သားသမီးတွေကို ကြင်နာတတ်တဲ့ကလေး၊ ပျော်ရွှင်တဲ့ကလေးဖြစ်ကြဖို့ ကျွန်မတို့ မိဘတိုင်းက မျှော်လင့်ကြပါတယ်။ ကလေးတွေ ပျော်ရွှင်စေမယ်ထင်တာ၊ သင်ယူစေမယ်ထင်တာတွေကို ကျွန်မတို့ နေ့စဉ် သိလျက်ဖြစ်ဖြစ်၊ မသိလိုက် မသိဖာသာဖြစ်ဖြစ် လုပ်တတ်ကြတယ်။ ဒီနေ့ကတော့ ကြင်နာတတ်တဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ သတိပြုစရာလေး (၄)ချက်ကို မျှဝေပေးချင်ပါတယ်။
ကြင်နာခြင်းလို့ပြောရင် ကျွန်မကတော့ နှလုံးသားဖြင့် တုန့်ပြန်ခြင်းလို့ ဘာသာပြန်ထားတာကို သဘောကျပါတယ်။ ကြင်နာခြင်းဆိုတာ ဝမ်းနည်းနေတဲ့သူရဲ့ ကျောလေးကို အသာလေး ပွတ်ပေးတာမျိုးလည်း ဖြစ်နိုင်သလို၊ ကိုယ့်မှာရှိတဲ့ အရာတစ်ခုကို မျှဝေပေးတာလည်းဖြစ်နိုင်တယ်။ ကြင်နာခြင်းဆိုတာ သူများကို နာကျင်မှာစိုးရိမ်ပြီး သူများကို ထိခိုက်မယ့် လုပ်ရပ်တွေ မလုပ်တာမျိုး၊ သူများအတွက် ကောင်းမယ့် လုပ်ရပ်မျိုးကို ရွေးချယ်တာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။
ကိုယ်တိုင်က ကြင်နာတတ်တဲ့ ခေါင်းဆောင်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေလိုအပ်သလို ကလေးတွေလည်း ကြင်နာတတ်တဲ့ ခေါင်းဆောင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေအဖြစ် ကြီးပြင်းလာကြရင် ကျွန်မတို့ လူ့အသိုင်းအဝန်းက ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ။
ကြင်နာတတ်တဲ့သူတွေ အဖြစ်ကြီးပြင်းဖို့ ….
၁) ကြင်နာခြင်းအကြောင်းကို သင်ပေးပါ။ သူတပါးအပေါ် စာနာ နားလည်ပြီး ကြင်နာတတ်သူဟာ ဘယ်လို ပြုမူတယ်ဆိုတာ မျှဝေပေးပါ။ ကလေးတွေမှာ မွေးကတည်းက စာနာစိတ်ဆိုတာက ရှိပြီးသားပါလို့ ကလေးစိတ်ပညာရှင်တွေက ပြောကြပါတယ်။ ဒါကြောင့်မို့လည်း တခါတလေ သူများငိုရင် ကလေးတွေ လိုက်ငိုတာတို့၊ သူများ ထိခိုက်မိရင် သူတို့ ဝမ်းနည်းတာမျိုးတို့ ဖြစ်တာပေါ့။ အသက် ၃-၄-၅နှစ်အရွယ်တွေဆိုရင် ကြင်နာခြင်းဆိုတဲ့ စကားလုံးက ဘာလဲဆိုတာမျိုးတွေကို ဆွေးနွေးကြတာမျိုးစတင်လုပ်ဆောင်နိုင်နေပါပြီ။ ဆွေးနွေးတဲ့အခါ ဥပမာတွေနဲ့ပြောပြပါ။ ကြင်နာခြင်း ဖြစ်ရပ်တွေ ကြုံတွေ့ရရင်လည်း သေချာ မျှဝေပေးပါ။
၂) တွေးတတ်အောင်သင်ပေးပါ။
ဒီလိုလုပ်ရင် ဘယ်လိုခံစားရမလဲ မသိဘူးနော် …ဆိုတဲ့ မေးခွန်းလေးတွေက ကလေးတွေအတွက် ကောင်းမွန်တဲ့ ကိုယ်ချင်းစာစိတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ပြသနာတွေကို ကြုံတွေ့မှပဲ ဖြေရှင်းဖို့ ကြိုးစားတာမျိုးမဟုတ်ဘဲ သူတို့ရဲ့ ဦးနှောက်နဲ့ တွေးတောမှု စနစ်ထဲမှာ ကိုယ်စား ခံစားပေးတတ်တဲ့ အကျင့်လေးပုံမှန်လုပ်ပေးရင် တကယ်ကြုံတွေ့လာတဲ့အခါ အကောင်းဆုံး၊ အကြင်နာဆုံး ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဟန်ဆောင်ကစားခြင်းဟာ သိပ်အရေးကြီးပါတယ်။ ငယ်စဉ်မှာ ကလေးတွေဟာ ကလေးအရုပ်လေးတွေနဲ့ သူတို့က လူကြီးတွေလိုသဘောထားပြီး ကစားကြတာမျိုးက ကလေးတွေရဲ့ ကြင်နာစိတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ကစားတဲ့အခါ အရုပ်လေးက ဘယ်လို ခံစားရမလဲနော်၊ ပြုတ်ကျသွားရင် နာသွားမှာပဲ၊ သူ့ကို သန့်သန့်ရှင်းရှင်းလေးဖြစ်အောင် ဘယ်လို ကူညီရင်ကောင်းမလဲ စတဲ့ မေးခွန်းလေးတွေက ကလေးတွေအတွက် အထောက်အကူ ပြုပါတယ်။
၃) ကိုယ်တိုင် ကြင်နာပါ။
ကလေးတွေက မသင်ဘဲနဲ့ သင်ပါတယ်။ ရှုပ်သွားလား။ ဟုတ်ပါတယ် – ကျွန်မတို့က ဒီလိုလုပ်ပါ၊ ဟိုလိုလုပ်ပါလို့ မသင်လည်း အမြင်အားဖြင့်၊ အကြားအားဖြင့်၊ အတွေ့အကြုံအားဖြင့် သူတို့ဖာသာ အမြဲမပြတ်သင်ယူနေပါတယ်။ ဒါကြောင့် အိမ်မှာ၊ သူတို့ဝန်းကျင်မှာ ရှိတဲ့သူတွေဟာ ကြင်နာတတ်သူတွေဖြစ်ဖု့ိ၊ ကိုယ်ချင်းစာတတ်သူတွေဖြစ်ဖို့၊ စာနာနားလည်ပြီး ဂရုစိုက်တတ်ကြသူတွေဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ လူကြီးတွေ အပြန်အလှန် အော်ဟစ်နေတာကိုပဲ မြင်နေရတဲ့ကလေးဟာ အော်ဟစ်ခြင်းဟာ သဘာဝပဲလို့ သင်ယူမှာပါ။ ကိုယ်တိုင်က သူများတွေကို ကူညီတဲ့အခါ ကလေးတွေကို ပါဝင်စေပါ။ ကလေးတွေနဲ့အတူတူ လုပ်ဆောင်တာတွေဟာ သူတို့ကိုပိုမို သင်ယူစေပါတယ်။
၄) ကြင်နာခြင်းဟာ အမြဲ မလွယ်ကူဘူးဆိုတာ သင်ပေးပါ။
ကြင်နာဖို့ သင်ပေးတာ၊ သူများတွေကို စာနာနားလည်တယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အမြဲတမ်းလုပ်ဖု့ိ မလွယ်ကူနိုင်ပါဘူး။ အဲဒါဟာ တဖက်လူရဲ့ ပုံစံ၊ ဖြစ်ပျက်နေတဲ့အခြေအနေနဲ့ ကိုယ့်ရဲ့ ခံစားချက်တွေအပေါ်မှာအများကြီးမူတည်ပါတယ်။ ဒါကြောင့် တခါတလေ ပြသနာဖြစ်တာတွေ၊ မှားယွင်းတာတွေအပေါ် အပြစ်တင်လို့မရပါဘူး။ ကလေးတွေရဲ့ အပြုအမူနဲ့ ကလေးနဲ့ကို ခွဲခြားမြင်ပေးပါ။ ကလေးကို ဆုံးမတဲ့အခါ၊ သင်ပေးတဲ့အခါ ကောင်းတဲ့ အပြုအမူ၊ ဆိုးတဲ့အပြုအမူအပေါ်မူတည်ပြီးပြောပါ။ ဆိုးတဲ့ ကလေးမရှိပါဘူး။ မကောင်းတဲ့ အပြုအမူကို လုပ်တတ်တဲ့ ကလေးဆိုတာပဲ ရှိပါတယ်။ အပြုအမူကို အခြေပြုပြီးဆုံးမဖို့နဲ့ ကြင်နာခြင်းဆိုတာ အမြဲ မလွယ်ကူဘူးဆိုတာကိုယ်တိုင် သတိပြုဖို့လိုပါတယ်။
ဘယ်လိုပဲ ခက်ခဲပါစေ – ကြင်နာတတ်တဲ့ – နှလုံးသားနဲ့ နားထောင်ပြီး ကောင်းမွန်စွာ ပြုမူတတ်တဲ့ ကလေးတွေဖြစ်အောင် ပြုစုပျိုးထောင်ဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ဒါမှလည်း ကျွန်မတို့ နေထိုင်ရာ လူ့ဝန်းကျင်ဟာ သာယာ ငြိမ်းချမ်းမှာပေါ့။ တစ်ယောက်ကိုတစ်ယောက် စာနာနားလည်ပြီး ကူညီရိုင်းပင်းတတ်တဲ့ အဝန်းအဝိုင်းလေးမှာ အတူတူ ရှင်သန်နိုင်ဖို့ ကလေးတွေကို ကြင်နာတတ်အောင် သင်ပေးကြပါ။ ကိုယ်တိုင်လည်း ကြင်နာတတ်ပြီး ကြင်နာခြင်းကို သင်ကြားနိုင်ကြပါစေ။
မေတ္တာဖြင့်…
Sayarma-ဆရာမ
Photo credit – https://www.kindco.org/…/9-books-that-teach-kindness-to…