ငယ်ငယ်က ကျောင်းမသွားချင်လို့ ငိုဖူးလား။
ဟုတ်ကဲ့. ကျနော်လည်း ငိုဖူးပါတယ်။ ကျနော့်သူငယ်ချင်းတွေလည်း ငိုကြတယ်ထင်တာပဲ။ အခုဆိုရင်တော့ ကလေးတွေသိပ်မငိုကြတော့ဘူးထင်တယ်။ ဒီလိုဆိုရင် ဝမ်းသာရမှာပါပဲ။
ကျောင်းမသွားချင်ရတဲ့အကြောင်းအရင်းတွေအများကြီးရှိနိုင်ပါတယ်။ မိဘတွေနဲ့ ခွဲရမှာအားငယ်လို့၊ ကိုယ်မသိတဲ့သူစိမ်းတွေနဲ့နေရမှာ ကြောက်လို့၊ အနိုင်ကျင့်ခံရမှာကြောက်လို့၊ စာမရလို့ စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။ မျက်နှာထားတင်းတင်းနဲ့ ဆူတတ်ငေါက်တတ်ပြီး အရိုက်ကြမ်းတဲ့ ဆရာတွေ၊ ဆရာမတွေက အဓိကအကြောင်းအရင်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ အဲ့ထဲကမှ ကျနော်တို့ သိပ်မပြောဖြစ်ကြတဲ့ အကြောင်းတစ်ခုက စာသင်ခန်းပတ်ဝန်းကျင်ပါပဲ။
သင်ယူတဲ့ပတ်ဝန်းကျင်တွေဟာ အရေးကြီးပါတယ်။ အဓိကအားဖြင့် သင်ယူတဲ့ပတ်ဝန်းကျင်ဟာ သင်ယူတဲ့သူရဲ့ စိတ်ကိုလွှမ်းမိုးနိုင်လို့ပါပဲ။ ပူလောင်ပြီး ဆူညံ နံစော်နေတဲ့ နေရာတစ်ခုမှာ သင်ယူမှုကောင်းတွေဖြစ်ဖို့မပြောနဲ့ တစ်စက္ကန့်လေးတောင်နေချင်ကြမှာမဟုတ်ပါဘူး။ နောက်တစ်ခုက ကလေးတွေဟာ သူတို့ပတ်ဝန်းကျင်ကနေအများကြီးသင်ယူကြပါတယ်။ အမြဲစူးစမ်းနေတတ်ကြပါတယ်။ ဒါကို ကျနော်တို့ ပညာပေးသူတွေက အခွင့်အရေးတစ်ရပ်လိုမြင်ပြီး သူတို့ရဲ့ ပတ်ဝန်းကျင်ကိုသာ သင်ယူချင်စရာပတ်ဝန်းကျင်၊ သင်ယူစရာတွေနဲ့ပြည့်နေတဲ့ ပတ်ဝန်းကျင်အဖြစ်ဖန်တီးပေးဖို့ကြိုးစားကြရမှာပါ။
စင်ကာပူနိုင်ငံက မူလတန်းကျောင်းတစ်ခုကို ကျနော် အလည်အပတ်ရောက်ဖူးခဲ့တယ်။ ပထမဆုံးသဘောကျမိတာကတော့ ကလေးတွေ ကစားဖို့ နေရာတွေပဲ။ ကစားကွင်းတွေက အကြီးအငယ်အမျိုးမျိုးရှိသလို ဘောလုံးကန်တာလို အပြင်မှာ ထွက်လုပ်လို့ရမယ့်ကစားကွင်းတွေအပြင် အမိုးအကာအောက်မှာပါဆော့ကစားလို့ရမယ့်ကစားဖို့ နေရာတွေရှိတယ်။ အရုပ်အမျိုးမျိုးဖန်တီးလို့ရမယ့် ရွှံ့ပျော့လိုပစ္စည်းတွေ၊ ပန်းချီခန်းတွေရှိတယ်။ ကလေးတွေအမြဲလုပ်နေတဲ့ပုံပဲ။ ကလေးတွေဟာ ဒီလိုကျောင်းမျိုးမှာပျော်မှာပေါ့လို့ တွေးမိပါတယ်။
တစ်ခါ လှေကားတက်တော့ လှေကားထစ်တလျှောက်မှာ သင်္ချာအလီတွေကပ်ထားတယ်။ နံရံပေါ်မှာ ရေသံသရာတို့၊ ရေရဲ့အရေးကြီးပုံတို့ကို ရေးထားတယ်။ တံခါးဖွင့်တဲ့ တံခါးရွက်ရွေ့သွားတဲ့နေရာအလိုက်မှာ ဒီဂရီအမှတ်အသားနဲ့ မှတ်ထားတယ်။ တံခါးရွက်ကပိတ်ထားတဲ့အချိန် ဇီးရိုးဒီဂရီပေါ့၊ လုံးဝနံရံနဲ့ကပ်တဲ့အထိဖွင့်လိုက်ရင် ၁၈၀ ဒီဂရီလုပ်ထားတယ်။ တံခါးဘောင်တွေမှာ အရပ်တိုင်းလို့ရအောင် အမှတ်အသားတွေလုပ်ပေးထားတယ်။ ဒီတော့ကလေးတွေဟာ သင်္ချာနဲ့ အခြားသင်ယူရမယ့်အရာတွေဟာ တကူးတက သင်ပေးစရာမလိုဘဲ ပတ်ဝန်းကျင်မှာ လေ့လာယူလို့ရတဲ့အရာဖြစ်နေတယ်။ ပတ်ဝန်းကျင်ကိုယ်တိုင်ကိုယ်က လေ့လာစရာ၊ သဘာဝကိုယ်တိုင်ကိုယ်က စာကြည့်တိုက်ပဲဆိုတာ သဘောပေါက်စေတယ်။
စာကြည့်တိုက်ဆိုလို့ စာကြည့်တိုက်ကြတော့လည်း နံရံတွေဟာ အရောင်စုံပြီးလှပနေတယ်။ စာကြည့်တိုက်ဆိုတာထက်ကလေးကစားကွင်းနဲ့တူနေတယ်။ စာအုပ်တွေကလည်း ကလေးတွေစိတ်ဝင်စားမယ့်စာအုပ်မျိုးတွေ၊ အရောင်စုံပြီး ကာတွန်းတွေနဲ့ ပြည့်နေတယ်။ လိုချင်တဲ့အချက်အလက်တွေရှာလို့ရတဲ့ တက်ဘလက်လေးတွေပါ ထားပေးထားတယ်။
ကလေးတွေကို အမှိုက်မပစ်ဖို့ ၊ စာကြည့်တိုက်ထဲမှာ အသံမဆူဖို့ကို သတိပေးတဲ့စာတမ်းတွေကပ်ထားတယ်။ ဒါပေမယ့် ဒီမှာနဲ့ကွာတာက ကလေးတွေကြိုက်တဲ့ စူပါမန်းတို့ စပိုက်ဒါမန်းတို့ အဲ့လို ကာတွန်းဇာတ်ကောင်အရုပ်တွေကနေပြီး အမှိုက်မပစ်ဖို့သတိပေးနေတဲ့ပုံမျိုးလုပ်ထားတယ်။ သူတို့ကြိုက်တဲ့ဇာတ်ကောင်က ပြောနေတဲ့ပုံလုပ်ထားတော့ကလေးတွေက ပိုစိတ်ဝင်စားကြမယ်ဆိုတာသိသာပါတယ်။ မလုပ်နဲ့လို့ တားမြစ်တဲ့ပုံမျိုးဆိုကလေးတွေက လိုက်နာချင်မှလိုက်နာမယ်လေ။
ကျနော်ပြောခဲ့တဲ့ ကျောင်းကလေးဟာ ကလေးတွေအတွက် ဆွဲဆောင်မှုရှိတဲ့ ပတ်ဝန်းကျင်၊ သင်ယူစရာတွေပြည့်နေတဲ့ ပတ်ဝန်းကျင်ဖြစ်နေတယ်။ နံရံကအစ အရောင်တွေစုံနေတာမျိုး။ ကျနော်တို့ဆီမှာတော့ ကလေးတွေရဲ့ကျောင်းနံရံတွေကို အရောင်တစ်ရောင်တည်းနဲ့ တပြေးညီ ပျင်းစရာကြီးဖြစ်အောင် သုတ်လေ့ရှိတတ်ကြတယ်။ ဒါတွေဟာ ပြန်စဉ်းစားရမယ့်ကိစ္စတွေပါ။
ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ပညာရေးဒုဝန်ကြီး ဒေါက်တာမျိုးမြင့်ရဲ့ အင်္ဂလိပ်လိုရေးခဲ့တဲ့ဆောင်းပါးတစ်ပုဒ်မှာ ရေးထားတာကို ရေးတေးတေးမှတ်မိတာလေး ပြန်ပြောပါရစေ။ ဆရာကြီးက မြို့တွေဟာ တဖြည်းဖြည်းမွန်းကျပ်ပြီး နေချင့်စဖွယ်မကောင်းတော့တဲ့အတွက် ကျောင်းတွေဟာ ကလေးငယ်တွေအတွက် စိတ်ထွက်ပေါက်ဖြစ်စရာ၊ ပျော်စရာ ပတ်ဝန်းကျင်တွေ ဖြစ်လာသင့်တယ်လို့ဆိုခဲ့ပါတယ်။ နောက်ထပ် ထပ်ဖြည့်ပြောရရင် မိသားစုနဲ့ အဆင်မပြေတာ၊ ကျန်တဲ့ပြဿနာမျိုးတွေရှိတဲ့အခါလည်း ကျောင်းဟာသူတို့ အတွက် နွေးထွေးတဲ့နေရာတစ်ခု ဖြစ်နေသင့်တယ်။ ပျော်ရွှင်စရာပတ်ဝန်းကျင်တစ်ခုကိုပေးသင့်တယ်။ ပျော်ရွှင်နွေးထွေးတဲ့ ပတ်ဝန်းကျင်တွေကို ပေးဖို့ဆိုရင် နွေးထွေးစွာဆက်ဆံမှုပေးဖို့ လိုအပ်သလို စာသင်ခန်းနဲ့ ကျောင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ဟာလည်းအရေးကြီးတဲ့တစ်ချက်ဖြစ်ပါတယ်။
ဒါကြောင့်ကလေးတွေရဲ့ စာသင်ခန်းနဲ့ကျောင်းပတ်ဝန်းကျင်ဟာ သင်ယူမှုကို အကောင်းဆုံး အားပေးနေတဲ့ ပတ်ဝန်းကျင်၊ ပျော်ရွှင်ဖွယ်ပတ်ဝန်းကျင်ဖြစ်ဖို့အတွက်ကိုလည်း စဉ်းစားကြသင့်တယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေလို ငွေအများကြီးမသုံးနိုင်သော်လည်း ကျနော်တို့နိုင်ငံမှာလည်း လုပ်နိုင်တဲ့၊ ပြောင်းလဲနိုင်တဲ့အတိုင်းအတာလေးတော့ရှိပါတယ်။ ကျောင်းသွားရမှာ ကြောက်လို့ ကလေးတွေမရှိတော့ဘဲ ကျောင်းကနေ ပြန်တောင်မပြန်ချင်ဘူးဆိုတဲ့ကလေးတွေများလာဖို့လိုပါတယ်။ နောင်တစ်နေ့မှာတော့ “နေခြည်မှာရွှေရည်လောင်း” တဲ့ စာသင်ကျောင်းလေးတွေကို အနာဂတ်မှာမြင်လာရမယ်လို့ မျှော်လင့်ရင်း ဒီဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါတယ်.။
လတ်ငြိမ်း
မေတ္တာဖြင့်
ဆာယာဖောင်ဒေးရှင်း အဖွဲ့သားများ…