ချစ်တတ်ကြသူတွေဟာ ကိုယ်ချစ်တဲ့သူကို ကိုယ်မရှိတဲ့အခါမှာတောင် ယုံကြည်မှုအပြည့်နဲ့နေနိုင်အောင် လုပ်ပေးနိုင်တဲ့သူတွေ ဖြစ်တယ်လို့ ဆရာတော် ဦးဇောတိက ဟောတာကြားနာဖူးတယ်။ အဲဒီ့ အကြောင်းအရာလေးကို ကြားမိကတည်းက ကျွန်မ တကယ် ယုံကြည်လို့ စိတ်ထဲမှာ စွဲနေခဲ့တာ။

ကျွန်မတို့တတွေဟာ အမြဲ အသက်ရှင်မယ့်သူတွေမဟုတ်ဘူး။ အခုလို အခြေအနေမျိုးဆို ပိုဆိုးသေးတယ်။ သေခြင်းတရားဟာ အချိန်နဲ့အမျှဖြစ်နိုင်တယ်။ ကိုယ်မရှိရင် မဖြစ်ဘူးဆိုတာမျိုးထက်၊ ကိုယ်မရှိလည်း ဖြစ်အောင် ဘယ်လိုလုပ်ပေးခဲ့မလဲဆိုတာကို ပြောင်းလဲ စဉ်းစားမှ ကျန်ခဲ့သူတွေကို ချစ်ရာရောက်မှာပေါ့။

ကျွန်မတွေ့ဖူးတယ်၊ ယောက်ျားသေသွားလို့၊ ကျန်ခဲ့တဲ့ မိန်းမက ဘာမှ လုပ်မစားတတ်ဘူး၊ ရှိတာလေးတွေ ထုခွဲစားသောက်ရတာမျိုး။ မိဘတွေ ရုတ်တရက် ဆုံးသွားတဲ့အခါ သားသမီးတွေ ဒုက္ခရောက် ကျန်ခဲ့တာမျိုး။ အမျိုးမျိုးပါပဲ။ ကိုယ်က ချစ်လို့ ချုပ်ချယ်တာ၊ ကိုယ်မရှိတော့မှ ဘာမှ မလုပ်တတ် မကိုင်တတ်ဖြစ်ပြီး ဒုက္ခရောက်။ အဲ့ဒါ ချစ်ရာမရောက်ဘဲ နှစ်ရာရောက်တာပေါ့။

ကျွန်မ မရှိတော့တဲ့အချိန် ကျွန်မချစ်တဲ့သူတွေ အကောင်းဆုံး ဆက်လက်နေထိုင်သွားနိုင်အောင် လုပ်ပေးရမယ်။ ဒီထဲမှာ ကျွန်မတု့ိရဲ့ သားသမီးတွေက အဓိကပေါ့။ သားသမီးတွေကို ပြုစုပျိုးထောင်တဲ့အခါ တစ်ချိန်လုံး ဟိုဟာ မလုပ်နဲ့၊ ဒီဟာမလုပ်နဲ့ဆိုပြီး တားနေမယ့်အစား ဘယ်အရာဟာ လုပ်သင့်တယ်၊ ဘယ်အရာဟာ မလုပ်သင့်ဘူး ဆိုတာ သူတို့ကို စဉ်းစားတတ်အောင်၊ ဆုံးဖြတ်ချက်ချတတ်အောင် သင်ပေးရမှာ။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ကြုံလာတာတွေကို ရင်ဆိုင်ရဲအောင်၊ ပြသနာတွေ ဖြေရှင်းတတ်အောင် သင်ပေးဖို့လိုတယ်။

ကလေးတွေကို ချစ်လွန်းလို့ ကျွန်မတို့က အကုန် လိုက်လုပ်ပေးတဲ့အခါ၊ ကလေးတွေက တစ်ခုခုဆို မိဘတွေကို မှီခိုချင်စိတ်ဖြစ်လာပြီး ကိုယ်တိုင် မလုပ်ချင်တော့ဘူး။ ဒါဟာ ကျွန်မအမြင်တော့ မမှန်ကန်တဲ့နည်းနဲ့ ချစ်တာ။ အကယ်၍ ကိုယ်က မရှိတော့ဘူးဆိုရင် ကလေးက မလုပ်တတ်၊ မကိုင်တတ်နဲ့ ကျန်နေရစ်မှာ။ ဒါကြောင့် ကလေးတွေကို တစ်ကယ်ချစ်ရင် ကိုယ်တိုင် လုပ်တတ်အောင်၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင် သင်ပေးဖို့လိုတယ်။

ကလေးတွေလိုပါပဲ၊ ကျွန်မတို့ မိသားစုထဲမှာလည်း ကိုယ်မရှိတော့တဲ့အချိန် သူတို့တွေ ကောင်းကောင်းရပ်တည်နိုင်ကြဖို့ကို လက်တွေ့လုပ်ခိုင်းတာ၊ အမှားကနေ သင်ယူခိုင်းတာတွေကို လုပ်သင့်တယ်။ တစ်ခုခုဆို လူကြီးတွေ ပြောတာ အမှန် ဆိုပြီး လုပ်လို့မရဘူး။ ကိုယ်က သူတို့နဲ့ အတူတူ အမြဲမရှိနိုင်ဘူးလေ။ ကိုယ်ရှိနေစဉ်မှာ၊ ကိုယ့်ရှေ့မှာ မှားပါစေ၊ ကိုယ်က ဘေးက ပြန်တည့်မတ်ပေးရင် အကျသက်သာမယ်လေ။

အချစ်စစ် အချစ်မှန်ဟာ ကိုယ့်ချစ်သူကို ပိုယုံကြည်မှုရှိစေတယ်၊ အမှားကနေ သင်ယူစေတယ်၊ ပြသနာတွေကို ဖြေရှင်းတတ်စေတယ်၊ လက်တွေ့လုပ်ဆောင်မှုတွေကို သုံးသပ်သင်ယူစေတယ်၊ တကိုယ်တည်းနေလည်း အဆင်ပြေစေတယ်။ ချစ်နည်းမမှန်ရင် ချုပ်ချယ်မှုဖြစ်ပြီး လမ်းမှားကိုရောက်စေတယ်၊ စိတ်ဖိစီးစေတယ်၊ အသုံးမကျသူလို ခံစားရစေတယ်၊ အမှားတွင်း ပိုနက်တတ်တယ်။

ကျွန်မကတော့ ကျွန်မတို့ မိဘတွေအချင်းချင်းရော၊ ကျွန်မတု့ိရဲ့ သားသမီးတွေအပေါ်မှာပါ ချစ်တတ်အောင် ချစ်စေချင်တယ်။ ကိုယ်က မှန်ကန်စွာ ချစ်ရင် ဘယ်အချိန် ဘာဖြစ်ဖြစ် နောက်ဆံတင်းစရာမလိုဘူး။ ကိုယ်မှန်ကန်စွာ ချစ်ခဲ့ရင် ကလေးတွေ အနာဂါတ်လှပမှာပဲ။
ဒါကြောင့် ကိုယ်တကယ် ချစ်ရင် ကိုယ့်ချစ်သူကို လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ရှိအောင် သင်ပေးပါ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင် လုပ်ပေးပါ၊ အမှားကနေ သင်ယူစေပါ၊ လိုတဲ့ထက်ပိုပြီး မကူညီပါနဲ့။

ကျွန်မတို့တွေ ချစ်တတ်သူတွေဖြစ်အောင် ကြိုးစားရအောင်…

မေတ္တာဖြင့်…
Sayarma-ဆရာမ