လူသားများသည် မိမိစိတ်ကြိုက် ရွေးချယ်ခွင့် ရှိသည့်အခါ ပိုမိုတက်ကြွ တတ်သည်မှာ သဘာဝပင်ဖြစ်ပါသည်။ ကျွန်ကျွန်မတို့ ငယ်စဉ်ကပင် အမေဝယ်ပေးသော အဝတ်အစားကို ဝတ်ရသည်ထက် မိမိ စိတ်ကြိုက်ဝယ်ယူထားသော အဝတ်အစားကို ဝတ်ရန် ပိုမို စိတ်အားထက်သန်ကြပါသည်။ မိမိရွေးချယ်သော အရာဖြစ်သောကြောင့် ပိုမိုတန်ဖိုးထားကြပါသည်။
ကျောင်းသင်ခန်းစာများကိုလည်း အလားတူရှုမြင်နိုင်ပါသည်။ ဆရာမှ မိမိသင်ကြားချင်သော အကြောင်းအရာကို သင်ကြားခြင်းထက် ကျောင်းသားကျောင်းသူများ မေးမြန်းသော စိတ်ပါဝင်စားသော သင်ခန်းစာများကို ရွေးချယ်သင်ကြားခြင်းသည် ကျောင်းသားကျောင်းသူ၏ စိတ်ပါဝင်စားမှု ပူးပေါင်းပါဝင်မှုကို ပိုမိုရရှိစေပါသည်။ ကျောင်းသားကျောင်းသူများ၏ စိတ်ပါဝင်စားမှု ပူးပေါင်းပါဝင်မှု သည် သင်ခန်းစာ၏ အောင်မြင်မှုအတွက် အထူးအရေးကြီးပါသည်။ စိတ်ပါဝင်စားမှု မရှိပါက သင်ခန်းစာကို ကောင်းမွန်စွာ လိုက်ပါလုပ်ဆောင်မှု အားနည်းနိုင်ပါသည်။ ထို့ကြောင့် သင်ခန်းစာ အသစ်မစတင်မီ ကျောင်းသားကျောင်းသူများစိတ်ပါဝင်စားသော ခေါင်းစဉ်ကို မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများပြုလုပ်ပြီး ကျောင်းသားကျောင်းသူများကို မိမိတို့ သင်ယူမည့် အကြောင်းအရာကို ရွေးချယ်စေနိုင်ပါသည်။
ကျောင်းသားကျောင်းသူများကို ရွေးချယ်ခိုင်းသည်ဆိုရာတွင် အလွတ်သဘော ကြိုက်နှစ်သက်သည်များကို ပြောဆိုရွေးချယ်ခိုင်းခြင်းမျိုး မဟုတ်ဘဲ ဆရာမှ ဦးဆောင်ပြောကြားသော အကြောင်းအရာများထဲမှရွေးချယ်စေခြင်းမျိုးကို ဆိုလိုပါသည်။ ကျောင်းသားကျောင်းသူများကို အလွတ်သဘော ရွေးချယ်စေပါက ဆရာဆရာမ အနေနှင့် သင်ခန်းစာပြင်ဆင်ရန် ခက်ခဲနိုင်ပါသည်။ ထို့ကြောင့် ဥပမာအားဖြင့်ဆိုရလျှင် ရာသီဥတု အကြောင်းကို သင်ကြားမည်ဆိုပါက ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားသော သိချင်သော အကြောင်းအရာ ကို ကြိုတင်မေးမြန်းခြင်းမျိုးဖြစ်ပါသည်။ သင်ကြားမည့်အဓိက အကြောင်းအရာမှာ ရာသီဥတု အကြောင်းဖြစ်သော်လည်း ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားသည့် အကြောင်းအရာကို ပိုမို အသားပေး ဆွေးနွေး သင်ကြားခြင်းမျိုးဖြစ်ပါသည်။ ရာသီဥတု နှင့် ပတ်သက်၍ ကျောင်းသားကျောင်းသူများမှ မုန်တိုင်းတိုက်ခြင်း အကြောင်းအရာကို ပိုမို သိရှိလိုပါက သင်ခန်းစာကို မုန်တိုင်းတိုက်ခြင်းနှင့် သက်ဆိုင်သော အကြောင်းအရာများကို ပိုမို ထည့်သွင်း ပေးခြင်းမျိုးဖြစ်ပါသည်။
ထို့ပြင် သင်ခန်းစာ လုပ်ဆောင်ချက်များ ထည့်သွင်းရာတွင်လည်း ကျောင်းသားကျောင်းသူများ အနေနှင့် ရွေးချယ်လုပ်ဆောင်ရသည်များကို ပိုမို ထည့်သွင်းနိုင်ပါသည်။ ဥပမာအားဖြင့်ဆိုရလျှင် ရာသီဥတုနှင့် သက်ဆိုင်သော စကားလုံးများကို လေ့လာရာတွင် “Weather report” သို့မဟုတ် “Vocabulary flash cards” ကြိုက်နှစ်သက်သည့် activity ကို ရွေးချယ်စေနိုင်ပါသည်။ Activity နှစ်ခုလုံးသည် ဝေါဟာရ ကြွယ်ဝစေရန် အထောက်အကူပြုသောကြောင့် ကျောင်းသားကျောင်းသူအနေနှင့် မိမိ စိတ်ပါဝင်စားရာ အားသန်ရာကို လုပ်ဆောင်နိုင်ပါသည်။ ထိုနည်းအတူ ဆောင်းပါးများ၊ပုံပြင်များကို ဖတ်ခိုင်းရာတွင်လည်း ဆရာက တစ်ခု ရွေးချယ်ပေးခြင်းထက် ဆောင်းပါးသုံးခုမှ ကြိုက်နှစ်သက်ရာတစ်ခုကို ရွေးချယ်ဖတ်ခိုင်းခြင်းက ကျောင်းသားကျောင်းသူ၏ စိတ်ပါဝင်စားမှုကို ပိုမိုရရှိနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် စာသင်ခန်းထဲတွင် သင်ခန်းစာ လုပ်ဆောင်ချက် စသည်တို့ကို ဆရာက ဦးဆောင်ရွေးချယ်ခြင်းထက် ကျောင်းသားကျောင်းသူများကို ရွေးချယ်ခွင့် ပေးခြင်းက ကျောင်းသားကျောင်းသူများ၏ စိတ်ပါဝင်စားမှု၊ ပူးပေါင်းပါဝင်မှု၊ တို့ကို တိုးပွားစေသည်သာမက မိမိ၏ ဆုံးဖြတ်ချက်ကို တာဝန်ယူလိုစိတ် ကိုပါ တိုးတက်လာစေနိုင်ပါသည်။
စာရေးသူ-ဆရာမပွင့်ရည်ဝင်း
မေတ္တာဖြင့်…
Saya-ဆာယာ