“ ဆရာ/မတွေဟာ ကျောင်းသားတွေရဲ့ ဘဝမှာ ဘယ်အတိုင်းအတာအထိပါဝင်ခွင့်ရှိနေသေးတာလဲ”

ဒီမေးခွန်းကို စဉ်းစားနေမိခဲ့တာကြာပါပြီ။ ခေတ်တွေပြောင်းလာတာနဲ့အမျှ ဒီမေးခွန်းအတွက် အဖြေဟာလည်း အမြဲပြောင်းလဲနေနိုင်ပါတယ်။

ဟိုးအရင်က ဆရာဆိုတာဘုရားနဲ့ တစ်ဂိုဏ်းတည်းမိဘနဲ့တစ်ဂိုဏ်းတည်းလို့ ယူဆခဲ့ကြတယ်။ အခုတော့ အဲ့အယူအဆတွေဟာ မှေးမှိန်လာပြီ။ ဆရာဆိုတာဝန်ဆောင်မှုပေးသူသာဖြစ်တယ်ဆိုတဲ့ အမြင်မျိုးလည်း တချို့က ဆိုလာကြတယ်။ မကျိုးမကန်းရင် တော်ပြီ၊ ရိုက်သာရိုက်ပါ ဆရာဆိုတဲ့ ခေတ်ကနေ ကျွန်မကလေးကို ရိုက်ရင်တရားစွဲမယ်ဆိုတဲ့ခေတ်ကို ရောက်လာခဲ့တယ်။ ခုတစ်လောမိဘတွေနဲ့ ဆရာ/ မတွေကြား ဖြစ်ကြတဲ့ ပြဿနာတွေကိုကြည့်ကြတဲ့အခါမှာလည်း ကလေးတွေကို ဆရာ/မတွေရဲ့ ကိုင်တွယ်ဆက်ဆံပုံအပေါ်မှာ အဓိကအားဖြင့် ပြဿနာတက်ကြတာကို ကြားရတွေ့ရပါတယ်။ ဒီတော့ ကလေးတွေရဲ့ ဘဝမှာ ဘယ်အတိုင်းအတာအထိ ဆရာ/မတွေဟာ ဆုံးဖြတ်ခွင့်ပါဝင်ခွင့်တွေရှိနေသေးလဲဆိုတာစဉ်းစားစရာဖြစ်လာပြီ။

မြန်မာ့အစဉ်အလာအယူအဆမှာက ဆရာဆိုတာ စာသင်ရုံနဲ့မရ “ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့” ဆိုတဲ့ တာဝန်တွေရှိနေတာဖြစ်ပါတယ်။ ဆရာဆိုတာ အတတ်ပညာ (knowledge) ကိုပေးရုံသာမက  နုလုံးလှဖို့၊ စိတ်ထားကောင်းဖို့အတွက်ပါ ပဲ့ပြင်ဆုံးမရမယ်ဆိုတာပါပါတယ်။ ဘေးမရောက်အောင်၊ လမ်းမှားမရောက်အောင် ကလေးရဲ့ လုံခြုံဘေးကင်းရေး၊ ဘဝလမ်းကြောင်းဖြောင့်ရေးအတွက်တွေပါတာဝန်ရှိတယ်ဆိုတဲ့ ကြီးမားတဲ့ တာဝန်တွေပြဌာန်းထားပါတယ်။ 

ဒီအချက်တွေဟာ ခေတ်ကာလပြောင်းလဲသွားလို့ပြောင်းလဲသွားလားဆိုတော့ အရင်းမူလသဘောတရားအရတော့ မပြောင်းလဲသေးဘူးလို့ဆိုရမှာပဲ။ မိဘတွေအနေနဲ့လည်း ကိုယ့်ကလေးကို အသိပညာပေးရုံသာမက စိတ်ထားကောင်းအောင်သင်ပေးတဲ့၊ ဘေးမသီရန်မခအောင် စောင့်ရှောက်ပေးတဲ့ ဆရာမျိုးကိုလိုချင်မှာပါပဲ။  ဒါပေမယ့်ခေတ်စနစ်နဲ့ အသိအမြင်တွေပိုပြီးတိုးတက်ပြောင်းလဲမှုကြောင့် ကလေးတွေကိုဆုံးမတဲ့နေရာမှာ ပြောင်းလဲလာရတာတွေတော့ရှိပါတယ်။

အခုဆိုရင် ကလေးအခွင့်အရေး၊ လူငယ်အခွင့်အရေး၊ လိင်စိတ်သဘာဝ စတာတွေနဲ့ပတ်သက်ပြီး ခေတ်ဟောင်းကထက်စာရင် ပိုသိလာကြတယ်။ ပိုသိလာကြတဲ့ အလျောက် ကလေးငယ်တွေကိုမရိုက်သင့်ဘူးဆိုတာကို သိလာကြပါတယ်။ အခြားနည်းလမ်းတွေနဲ့ သူ့ကို ပဲ့ပြင်ဖို့ကြိုးစားရမယ်ဆိုတာကို ပိုမိုနားလည်လာကြပါတယ်။ ဟိုးအရင်က မှားခဲ့တဲ့အမှားတွေကို ပြင်နိုင်လာကြတယ်။

ဒါကိုကြည့်ရင် ဘာမြင်ရသလဲဆိုတော့ ဆရာ/မတွေဆိုတာလည်း ပုထုဇဉ်လူသားတွေသာ ဖြစ်တာမို့ ကိုယ်ထင်တိုင်းမြင်တိုင်း အမှန်လို့ယူဆလို့မရဘူးဆိုတာကို သိထားရပါမယ်။ ဘုရားနဲ့ တစ်ဂိုဏ်းတည်းထားသော်လည်း ကိုယ်ဟာဘုရားမဟုတ်တဲ့အတွက် အရာအားလုံးမှာ ကိုယ်ထင်တိုင်းမြင်တိုင်းမမှန်ဘူးဆိုတာကို နှလုံးသွင်းထားရမှာပါ။ ဆရာ/မတိုင်းကတော့ မှန်ကန်တဲ့ လမ်းညွှန်ဆုံးမမှုမျိုးကိုပဲ ပေးချင်ကြမှာပါပဲ။ ဒါပေမယ့် ကိုယ်သိထားတာအမှားဖြစ်တဲ့အခါ အမှားတွေကို သွန်သင်မိတာမျိုးတွေဖြစ်နိုင်တယ်ဆိုတာကိုလည်းမမေ့သင့်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ကလေးရဲ့ ဘဝတိုးတက်ရေးအတွက်  သူတို့မိဘတွေလိုပဲ ကိစ္စအဝဝမှာတာဝန်ရှိတယ်လို့ခံယူထားရင် ကိုယ်သင်ပေးတာတွေ အမှားမဖြစ်ဖို့ကိုလည်း ဆရာ/မတွေဘက်ကအားထုတ်ရမှာပါ။

ကလေးတွေဘဝမှာ ပါဝင်ရမယ့်ဆိုတဲ့နေရာမှာလည်း ခေတ်ဟောင်းကလိုမျိုး သက်ဦးဆံပိုင်လို ငါကမိဘမို့ ငါကဆရာမို့ မင်းခေါင်းအစခြေဖျားအဆုံးငါပိုင်တယ်၊ ငါခိုင်းသလိုလုပ်၊ ငါထားသလိုနေဆိုတဲ့ ကျေးဇူးရှင် ဗီတိုအာဏာသုံးတာတွေကို စွန့်လွှတ်သင့်ပါပြီ။ သူတို့ရဲ့ ရွေးချယ်ခွင့်နဲ့ လွတ်လပ်ခွင့်ကိုတော့ တန်ဖိုးထားရမှာပါပဲ။ အခုအချိန်အထိ ကလေးငယ်တွေ၊ ရွေးချယ်ခွင့်တွေကို ဆရာ/မတွေရဲ့ မိဘတော်တော်များများက နားလည်လက်ခံပေးတာမျိုးအားနည်းနေကြပါသေးတယ်။

လိင်စိတ်သဘာဝနဲ့ ပတ်သက်တဲ့ကိစ္စမျိုးဆိုရင် အခုအချိန်အထိ လက်ခံဖို့ခက်ခဲကြပါသေးတယ်။ ဘယ်ခေတ်မှာမဆို လိင်စိတ်တိမ်းညွှတ်မှုမတူညီသူတွေဟာ ရှိခဲ့ကြတာပေမယ့် ခုခေတ်အထိဖိနှိပ်ဖို့ ကြိုးစားနေကြတုန်းပါပဲ။ ကလေးတွေကို ခွဲခြားဆက်ဆံခြင်းမရှိအောင်ဆုံးမရမယ့်အစားကိုယ်က စပြီး ခွဲခြားဆက်ဆံပြတတ်တာမျိုးတွေကြုံရကြားရတတ်ပါတယ်။ နောက်ဆုံး စဉ်းစားကြရင် ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်တပည့်အပေါ်မှာ ထားရှိအပ်တဲ့ မေတ္တာတရား၊ ဂရုဏာတရားနဲ့သာဆက်ဆံမယ်ဆိုရင် ဒီလိုဖြစ်မယ်မထင်ပါဘူး။

လူငယ်တွေ သမီးရည်းစားထားတဲ့ကိစ္စမျိုးဆိုရင်လည်း ဆရာ/မတွေက တော်တော်လေးကိုပါဝင်ကြပါတယ်။ အထက်တန်းကျောင်းမှာရည်းစားမထားရဘူးဆိုတဲ့ အတွေးအခေါ်မျိုးတွေရှိတတ်ကြပါတယ်။ စိတ်ပညာအရ ဆန့်ကျင်ဘက်လိင်ကို စတင်စိတ်ဝင်စားတဲ့အရွယ်မှာ သမီးရည်းစားထားတာကို အပြစ်လို့ယူဆတာဟာလည်း မှားယွင်းစွာဖိနှိပ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ တောင်တွင်းရှင်ငြိမ်းမယ်၊ ရှင်မဟာရဌသာရတို့ရဲ့ မေတ္တာဘွဲ့တွေထဲမှာ ဆယ့်သုံးနှစ်ဆိုရင် ချစ်ကြကြိုက်ကြတဲ့အကြောင်းရေးထားတာတွေကို ကျောင်းမှာ ပြဌာန်းသင်ကြားနေပြီးမှတော့ ဒီအသက်အရွယ် ရည်းစားမထားရဘူးလို့ ပိတ်ပင်ကြတာကတော့ သဘာဝမကျလှပါဘူး။

အရွယ်မတိုင်ခင် အိမ်ထောင်ကျတာမျိုး၊ အသက်မပြည့်ခင်ကိုယ်ဝန်ဆောင်ရတာမျိုးတွေကို စိုးရိမ်လို့ စေတနာနဲ့ ဆုံးမကြတာမှန်ပေမယ့် ဖိနှိပ်ထားရင် ပိုဆိုးဖို့အလားအလာပဲများပါတယ်။ ဒီလိုချိုးနှိမ်လိုက်တဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိလာနိုင်တယ်ဆိုတာ ပညာရှင်တွေကထောက်ပြခဲ့ကြပြီးပါပြီ။ ဒီနေရာမှာ ဆရာရော၊ မိဘရောဟာ မဖြစ်သင့်တာမဖြစ်အောင် ပွင့်ပွင့်လင်းလင်းသွန်သင်ကြဖို့လိုနေပါတယ်။ ဒီမှာလည်း ကိုယ့်ဘဝကိုယ်ပြန်စဉ်းစားကြည့်ပြီး လူငယ်တွေကို ကိုယ်ချင်းစာတရားနဲ့ နားလည်ကြဖို့လိုအပ်ပါတယ်။

အချုပ်ဆိုရရင် ဘယ်ခေတ်မှာမဆိုကလေးတွေ လူကောင်းသူကောင်းလေးတွေအဖြစ်ကြီးထွားအရွယ်ရောက်လာဖို့ဆရာ/မတွေမှာ တာဝန်ရှိပါတယ်။ ဒါဟာခေတ်တွေပြောင်းသွားလို့ ပြောင်းလဲသွားမယ့်အရာမဟုတ်ပါဘူး။

သို့သော်လည်း ဆရာ/မတွေဆိုတာလည်း ထပ်မံ့လေ့လာစရာမရှိကုန်စင်အောင်သိသူတွေမဟုတ်တာကြောင့် အသိမှားအမြင်မှားတွေရှိနိုင်တာကြောင့် ကိုယ့်ရဲ့ အတ္တနောမတိတွေနဲ့ မှားယွင်းစွာ ဆုံးမမိမှာမျိုးကိုသတိကြီးကြီးထားရပါမယ်။ ဒီလိုမဖြစ်အောင် စာအုပ်စာပေနဲ့ အသိပညာဗဟုသုတအမြဲ ရှာဖွေဆည်းပူးနေဖို့လိုသလို မေတ္တာ၊ဂရုဏာနဲ့ယှဉ်တဲ့ ဆုံးမမှုမျိုးဖြစ်အောင်ကြိုးစားအားထုတ်ရပါမယ်။

ဒီလိုဆုံးမပဲ့ပြင်တဲ့နေရာမှာလည်း ကလေးတွေ၊ လူငယ်တွေဆိုတာ ကိုယ်ပိုင်စဉ်းစားတွေးနိုင်စွမ်းရှိသူ၊ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေဖြစ်တယ်ဆိုတာကို နားလည်ထားပြီး သူတို့ကို လေးစားမှုနဲ့ဆက်ဆံဖို့လိုတယ်ဆိုတာကို ဆရာ/မများရော၊ မိဘများကပါ သဘောပေါက်နားလည်ကြဖို့လိုပါတယ်။

စာရေးသူ – ဆရာအောင်ကျော်ဖြိုး

မေတ္တာဖြင့်

Saya-ဆာယာ