မကြာခင်မှာ ခရစ္စမတ် ရောက်တော့မယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ရေးခဲ့တဲ့ ကလေးတွေအတွက် ခရစ္စမတ်ဆိုတာလေးကို ပြန်လည် ပြုပြင်ပြီး မျှဝေလိုက်ပါတယ်။ ခရစ်စ္စမတ်ဆိုတာ ခရစ်ယာန်တွေအတွက် ဘာသာရေးနဲ့ ရိုးရာယဉ်ကျေးမှုတွေ ရောယှက်နေတဲ့ ပွဲတော်တစ်ခုပါ။ ခရစ်ယာန်တွေအဓိက ပါဝင်ဆင်နွှဲကြပေမယ့် ခရစ်ယာန်မဟုတ်တဲ့သူတွေလည်း ဘာသာရေးအမြင်နဲ့မကြည့်ဘဲ ရိုးရာပွဲတစ်ခုအနေနဲ့ ပါဝင် ကျင်းပကြပါတယ်။ ဒီနေ့တော့ ခရစ်ယာန်ဘာသာဝင် ကလေးတွေရော၊ ခရစ်ယာန်ဘာသာဝင်မဟုတ်တဲ့ ကလေးတွေအတွက်ပါ ခရစ္စမတ်ပွဲတော်မှာ ပါဝင်စေနိုင်မယ့် လုပ်ငန်းလေး (၄)ခုကို မျှဝေပေးပါရစေ။၁) လက်ဆောင်အပြန်အလှန်ပေးအပ်ခြင်း ———————————————-သခင်ယေရှုဟာ လူသားတွေအတွက် ဘုရားသခင်က ပေးတဲ့ လက်ဆောင်ပဲဆိုတဲ့ ယုံကြည်ချက်ကြောင့် ခရစ္စမတ်ရောက်ရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လက်ဆောင်တွေပေးကြတဲ့ ဓလေ့လေး ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီ့ဓလေ့လေးက အခုလို ခက်ခဲတဲ့ ကာလအတွက် အရမ်းကို အသုံးဝင်တာ။ ကိုဗစ်နဲ့ နိုင်ငံရေး အခြေအနေတွေအကြောင့် ဒုက္ခပင်လယ်ဝေနေသူတွေအတွက် လက်ဆောင်တွေ ဝေငှပေးတာမျိုး၊ သူတို့အတွက် အသုံးဝင်မယ့် စားစရာ၊ နွေးထွေးစေမယ့် အနွေးထည်တွေ စသဖြင့် မျှဝေနိုင်ပါတယ်။ ကိုယ့်မိသားစုဝင်ဖြစ်ဖြစ် အိမ်နီးချင်းတွေကိုဖြစ်ဖြစ်လည်း ပေးလို့ရပါသေးတယ်။ လက်ဆောင်အပြန်အလှန်ပေးကြတယ်ဆိုတာ ဒါနပြုတတ်အောင်၊ တစ်ပါးသူကို အကျိုးပြုတတ်အောင်၊ သူများအတွက် စဉ်းစားပေးတတ်အောင်၊ မေတ္တာပေးတတ်အောင် သင်ပေးတဲ့ နည်းအဖြစ်နဲ့ ယူပြီး ဒီလုပ်ငန်းလေးကို ကလေးတွေအတွက် လုပ်ပေးနိုင်ပါတယ်။၂) လုပ်အားပေးခြင်း၊ အလှူဒါနတစ်ခုခုပြုလုပ်ခြင်း ——————————————————-ခရစ္စမတ်မှာ မိသားစုတွေ စုံညီကြတယ်။ အခုချိန်မှာ မိသားစုဝင်ဆုံးရှုံးသွားလို့ မိသားစုတွေ မစုံညီနိုင်ကြသူတွေလည်း အများကြီးပါ။ တစ်ချို့တွေက ဒီလို မိသားစုဆုံညီကြချိန်မှာ တစ်နေရာရာမှာ လုပ်အားပေးတာတွေ၊ အလှူဒါနလုပ်ကြတာတွေကလည်း ဓလေ့တွေ ထဲက တစ်ခုပါဝင်ပါတယ်။ ဒါကြောင့် ခရစ္စမတ် အထိမ်းအမှတ် အနေနဲ့ ကျောင်းမှာ တစ်ခုခု လုပ် အားပေးကြတာမျိုး၊ မိသားစုစုံစုံညီညီ တစ်ခုခု လှူဒါန်းပေးကမ်းကြတာမျိုးလုပ်လို့ရပါတယ်။ လုပ်အားပဲဖြစ်ဖြစ်၊ ပစ္စည်းပဲဖြစ်ဖြစ်၊ ငွေကြေးပဲဖြစ်ဖြစ် လိုအပ်နေသူ၊ လိုအပ်နေတဲ့နေရာကို ပေးလိုက်ရတဲ့ ခံစားချက်၊ အရသာဟာ ဘာနဲ့မှ လဲလို့မရတဲ့အရာဆိုတာကို ကလေးတွေသိလာအောင် ကူညီပေးနိုင်မယ့်လုပ်ငန်းမျိုးပါ။ သူငယ်ချင်းတွေ မိသားစုတွေ စုပြီး လုပ်အားပေးခြင်းကနေလည်း စည်းလုံးညီညွတ်ဖို့၊ တစ်ဦးနဲ့တစ်ဦး ပိုပြီး ရင်းနှီးစေတဲ့ အကျိုးရလဒ်တွေရနိုင်ပါတယ်။ လူကြီးတွေကပဲ ဦးဆောင်ပြီး လုပ်သင့်တာ ရွေးချယ်တာထက် ကလေး လူကြီး အားလုံးရဲ့ သဘောတူညီမှုနဲ့ အားလုံးရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့တော့ လိုပါတယ်။ ၃) ခရစ္စမတ် အရုပ်ကလေးတွေလုပ်ခြင်း ———————————————-ခရစ္စမတ်ပွဲတော်တွေမှာ ခရစ္စမတ် သစ်ပင်က အမြဲမပါမဖြစ်ပါတယ်။ ခရစ္စမတ် သစ်ပင်အောက်မှာ လက်ဆောင် ဗူးလေးတွေနဲ့ ကလေးတွေကို အံ့အားသင့်အောင် လုပ်ကြတယ်၊ အပြန်အလှန် လက်ဆောင် လဲလှယ်ဖို့အတွက် ထားကြတယ်။ သစ်ပင်ပေါ်မှာ ကံကောင်းခြင်း ပန်းခွေလေးတွေ(wreaths)၊ Ornaments လေးတွေ၊ ကြယ်လေးတွေ စသည်ဖြင့် အမျိုးမျိုးပုံဖေါ်ပြီး ချိတ်ဆွဲထားကြတယ်။ အဲဒီ့တော့ ခရစ္စမတ် ကာလအတွင်းမှာအသုံးပြုတဲ့ သစ်ပင်အသေးလေးတွေ၊ Raindeer ပုံ ခေါင်းဆောင်းလေးတွေ၊ Wreath လေးတွေ၊ Ornaments လေးတွေ စတဲ့ အရုပ်လေးတွေကို စက္ကူလေးတွေ၊ ပိုက်လေးတွေ၊ တုတ်ချောင်းလေးတွေ၊ တူလေးတွေ အသုံးပြုပြီး တီထွင်ခိုင်းလို့ရပါတယ်။ ကလေးတွေကို တီထွင် ဖန်တီးခိုင်းရင်း ဘာသာရေးဆိုင်ရာ အကြောင်းအရာတွေကို သင်ပေးလို့ရသလို၊ ကလေးတွေရဲ့ ဖန်တီးမှုစွမ်းရည်တိုးတက်ဖို့အတွက် ဦးစားပေးပြီး ဒီဇိုင်းအကြောင်း၊ အရောင်အကြောင်း၊ ပြင်ဆင်မှု ပုံစံ ဒီဇိုင်းတွေ အကြောင်းလည်း သင်ပေးလို့ရပါတယ်။ ၄) မျှော်လင့်ချက်တွေ မျှဝေစေခြင်း —————————————ခရစ္စမတ်ရဲ့ တန်ဖိုးထားမှုတစ်ခုက မျှော်လင့်ချက်တွေကို ရှင်သန်စေခြင်းဖြစ်ပါတယ်။ ကိုယ်လုပ်ခဲ့တဲ့အရာတွေကို ပြန်လည် သုံးသပ်ကြပြီး နောက်လာမယ့် နေ့ရက်တွေအတွက် မျှော်လင့်ချက်တွေကို မျှဝေကြတဲ့ အလေ့အထရှိပါတယ်။ အခုအချိန်မှာတော့ ကျွန်မတို့ လူကြီးတွေက အနာဂါတ်ပျောက်သလို ခံစားနေရမှာသိပါတယ်။ ဒါပေမယ့် ကျွန်မတို့ တတ်နိုင်သလောက် ကလေးတွေအတွက် လုပ်ပေးနိုင်သလောက် လုပ်ပေးကြမယ်နော်။ ကလေးတွေ မိသားစုနဲ့အတူဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အတူတူဖြစ်ဖြစ် ကိုယ်ကြုံတွေ့ပြီးသား ကောင်းသော အရာတွေကို ပြန်လည် အောက်မေ့စဉ်းစားခိုင်းမယ်၊ မျှဝေခိုင်းမယ်၊ ကိုယ်ဖြစ်ချင်တဲ့အရာတွေ လုပ်ချင်တဲ့အရာတွေကိုလည်း ဝေမျှခိုင်းပြီး ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို မိသားစုတွေကရော သူငယ်ချင်းတွေကရော ဘယ်လို ပံ့ပိုးကြမလဲဆိုတာမျိုးကို ဆွေးနွေးကြမယ်ဆိုရင် ကလေးတွေလည်း ပိုပြီးတော့ အပြုသဘောဆောင်တဲ့ အတွေးတွေ တွေးတတ်လာမယ်၊ ကိုယ့်ရဲ့ မျှော်မှန်းချက်တွေကိုလည်း တစ်ဖြည်းဖြည်း ပုံဖေါ်လာနိုင်မယ်၊ အခြားသူကို ပံ့ပိုးတတ်တဲ့ အကျင့်လည်း ရလာမယ်။ ကိုယ့်ရဲ့ ကောင်းမွန်တဲ့အတိတ်ဖြစ်ရပ်ထဲမှာ ကိုယ့်ကို ပံ့ပိုးကူညီဖူးသူတွေရဲ့ ကျေးဇူးကိုလည်း အောက်မေ့ပြီး ကျေးဇူးတင်ထိုက်သူကို ရဲရဲဝံ့ဝံ့ ကျေးဇူးတင်ရဲလာမယ်။ ခရစ္စမတ်ပွဲတော်ကာလဟာ ခရစ်ယာန်တွေအတွက်သာဆိုပြီး ပွဲတော်တွေမှာမပါဝင်တဲ့သူတွေလည်းရှိမှာပါ။ လူတိုင်းဟာ အယူအဆ အမျိုးမျိုးနဲ့ ရပ်တည်ကြတာမို့ လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်။ ကျွန်မ အထက်မှာ အကြံပြုခဲ့တဲ့လုပ်ငန်းတွေက တစ်ကယ်တော့ အခြားဘာသာတရားတွေရဲ့ ရိုးရာဓလေ့တွေ၊ တန်ဖိုးထားမှုတွေမှာလည်း ရှိပါတယ်။ ဒီလုပ်ငန်းတွေကို ဘာသာရေးအမြင်နဲ့ သင်ချင်သူကလည်း သင်နိုင်သလို၊ ယဉ်ကျေးမှုဓလေ့လေးတွေကို သိစေချင်တယ် လေ့လာစေချင်တယ်ဆိုပြီး သင်ပေးမယ့်သူတွေလည်း သင်နိုင်ပါတယ်။ ကိုယ့်ဘာသာ၊ ကိုယ့်ဓလေ့ကနေပဲဖြစ်ဖြစ်၊ ကိုယ်နဲ့မတူညီသော သူတွေ၊ မတူညီသော ယဉ်ကျေးမှုဓလေ့တွေဆီကနေ ပဲဖြစ်ဖြစ် အပြုသဘောဆောင်သော သင်ယူမှုတွေရယူပြီး ပိုကောင်းသောသူတွေဖြစ်ဖို့ ကြိုးစားနိုင်ကြသလို၊ ပိုကောင်းသော ကလေးတွေဖြစ်အောင်လည်း ပံ့ပိုးပေးနိုင်ကြပါစေလို့ ဆုတောင်းရင်း…မေတ္တာဖြင့်..Sayarma-ဆရာမမှတ်ချက်။ ။ ကျွန်မကို အချက်အလက်အချို့ပေးခဲ့တဲ့ စာစောင်တွေကိုလည်း ဖတ်ကြည့်နိုင်ပါတယ် ။ ခရစ္စမတ်နဲ့ပတ်သတ်တဲ့ တန်ဖိုးထားမှုလေးတွေ အကြောင်း https://www.smartparenting.com.ph/…/7-christmas-values…ငွေကြေအကုန်ကျ သက်သာပြီး ပျော်စရာကောင်းတဲ့ လုပ်ငန်းလေးတွေအတွက် https://www.familyeducation.com/…/12-days-fun-cheap…ခရစ္စမတ်နဲ့ဆိုင်တဲ့အရုပ်လေးတွေအတွက် အိုင်ဒီယာလိုချင်ရင် https://www.brightstarkids.com.au/…/20-easy-christmas…/Photo Credit – https://www.canvasfactory.co.nz/…/kids-christmas…/From <https://www.facebook.com/page/244456386304488/search/…>