မူကြိုနဲ့ သူငယ်တန်းအရွယ် ကလေးအချို့ကို ကျွန်မ စာသင်ပေးဖြစ်တယ်။ အခြားအလုပ်တွေ အရမ်းများနေတာမို့ တစ်ပတ်ကို နှစ်ရက်ပဲ သင်ပေးနိုင်ပါတယ်။ ကျွန်မကလေးတွေကို သင်တဲ့အခါ အမြဲ ထည့်သွင်း စဉ်းစားတဲ့ ချဉ်းကပ်ပုံနဲ့ တန်ဖိုးထားမှုကို မျှဝေပေးချင်ပါတယ်။ အတန်းငယ်မှမဟုတ်ဘူး၊ အတန်းကြီးတွေ သင်တဲ့သူတွေအတွက်လည်း အသုံးဝင်မယ် ထင်ပါတယ်။
Approach (ချဉ်းကပ်ပုံ) : Theme Based Learning
ကလေးတွေကို ကျွန်မက ခေါင်းစဉ်အခြေပြု သင်ကြားပါတယ်။ ခေါင်းစဉ်တွေ၊ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေနဲ့ သင်ခန်းစာတွေကို ချိတ်ဆက်ပြီး သင်ကြားပေးလို့ ခေါင်းစဉ်အခြေပြုသင်ကြားခြင်းလို့ခေါ်တာပါ။ ဥပမာ – ကိုယ်ခန္ဓာအကြောင်းကို ဦးတည်ထားတယ်ဆိုရင် ကိုယ်ခန္ဓာနဲ့ပတ်သက်တဲ့ ဝေါဟာရတွေ၊ ကိုယ်ခန္ဓာနဲ့ပတ်သက်တဲ့ ကာကွယ်ရမယ့်အကြောင်းတွေ၊ လက်ချောင်းလေးတွေရေတွက်တာတွေ စသဖြင့် ချိတ်ဆက်သင်ကြားတာပါ။
သူ့ရဲ့ အားသာချက်က ကလေးတွေ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေနဲ့ သူတို့ကို သင်ပေးဖို့လိုတဲ့ အရေး၊ အဖတ်၊အတွက်၊အချက်တွေကို မသိလိုက်မသိဖာသာ ချိတ်ဆက်သင်ကြားနိုင်တာပါ။ အဲဒီ့အတွက် ကလေးတွေဟာ စာသင်နေတယ်ဆိုတဲ့ ခံစားချက်မရဘဲ စကားတွေပြောနေကြတယ်၊ ဆော့ကစားနေရတယ်ဆိုတဲ့ ခံစားချက်ပေးလို့ ပေါ့ပေါ့ပါးပါး သင်ယူခွင့်ရပါတယ်။
ဆရာ၊မတွေအနေနဲ့လည်း အဆင်ပြေသလို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲသင်ကြားလို့လွယ်တယ်။ ဒါပေမယ့် သေချာ မပြင်ဆင်ထားရင် သင်ခန်းစာတွေ ချိတ်ဆက်မှုမှာ အားနည်းနိုင်တယ်။
Value (တန်ဖိုးထားမှု) : Independence, Freedom, Fun, Creativity, Connections, Healthy Learning
သင်ကြားရေးလုပ်တဲ့အခါ ကျွန်မက ကိုယ်ကိုကိုယ်အားကိုးနိုင်မှု၊ လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ တီထွင်ဖန်တီးနိုင်မှုနဲ့ ချိတ်ဆက်နိုင်မှုတွေကို အဓိက တန်ဖိုးထားပြီး လုပ်ဆောင်ဖြစ်ပါတယ်။ ဒီထဲက သုံးခုကို အသေးစိတ်မျှဝေပါ့မယ်။
Independence -ကိုယ့်ကိုကိုယ်အားကိုးနိုင်မှု – စာသင်နေချိန်မှာ ကလေးဟာ ဘေးက လူကြီးရဲ့ အဖြေအပေါ် အားကိုးတာမျိုး၊ ဘေးကလူကြီးရဲ့ ကူညီမှုကိုအမြဲ မျှော်ကိုးတာမျိုးကို ကျွန်မ မလိုလားပါဘူး။ ကလေးတွေဟာ သူတို့ စွမ်းနိုင်သလောက် သူတို့လုပ်နိုင်တာကို သူတို့ကိုယ်တိုင်လုပ်တတ်သင့်တယ်လို့ ကျွန်မယူဆတယ်။ ဒါကြောင့် ဘေးက မိဘတွေ လူကြီးတွေထက် ကိုယ်တိုင်ဖြေတာ၊ ကိုယ်တိုင်လုပ်ဆောင်တာကို အားပေးပါတယ်။ ဥပမာ – ကလေးတွေက အရမ်း တက်ကြွလို့ ဆူညံတဲ့အတွက် emoji လေးတွေနဲ့ လက်ထောင်တာ သင်ဖို့၊ zoom မှာ emoji တွေနဲ့ ကစားတဲ့ လေ့ကျင့်ခန်းလေးတွေ သီးသန့် အရင်လုပ်ပါတယ်။ ပြီးရင် သူတို့ကို ကိုယ်တိုင် လုပ်စေပါတယ်။ ဒီလို လုပ်ငန်းသေးသေးလေးတွေမှာ စပြီး ကိုယ်တိုင်လုပ်ခိုင်းမှ ဖြေးဖြေးချင်း ကလေးတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတဲ့ ကလေးတွေ ဖြစ်လာသလို၊ ကိုယ့်ကိုကိုယ် အားကိုးလုပ်ဆောင်နိုင်တဲ့ သူတွေဖြစ်မှာ။
Freedom – လွတ်လပ်မှု – ကျွန်မအတန်းထဲက ကလေးတွေဟာ စိတ်ကို ချုပ်တည်းထားရတာ၊ မလွတ်မလပ်ဖြစ်နေတာမျိုးကို ကျွန်မ မလိုလားပါဘူး။ ကလေးတွေရဲ့ စိတ်ဟာ လွတ်လပ်နေမှ သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေ တက်တယ်။ သူတို့ရဲ့ စိတ်လွတ်လပ်မှ စိတ်ပိုင်းဆိုင်ရာ လုံခြုံတယ်။ ဒါမှ သင်ပေးလို့ လွယ်တယ်။ ကျွန်မ စာသင်ချိန်မှာ ကလေးတွေကို မုန့်စားခွင့်ပြုတယ်၊ လှုပ်ရှားခွင့်ပြုတယ်၊ ထင်မြင်ချက်တွေ ပြောခွင့်ပြုတယ်။ သူတို့ စာသင်ချိန်မှာ မုန့်စားတာ၊ လှုပ်ရှားတာတွေဟာ အခြားသူတွေရဲ့ ပညာသင်ယူမှုကိုလည်း မထိခိုက်ဘူးဆိုရင် ဘာမှမဖြစ်ဘူးလေ။ ကျွန်မစာသင်တဲ့အတန်းက မနက် ၉ နာရီ။ ဆိုတော့ အိပ်ယာထ နောက်ကျတဲ့ ကလေးတွေဆို စာသင်ရင်း မုန့်စား၊ မုန်းစားရင်းဆွေးနွေးလုပ်ကြရတာပဲ။ ကျွန်မ အတွက်ကတော့ သူတို့လွတ်လပ်စွာ သင်ယူနေခြင်းဟာ အရေးကြီးဆုံးပါပဲ။
Healthy Learning – ကျန်းမာစွာ သင်ယူမှု – အထူးသဖြင့် အွန်လိုင်းတန်းတွေ ကြာကြာတက်ရင် ကလေးတွေရဲ့ မျက်စိတွေထိခိုက်လာတယ်။ သင်ယူမှုဟာ အရေးကြီးသလို ကျန်းမာဖို့ကလည်း အရေးကြီးတယ်။ ဒါကြောင့် ကလေးတွေကို စာသင်ချိန်မှာ လှုပ်ရှားရတဲ့ လုပ်ငန်းတွေအမြဲထည့်ပေးတယ်။ အတန်းစစချင်းမှာ ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းလုပ်တယ်။ အတန်းအလယ်ခေါင်မှာ တခုခုကို ထယူတာမျိုး၊ လှုပ်ရှားရတာမျိုးကို လုပ်ခိုင်းတယ်။ အတန်းအဆုံးမှာ မျက်လုံးအတွက် ကိုယ်ခန္ဓာအတွက် လေ့ကျင့်ခန်းလုပ်တယ်။ အခုဆိုရင် ကလေးတွေ တစ်ယောက်ချင်းစီက သူတို့ကြိုက်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ရင်း အတန်း တစ်တန်းလုံးကို ဦးဆောင်တယ်။ဒါဟာ ကျန်းမာစွာ သင်ယူဖို့အတွက်အထောက်အကူပြုသလို ကလေးတွေရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုကိုလည်း မြှင့်တင်ရာရောက်ပါတယ်။
ဆရာမ တစ်ယောက်နဲ့ တစ်ယောက် ချဉ်းကပ်ပုံနဲ့ တန်ဖိုးထားမှုတွေ မတူနိုင်ပါဘူး။ ကိုယ် ယုံကြည်တဲ့အတိုင်း၊ ကိုယ့်ရဲ့ သင်ကြားမှုပုံစံက ကွာဟသွားနိုင်ပါတယ်။ အခုမျှဝေခဲ့တာကတော့ ကျွန်မရဲ့ ကလေးငယ်တွေကို သင်ကြားတဲ့ ပုံစံပါ။ လူကြီးတွေကို သင်တဲ့အခါဖြစ်ဖြစ်၊ ခေါင်းစဉ်မတူတဲ့အကြောင်းအရာတွေကို အသက်အရွယ်မတူတဲ့သူတွေကို သင်တဲ့အခါ သင်ယူသူအပေါ်မူတည်ပြီး ပြောင်းလဲ လုပ်ဆောင်ရပါတယ်။
ကျွန်မ ဘဝမှာ ကလေးတွေရဲ့ သင်ယူမှု၊ ပျော်ရွှင်မှုတွေဟာ ဘာနဲ့မှ လဲမရတဲ့ ဂုဏ်ယူစရာ အဖြစ်အပျက်တွေပါ။ ကျွန်မမှာ ဘယ်လောက် ခက်ခဲတဲ့ အခြေအနေကြုံပါစေ၊ စိတ်ဖိစီးမှုတွေရှိနေပါစေ၊ ကလေးတွေနဲ့ တွေ့ပြီး စာသင်လိုက်ရင် အကုန် ပျောက်သွားသလို ခံစားရတယ်။ စာသင်တဲ့အခါ ကလေးတွေကို သင်ဖို့ စာတွေ ပြန်ဖတ်ခွင့်ရတယ်၊ လေ့လာခွင့်ရတယ်။ သူတို့တွေအတွက် အကောင်းဆုံးဖြစ်အောင် စဉ်းစားရင်း စွမ်းရည်တွေတက်လာတယ်။
ဆရာတွေဟာ တပည့်တွေအတွက် ကျေးဇူးကြီးမားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဆရာတွေနဲ့ တပည့်တွေက သင်ကြားသင်ယူမှု ဖြစ်စဉ်မှာ အတူပူးပေါင်းကြရင်း အပြန်အလှန် သင်ယူမှု၊ ပျော်ရွှင်မှု၊ တိုးတက်မှုကို ပေးစွမ်းတာမို့ အပြန်အလှန် ကျေးဇူးတင်ထိုက်တယ်ဆိုရင် ပိုမှန်မယ် ထင်ပါတယ်။ ကျွန်မရဲ့ ဆရာမ ဘဝမှာ ကိုယ့်ကို ပျော်ရွှင်မှုတွေပေးတဲ့၊ စာသင်ခွင့်ပေးတဲ့သူတွေကို သိပ်ကျေးဇူးတင်ရပါတယ်။ ဆရာတွေနဲ့ တပည့်တွေ အပြန်အလှန် ကျေးဇူးတင်တတ်ကြပါစေ။
မေတ္တာဖြင့်…
Sayarma-ဆရာမ