဲ့ ကိစ္စဆိုတာ မရှိပါဘူး။ အရေးကြီးမှု အဆင့် မတူတာဘဲ ရှိတယ်လို့ မြင်တယ်။ ဥပမာ – ထမင်းစားတာ၊ ရေသောက်တာ၊ အိမ်သာသွားတဲ့ ကိစ္စမျိုးကလည်း အရေးပါတယ်။ စာသင်တာ၊ ကစားတာတွေကလည်း အရေးပါတယ်။ ထမင်းစားတဲ့အခါ အဟာရမျှတအောင် စားတတ်ဖို့၊ တနေ့တာအတွက် လုံလောက်တဲ့ ရေသောက်ဖို့ဆိုတာလည်း အရေးကြီးတယ်။ ဒါကြောင့် ကလေးတွေကို သူတို့လုပ်ဆောင်ရတဲ့ အလုပ်တိုင်းရဲ့ အရေးပါမှုကို သိအောင်၊ အသိမှတ်ပြုအောင် သင်ပေးပါ။ ကိစ္စသေးသေးလေးတွေရဲ့ အရေးပါမှုကို သင်ယူခဲ့ပါမှ ကြီးလာတဲ့အခါ သူတို့လုပ်တဲ့ အလုပ်တိုင်းကို တန်ဖိုးထားတတ်မှာပါ။
အမှားကနေ သင်ယူစေပါ။
လူဆိုတာ အမှားနဲ့ မကင်းပါဘူး။ မမှားအောင် ကြိုးစားလည်း မှားတဲ့အခါ ရှိကိုရှိမှာ။ ဆုံးရှုံးမှုတွေနဲ့ ကြုံတဲ့အချိန် ကြုံရမှာ။ အမှားအပေါ်မှာ သင်ယူပြီး ထပ်တူညီတဲ့ အမှားမရှိအောင်၊ ပိုကောင်းတဲ့ အရာတွေ လုပ်နိုင်အောင် သင်ယူမှ အောင်မြင် ပျော်ရွှင်နိုင်မှာပါ။ ဒါကြောင့် ကလေးတွေ မှားတဲ့အခါ၊ အမှားလုပ်တဲ့အခါ မဆူပါနဲ့။ ဘယ်လိုဖြစ်ပြီးမှားသွားလဲ၊ ဘယ်လိုပြောင်းလဲမှုလေးတွေလုပ်နိုင်ရင် အမှားနည်းသွားမလဲ၊ အမှားကို ဖြစ်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလဲဆိုတာကို စဉ်းစားတတ်အောင် သင်ပေးပါ။ မေးခွန်းတွေ မေးပါ။ ကလေးနဲ့ ဆွေးနွေးပါ။ အမှားလုပ်တိုင်း ပြန်လည်သုံးသပ်တတ်အောင် သင်ပေးခြင်းဟာ ဘဝအတွက် အရေးကြီးတဲ့ လက်ဆောင်ကို ပေးခြင်းပါပဲ။
ကိုယ်တိုင် စံပြဖြစ်ပါစေ။
အပေါ်မှာပြောခဲ့တဲ့ ကိစ္စတိုင်းရဲ့ အရေးပါမှုကို အသိမှတ်ပြုတာနဲ့ အမှားကနေ သင်ယူစေတာတွေဟာ လူကြီးတွေ ကိုယ်တိုင် ဘယ်လိုလုပ်သလဲဆိုတာအပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ ကလေးတွေကိုကျတော့ ဟိုဟာ လုပ်၊ ဒီလိုလုပ်နဲ့ပြောပြီး၊ ကိုယ်တိုင်ကကျ တလွဲလုပ်ရင် ထိရောက်မှာ မဟုတ်ပါဘူး။ ကလေးတွေဟာ အမြင်ကနေ၊ အကြားကနေ သင်ယူပါတယ်။ လူကြီးတွေလုပ်တာ ကြည့်တယ်၊ လူကြီးတွေ ပြောတာ နားထောင်တယ်။ ဆိုတော့ လူကြီးတွေ မဟုတ်တာလုပ်ရင်လည်း သင်တယ်၊ ကောင်းတာလုပ်တာလည်း သင်တယ်။ ကျွန်မတို့ လူကြီးတွေ အနေနဲ့ သင်တာတစ်မျိုး ကိုယ်တကယ်လုပ်တာ တစ်မျိုး မလုပ်ဖု့ိ အရေးကြီးပါတယ်။
ကျွန်မအတွက်ကတော့ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုှ မျှတတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ခြေလှမ်းတစ်လှမ်းချင်းစီရဲ့ တန်ဖိုးက အရေးကြီးတယ်။ လုပ်ငန်းတိုင်းကို တန်ဖိုးထားပြီး အကောင်းဆုံးလုပ်ဆောင်မယ်၊ အကောင်းဆုံးလုပ်ဆောင်တဲ့ ကြားကမှ မှားခဲ့ရင်လည်း သင်ယူမှုတွေ ထုတ်ယူမယ်၊ ပြီးရင် ပိုကောင်းအောင် လုပ်ဖို့ ဆက်ကြိုးစားမယ်။ ကျွန်မတို့ ကလေးတွေကိုလည်း အကောင်းဆုံး ကြိုးစားသင်ယူတတ်ဖို့ သင်ပေးနိုင်ရင် ပိုကောင်းတဲ့ ဝန်းကျင်၊ ပိုကောင်းတဲ့ အဝန်းအဝိုင်းတွေ ဖန်တီးနိုင်မယ်လို့ မျှော်လင့်မိတယ်။
ခြေလှမ်းတိုင်း တန်ဖိုးထားတတ်တဲ့၊ အမှားတွေကို ပြန်လည်သုံးသပ်တတ်တဲ့ အကျင့်ကောင်း လက်ဆောင်တွေကို သားသမီးတွေဆီ ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်…
Sayarma-ဆရာမ
Credit photo: https://kids.britannica.com/students/assembly/view/233380