Gender လို့ပြောလိုက်ရင် ကျွန်မတို့အားလုံးသိထားတဲ့ အမျိုးသမီး၊ အမျိုးသား၊ မိန်းကလေးနဲ့ ယောက်ျားလေးတွေရဲ့ စရိုက်လက္ခဏာတွေကို ဖော်ပြတဲ့ အသုံးအနှုန်းတွေဆိုတာ အားလုံးလည်း သိရှိပြီးသားပါ။ Gender မှာ အမျိုးသမီး၊ အမျိုးသား၊ မိန်းကလေးနဲ့ ယောကျ်ားလေး စတဲ့ ဖြစ်တည်မှုတွေနဲ့ ဆက်စပ်နေတဲ့ စံနှုန်းတွေ၊ အပြုအမူတွေ၊ အခန်းကဏ္ဍတွေအပြင် အချင်းချင်းဆက်ဆံရေးလေးတွေလည်း ပါဝင်ပါတယ်။ 

အခုခေတ်မှာ လူမျိုးရေး၊ လူမှု့စီးပွားရေးအခြေအနေ၊ မသန်စွမ်းမှု၊ အသက်၊ ကျားမ လက္ခဏာနဲ့ လိင်ပိုင်းဆိုင်ရာတွေ၊ ယဉ်ကျေးမှုတွေက Gender ခွဲခြားမှုပေါ်မှာ များစွာ သက်ရောက်နေတယ်။ များသောအားဖြင့် ကျားမနဲ့ လိင်က ဆက်စပ်နေတယ်လို့ ထင်ကြပေမယ့် တကယ်က ကျားမလက္ခဏာနဲ့ လိင်မှာ ကွဲပြားမှုတွေ ရှိပါတယ်။ “ကျားမ လက္ခဏာဆိုတာက လူတစ်ယောက်ရဲ့ နက်ရှိုင်းတဲ့ ခံစားမှုတွေနဲ့ တစ်ယောက်ချင်းစီရဲ့ အတွေ့အကြုံကို ဆိုလိုခြင်းဖြစ်တယ်။ လိင်ဆိုတာကတော့ မွေးစကတွင် သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ ဇီဝကမ္မဗေဒကို ဆိုလိုခြင်း ဖြစ်တယ်” ဆိုတာကို WHO ကနေဖော်ပြထားတဲ့ ဆောင်းပါးမှာ ဖတ်ရှုရပါတယ်။ Gender က လူတစ်ယောက်ရဲ့ ဇီဝကမ္မဗေဒ ဒါမှမဟုတ် မွေးစမှာ သတ်မှတ်ထားတဲ့ လိင်နဲ့ သက်ဆိုင်နိုင်သလို မသက်ဆိုင်တာလည်း ဖြစ်နိုင်ပါတယ်။ 

ကျွန်မတို့ပတ်ဝန်းကျင်က အဆင့်ဆင့်သတ်မှတ်ကြတဲ့ Gender စံနှုန်းတွေကြောင့် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာတာကိုလည်း တွေ့ရှိလာရပါတယ်။ ကျွန်မတို့ပတ်ဝန်းကျင်က မိန်းကလေးဆိုရင် သိမ်မွေ့ရမယ်၊ နူးညံ့ရမယ် စတဲ့ သတ်မှတ်ချက်တွေနဲ့ ကန့်သတ်ထားကြတယ်။ တချို့ ရဲရင့်တဲ့အမျိုးသမီးတွေ၊ သတ္တိရှိပြီး ပြောရဲဆိုရဲ ရှိတဲ့အမျိုးသမီးတွေဆိုရင် ပတ်ဝန်းကျင်က အသိအမှတ်ပြုပေးပြီး နေရာပေးမယ့်အစား “မိန်းကလေးတန်မဲ့ ရှက်ပြာနေတာပဲ၊ ကိုယ့်နေရာကိုမနေဘူး” စတဲ့ ကဲ့ရဲ့အပြစ်တင်တဲ့ စကားတွေနဲ့သာ ကြုံတွေ့နေကြရတာကို သတိထားမိမလားမသိဘူး။ 

တချို့ဆို ယနေ့ခေတ်ထိကို မိန်းကလေးဆိုတာ “ပညာတတ်ဖို့မလိုဘူး၊ သေရေးရှင်ရေး စာဖတ်တတ်ရင် ပြီးတာပဲ၊ အချိန်တန်ရင် လင်ကောင်းသားကောင်းရဖို့အဓိကပဲ” ဆိုတဲ့ အမြင်မကျယ်သေးတဲ့ သူတွေအများကြီးကို အခုချိန်ထိ တွေ့ကြုံနေရပါသေးတယ်။ အဲဒီလို လွဲမှားတဲ့အသိဉာဏ်ရှိတဲ့ မိဘတွေမှာ ကြီးပြင်းလာတဲ့ မိန်းကလေးတွေဟာ မလိုအပ်ဘဲ ကျန်းမာရေးပြဿနာတွေအထိပါ ကြုံလာကြတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် မိန်းကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မိန်းကလေးရောဂါတွေနဲ့ ပတ်သက်ပြီး ပြောသင့်တာမပြောဘဲ မရှက်သင့်တာကို ရှက်ရမယ်လို့ ယူဆထားကြလို့ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေလည်း များစွာ ကြုံတွေ့နေကြရပါတယ်။ ဘာလို့လဲဆိုရင် လူတိုင်းဟာ အရွယ်ရောက်လာရင် လူငယ်သဘာဝအရ ချစ်ကြိုက်တာကို မလွဲမသွေ ကြုံတွေ့ကြရပါတယ်။ အဲဒီအချိန်မှာ ကြိုတင်ကာကွယ်ရမယ့် ကျန်းမာရေးအသိဉာဏ်တွေမရှိကြတော့ မလိုလားအပ်တဲ့ HIV, AIDS စတဲ့ ရောဂါတွေအပြင် တခြားသော ကျန်းမာရေးပြဿနာတွေလည်း များစွာကြုံနေကြရပါတယ်။ ချစ်သူနဲ့အတူနေချင်လို့ ကွန်ဒုံးဝယ်သုံးရတာကို ရှက်စရာတစ်ခုလို့ မြင်နေကြပြီး မသုံးကြ။ ဒီလိုပြောလို့ ကျွန်မက လက်မထပ်သေးခင် အတူနေရန် တိုက်တွန်းပြောဆိုခြင်းမဟုတ်ပါဘူး။ ဒါဟာ များသောအားဖြင့် ကြုံတွေ့နေကြလို့ ပြောရတာပါ။ အတူမနေခင် ကာကွယ်တာက ရှက်စရာမဟုတ်ပါဘူး။ နေပြီးမှ ဖြစ်လာတဲ့ ပြဿနာတွေကသာ မိန်းကလေးတွေအတွက် တစ်ဘဝစာ အရှက်ရစရာတွေ ဖြစ်လာနိုင်တာပါ။ နောက်တစ်ခုက အသက်ငယ်သေးတဲ့ မိန်းကလေးတွေကို လက်ထပ်စေခြင်းတွေကလည်း မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကြုံတွေ့လာရပါတယ်။ 

ပြီးတော့ မိဘတွေရဲ့ လွဲမှားတဲ့စံသတ်မှတ်ချက်တွေအောက်မှာ ကြီးပြင်းလာတဲ့ကလေးတစ်ယောက်ဟာ Sexual ပိုင်းနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းမပြောရဲတာတွေ၊ အကြမ်းဖက်မှုတွေနဲ့ ကြုံလာခဲ့ရင်တောင် မပြောပြရဲတာတွေက တကယ်ကို ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာတွေအပြင် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာနိုင်တယ်ဆိုတာကို သိစေချင်ပါတယ်။ ဒါတွေက အမျိုးသမီးတွေဟာ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ အမျိုးသမီးတစ်ယောက်မှာ ရှိရမယ်ဆိုတဲ့ စံနှုန်းတချို့ကြောင့် မိဘတွေရဲ့ လွဲမှားတဲ့ အယူအဆတချို့တွေကြောင့် ကိုယ်တိုင်က ကျန်းမာရေးဗဟုသုတ နည်းပါးမှုတွေကြောင့် ကြုံတွေ့လာနိုင်တဲ့ Gender နဲ့ပတ်သက်ပြီး ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာတွေပါ။ WHO ရဲ့ ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမျိုးသမီး 3 ယောက်တွင် 1 ယောက်သည် ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ၊ ရင်းနှီးဖော်ရွေမှု ဒါမှမဟုတ် လက်တွဲဖော်မဟုတ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို တစ်သက်တာတွင် တွေ့ကြုံခံစားခဲ့ရကြောင်း WHO ၏ ကိန်းဂဏန်းများအရ သိရှိရပါတယ်။

နောက်တစ်ခုက အမျိုးသားတွေမှာရော Gender ခွဲခြားမှုက ကျန်းမာရေးနဲ့ မပတ်သက်ဘူးလား။ အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလားဆိုရင် “ရှိပါတယ်၊ သိပ်ကိုရှိပါတယ်” လို့ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပတ်ဝန်းကျင်က အမျိုးသားတစ်ယောက်ဖြစ်ပြီဆိုရင် “ယောကျ်ားပီသရမယ်၊ ဦးဆောင်နိုင်ရမယ် စတဲ့ စံနှုန်းတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီနေရာမှာ မေးစရာရှိတာက “ယောက်ျားပီသရမယ်ဆိုတာနဲ့ ဘာဆိုင်လို့ ကျန်းမာရေးထိခိုက်စေတာလဲ”လို့ မေးစရာဖြစ်လာနိုင်ပါတယ်။ ဒီအကြောင်းအရာကို မြင်သာစေရန် ဉပမာအနေနဲ့ ပြောရမယ်ဆိုရင် ယောကျ်ားပီသခြင်းဆိုင်ရာ သီးခြားအယူအဆတွေက ယောက်ျားလေးတွေနဲ့ အမျိုးသားတွေကို ဆေးလိပ်သောက်ရန် နဲ့ အရက်သောက်ရန်အတွက်ကို တွန်းအားပေးနေသလိုဖြစ်နေပါတယ်။ 

တချို့ယောက်ျားလေးများ ပြောနေကြတာကို ကျွန်မ ကြားမိပါသေးတယ်။ “ယောကျ်ားဆိုရင် မလုပ်ဖူးတာမရှိရဘူးတဲ့” သူတို့ မလုပ်ဖူးတာမရှိရဘူးဆိုတဲ့ အရာတွေက “ဆေးလိပ်သောက်တတ်ရမယ်၊ အရက်သောက်တတ်ရမယ်၊ ကွမ်းစားတတ်ရမယ် နဲ့ လိင်မှုကိစ္စမှာ အတွေ့အကြုံရှိရမယ်”ဆိုတဲ့ လွဲမှားတဲ့ အယူအဆတွေကို ဆိုလိုနေခြင်းဖြစ်နေပါတယ်။ ဒါဟာလည်း ဘယ်ကနေဆင်းသက်လာလဲဆိုရင် အဆင့်ဆင့်သတ်မှတ်ကြတဲ့ ယောက်ျားတွေမှာရှိရမယ့် “ယောက်ျားဆန်ရမယ်” ဆိုတဲ့ စံသတ်မှတ်ချက်တွေကနေ ဆင်းသက်လာတဲ့ လွဲမှားတဲ့ အယူအဆတွေပါ။ “ယောက်ျားဆန်ကြောင်း” ပြသဖို့အတွက် ဆေးလိပ်၊ အရက် စတဲ့အရာတွေကို အလွဲသုံးစားလုပ်လာကြပါတယ်။ 

နောက်ထပ်ရှိသေးတာက ယောက်ျားဖြစ်ပြီဆိုရင် “မငိုရဘူး၊ ဝမ်းနည်းမှုကို မပြသရဘူးဆိုတဲ့” လွဲမှားတဲ့ ဆုံးမမှုတွေကိုလည်း ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရပါသေးတယ်။ ကျွန်မ အိမ်နားမှာ အသက် ၁ နှစ်ခွဲသာရှိသေးတဲ့ သားယောကျ်ားလေးရှိတဲ့ မိသားစုရှိပါတယ်။ ကလေးသဘာဝအရ မိဘတွေရဲ့ အာရုံစိုက်မှုလိုချင်တာရယ်၊ ထိခိုက်မိလို့ရယ်၊ သူလိုချင်တာမရလို့ရယ် စတဲ့ အရာတွေကြောင့် ငိုတာပေါ့။ အဲဒီအချိန်မှာ ကျွန်မကြားလိုက်ရတဲ့ မိဘတွေရဲ့ ဆုံးမစကားသံက “မငိုနဲ့ တိတ်၊ ယောက်ျားဆိုတာ မငိုရဘူး။ မရှက်ဘူးလား” စတဲ့ စကားသံတွေကို ကြားလိုက်ရတယ်။ ကျွန်မ သိပ်ကိုအံ့ဩပြီး ကလေးအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဒီကလေးလေးသာ ကြီးလာရင် သူ့ရဲ့ဝမ်းနည်းနာကျင်မှုကို ပြသရဲတော့မှာမဟုတ်ဘူး။ “ယောက်ျားဆန်ရမယ်”ဆိုတဲ့ စံနှုန်းကို ပြည့်မှီဖို့အတွက် သူ့ရဲ့ဝမ်းနည်းနာကျင်မှုကို ဘယ်လိုပုံစံနဲ့ ဖော်ပြမယ်လို့ ထင်မိကြလဲ။ ကောင်းသောအပြုအမူနဲ့ ဖော်ပြမလား၊ မကောင်းတဲ့အပြုအမူတွေနဲ့ ဖော်ပြမလားဆိုတာ တပ်အပ်မပြောနိုင်ပေမယ့် သေချာတာတစ်ခုက ဒီကလေးလေးက ငယ်ငယ်ကတည်းကနေ သူ့ရဲ့ စိတ်ထဲမှာ “ငါဟာ ယောက်ျားပဲ၊ မငိုရဘူး၊ ဝမ်းမနည်းရဘူး”ဆိုတဲ့ ခံစားချက်အပြင် သူဟာ စိတ်ထိခိုက်စရာတစ်ခုခုကြောင့် ငိုမိရင်တောင် ဒါဟာ “ရှက်စရာကြီး”ပါလားဆိုပြီး အတွေးဝင်လာနိုင်ပါတယ်။ နောက်ဆက်တွဲတွေကတော့ ကျွန်မ မပြောလည်း စာဖတ်သူအားလုံး တွေးထင်မြင်မိကြမှာပါ။

ဒါကြောင့် ကျွန်မတို့တွေက အန္တရာယ်ရှိတဲ့ ကျားမ စံနှုန်းတွေကို ကလေးတွေရဲ့စိတ်ထဲမှာ မရိုက်သွင်းဖို့နဲ့ အန္တရာယ်ဖြစ်စေတဲ့ အတွေးတွေ မထည့်ဖို့က သိပ်ကို အရေးကြီးပါတယ်။ “ယောက်ျားဆန်ခြင်း” ဆိုတဲ့ စံနှုန်းကို လွဲမှားတဲ့အပြုအမူတွေ၊ ခံယူချက်တွေနဲ့ ပြည့်မှီအောင်လုပ်တဲ့အခါမှာ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကြုံတွေ့နေကြရပါတယ်။  ဒါကြောင့် Gender လို့ပြောလိုက်ရင် ကျွန်မတို့ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ တချို့သော အန္တရယ်ဖြစ်စေတဲ့ စံနှုန်းတွေကို ကလေးတွေရဲ့ စိတ်ထဲကို မထည့်သွင်းပေးဖို့ ပြောချင်ပါတယ်။ ကျွန်မတို့တွေအားလုံးဟာ ခံစားတတ်တဲ့သက်ရှိလူသားတွေပါ။ အားလုံးဟာ ထိခိုက်မိရင် နာကျင်တတ်ကြတယ်၊ စိတ်ထိခိုက်စရာတွေနဲ့ ကြုံလာရင် ဝမ်းနည်း အားငယ်တတ်ကြတယ်၊ ဝမ်းသာစရာတွေနဲ့ ကြုံရင် ပျော်ရွှင်တတ်ကြတဲ့ လူသားတွေဆိုတာ မမေ့ဖို့နဲ့ အရာအားလုံးကို Gender ဆိုတဲ့ စံနှုန်းတွေနဲ့ မဆုံးဖြတ်ဖို့နဲ့ လွဲမှားတဲ့ အယူအဆတွေကို ကိုယ်တိုင်က မလုပ်ဖို့နဲ့ ကလေးတွေကိုလည်း လွဲမှားတဲ့ အတွေးတွေ၊ စံနှုန်းတွေ မသတ်မှတ်ဖို့ ပြောကြားရင်း ကျားမ စံနှုန်းများနဲ့ ကျန်းမာရေးပြဿနာ ဆိုတဲ့ ဆောင်းပါးကို အနှစ်ချုပ်လိုက်ပါတယ်။

စာရးသူ-ဆရာမနှင်းနှင်းဝေ

မေတ္တာဖြင့်…

Saya-ဆာယာ