ကလေးငယ်များကို ငယ်စဉ်ကပင် စာဖတ်ခြင်း အလေ့အကျင့်ပျိုးထောင်ပေးရန် အရေးကြီးကြောင်း မကြာခဏပင် ပြောကြရေးကြပါသည်။ ငယ်ရွယ်စဉ်တွင် စာဖတ်သည့်အလေ့အကျင့်ရှိခြင်း၊ စာဖတ်ခြင်းကို ခုံမင်နှစ်သက်ခြင်းသည် အဘယ်ကြောင့်အရေးကြီးပါသနည်း။
ထိုမေးခွန်းကို ဖြေရန် မက်သယူးသက်ရောက်မှုဆိုသည့် စကားလုံးတစ်ခုကိုထည့်သွင်း ပြောပြလိုပါသည်။ မက်သယူး သက်ရောက်မှု ဆိုသည့် စကားလုံး၏ မူလဆိုလိုရင်းမှာ “ ပိုက်ဆံရှိသူကလည်း ရှိပြီးရင်းပိုရှိ၊ မွဲနေသူကလည်း မွဲသထက်မွဲ” ဆိုသည့် အဓိပ္ပါယ်မျိုးဖြစ်ပါသည်။ ထိုမက်သယူးသက်ရောက်မှုသည် ကလေးများ၏ ၊စာဖတ်ခြင်းနှင့် မည်သို့ သက်ဆိုင်ပါသနည်း။
ပညာရေးနယ်ပယ်တွင် မက်သယူးသက်ရောက်မှုကို အဓိပ္ပါယ်အရဆိုလျင် အစတွင်တော်သော ကလေးများက အချိန်ကြာလာသည်နှင့်အမျှ ပိုတော်လာတတ်ပြီး လိုက်မမီသောကလေးများက ပို၍ ပင်နောက်ကျသွားမည်ဟုဆိုသည်။ ၂၀၀၉ ခုနှစ်တွင် စတန်နိုဗစ်ချ်ဆိုသည့်ပညာရှင်တစ်ဦးက ကလေးများသည် ငယ်ရွယ်စဉ်တွင် စာဖတ်ရသည်ကို ကြိုက်လျင် စာဖတ်ခြင်း၌ပိုမိုတိုးတက်မြန်ဆန်ကြောင်း၊ အစတွင် စာဖတ်ခြင်းကို မကြိုက်တတ် မခုံမင်တတ်လျင် နောင်တွင် စာဖတ်ခြင်းစွမ်းရည် စာတတ်မြောက်ခြင်းစွမ်းရည်အားနည်းသွားတတ်ကြသည်ဟုရေးခဲ့သည်။ ကြာလေ ကြာလေ အုပ်စုနှစ်ခုကြားထဲတွင် ကွာဟမှုကြီးလာတတ်သည်ဟု ဆိုသည်။
သို့ဆိုလျင် ကျနော်တို့ပညာသင်ကြားပေးသူများ၊ မိဘများ ဆရာများ သတိထားကြရမည်မှာ ငယ်ရွယ်စဉ် အစအဦးပညာသင်ကြားသည့်အဆင့်သည် နောက်အဆင့်များအတွက် အခြေခံအုတ်မြစ်ဖြစ်သောကြောင့် ကလေးများ၏ ကနဦးသင်ယူမှုအတွေ့အကြုံသည် ပျော်ရွှင်ဖွယ်ဖြစ်ရန်လိုအပ်သည်ဆိုသည့်အချက်ပင်ဖြစ်သည်။
ဤဆောင်းပါး၏ အဓိကအချက်အနေဖြင့် ပြောရလျင် စာတတ်မြောက်ခြင်းနှင့် စာဖတ်ခြင်းကို ငယ်ရွယ်စဉ်ကပင်ခုံမင်အောင်လုပ်ဆောင်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော်
(၁) စာဖတ်ခြင်းစွမ်းရည်သည် ကျန်ဘာသာရပ်များလေ့လာခြင်းတွင်လည်း အကျိုးကျေးဇူးရရှိစေသည်။ စာဖတ်ခြင်း စွမ်းရည် နိမ့်ကျသွားသည့်အခါ ကျန်သည့်ဘာသာရပ်များကိုလေ့လာရာတွင်လည်း ကြီးကြီးမားမား သက်ရောက်မှုရှိနိုင်သည်။ စာဖတ်နှေးသော၊ စာဖတ်ရန်စိတ်မဝင်စားလှသော ကလေးတစ်ယောက်သည် စာအုပ်ဖတ်၍ ရမည့်အသိပညာများကိုလည်း ရနိုင်ရန် ခက်ခဲသွားပေမည်။ အင်္ဂလိပ်စာ မတော်သောကလေးများသည် ဇီဝ၊ ရူပ စသည့် အင်္ဂလိပ်လိုရေးသားထားသည့် စာများတွင် သိသိသာသာပင်အားနည်းတတ်ကြသည်မှာ ထိုအချက်ကြောင့်ဖြစ်နိုင်ပါသည်။
(၂) စာဖတ်ခြင်းစွမ်းရည်သည် ဘာသာစကားလေ့လာရေးတွင် အထောက်အကူဖြစ်သည်။ မိခင်ဘာသာစကားတွင် စာဖတ်စွမ်းရည်အားကောင်းသည့်ကလေးများသည့် တိုင်းခြားဘာသာစကားလေ့လာလျင်အားကောင်းလေ့ရှိကြောင်းကိုလည်း တွေ့ရှိထားကြသည်။ မိခင်ဘာသာစကားဖြင့်သင်ယူတတ်မြောက်ထားသည့် စာဖတ်ခြင်းစွမ်းရည်ကို တိုင်းခြားဘာသာစကား အဖတ်စွမ်းရည်သို့ ကူးပြောင်းအသုံးချနိုင်သည့်သဘောရှိသည်။
(၃)စာဖတ်ခြင်းအလေ့အကျင့်ကောင်းကြောင့် အခြား အလေ့အကျင့်ဆိုးများ ဝင်မလာအောင်တားဆီးနိုင်သေးသည်။ အပေါင်းအသင်း ရွေးချယ်ရာတွင်လည်းအထောက်အကူပြုတတ်သည်။ စာဖတ်သောကလေးများသည် သူတို့လိုပင်စာဖတ်သော သူငယ်ချင်းများနှင့် တွေ့တတ်ကြသည်။ စာမဖတ်သောကလေးများသည်လည်း အခြားသောအရာများတွင် ပျော်ရွှင်မှုရှာတတ်သော ကလေးများနှင့် အပေါင်းအသင်းဖြစ်တတ်ကြသည်။ စာဖတ်သူချင်းပေါင်းသော အခါ စာပိုဖတ်ဖြစ်ကြသည်။ စာအကြောင်းပိုပြောဖြစ်ကြသည်။ ထို့ကြောင့် အခြားနည်းဖြင့် အပျော်ရှာခြင်း နည်းပါးသွားနိုင်ပါသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျင်၊ ကလေးများကို ငယ်ငယ်ရွယ်ရွယ်မှာပင် စာဖတ်ခြင်းအလေ့အကျင့်ကို ပျိုးထောင်ပေးနိုင်ခြင်း၊ စာကိုချစ်တတ်အောင်သင်ပေးနိုင်ခြင်းသည် စာတတ်မြောက်ခြင်းအကျိုးသာမက အကျိုးကျေးဇူးပေါ် အကျိုးကျေးဇူးဆင့်ကာ ဆပွားအကျိုးရရှိနိုင်သဖြင့် ကလေးငယ်များ စာကိုချစ်အောင် ပျိုးထောင်သင့်ကြကြောင်း တင်ပြလိုက်ရပါသည်။
မေတ္တာဖြင့်
ဆရာအောင်ကျော်ဖြိုး
ဆာယာဖောင်ဒေးရှင်းအဖွဲ့သားများ
Reference
https://www.opencolleges.edu.au/…/the-matthew-effect…/