အိမ်မှာ အတူနေတဲ့ မိဘတွေ၊ ကိုယ့်ပတ်ဝန်းကျင်ကသူတွေကြောင့် ကိုယ့်ကလေးအပေါ် ပြုစုပျိုးထောင်မှုတွေ ပြောင်းလဲတာမျိုး၊ စိတ်ဖိစီးနေတာမျိုး ကြုံဖူးလား။
ကျွန်မတို့ မိဘတွေ၊ ဆရာမတွေမှာ ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေ အများကြီး ကြုံရပါတယ်။ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုဟာ ကလေးအပေါ်ကို တိုက်ရိုက် (သို့) သွယ်ဝိုက်ပြီးတော့ ရှိနေပါတယ်။ တိုက်ရိုက်ဆိုတာက ပတ်ဝန်းကျင်က လူတွေက ကလေးတွေကို တိုက်ရိုက်သင်ပြတာမျိုး၊ ကိုယ်နေထိုင်ရာဝန်းကျင်က ယဉ်ကျေးမှုတွေ၊ စည်းမျဉ်းတွေကို ကလေးက လိုက်နာဖု့ိ ဖြစ်လာတာမျိုးပါ။ ဒုတိယတစ်မျိုးကတော့ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုဟာ မိဘတွေအပေါ် ကျရောက်လို့ မိဘတွေရဲ့ ကလေးပြုစုပျိုးထောင်ပုံ ပြောင်းလဲခြင်းကနေ ကလေးအပေါ် သက်ရောက်သွားမှုပါ။ ဒီနေ့မှာတော့ ကျွန်မ ပတ်ဝန်းကျင်ရဲ့ သွယ်ဝိုက်သက်ရောက်မှုအကြောင်းကို မျှဝေချင်ပါတယ်။
ကျွန်မမှာ ၁၂နှစ်အရွယ် မောင်လေးရှိပါတယ်။ ကျွန်မတို့နဲ့အတူနေပါတယ်။ ဆယ်ကျော်သက်စဖြစ်လာခါစမှာ အရင်ကလို ပြောဆိုလို့မရတော့ပါဘူး။ ဒီအရွယ်ဟာ ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် သူ့ကိုယ်သူရှာဖွေနေဆဲ ကာလဆိုတော့ အလိုလိုနေရင်း စိတ်ရှုပ်တာ၊ ပြန်ပြောတာ၊ လုပ်ချင်ရာ လုပ်မယ်ဆိုတာမျိုးလေးတွေ ရှိပါတယ်။
အဲဒီ့အခါ ကျွန်မက သူ့ကို အခြားသူတွေ စိတ်ကွက်သွားမှာ၊ အခြားသူတွေက သူ့ကို မချစ်ကြမှာ၊ အပြင်လူတွေက သူ့ကို ဆိုးလိုက်တာလို့ ထင်မှာကို အရမ်းကြောက်ပါတယ်။ အဲဒီ့အတွက် သူ့ကို ခါတိုင်းထက် ပိုဆုံးမတာတွေလုပ်တယ်။ အခြားသူတစ်ယောက် အနားမှာရှိနေပြီဆိုရင် တလွဲတွေလုပ်တော့မှာကို စိတ်ပူ၊ စိတ်ဖိစီးပြီး မျက်လုံးတွေ ပြူးပြတာ၊ အသံတိတ် ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ဆိုပြီး အချက်ပြတာတွေလုပ်ပါတယ်။
ကြာလာတော့ မောင်လေးက ကျွန်မကို ဘာလို့ အဲ့လို အမြဲဖြစ်နေတာလဲ၊ ဘာလို့ မချစ်တော့တာလဲ၊ ဘာလို့ အမြင်ကပ်နေရတာလဲ စသဖြင့် မေးခွန်းတွေ မေးလာပါတယ်။ အဲဒီ့ကြမှ ကျွန်မကိုယ်ကျွန်မပြန်မြင်မိပါတယ်။ ကျွန်မ သူ့ကို ချစ်လွန်းလို့ သူများတွေနဲ့ ဝင်ဆံ့အောင်၊ သူများတွေနဲ့အဆင်ပြေအောင် အကောင်းဆုံး ဆုံးမဖို့ကြိုးစားနေတာက သူ့အတွက် တမျိုးဖြစ်နေတာပါ။
ဒီလိုအဖြစ်အပျက်မျိုး ကျွန်မငယ်ငယ်ကလည်း ကြုံရပါတယ်။ မြန်မာပြည်က ကလေးတွေ အများစု ကြုံရတယ်။ အခြားလူရှိရင် မိဘတွေက မသိအောင် ဗိုက်တင်းကြောဆွဲလိမ်တာတို့၊ မျက်လုံးပြူးပြီး ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ပြောတာမျိုးပေါ့။
စဉ်းစားကြည့်ပါ။ ကျွန်မတို့တွေ အဲ့ဒီ့လိုလုပ်တာဟာ ကျွန်မတို့ရဲ့ ချစ်ခြင်းမေတ္တာကို မှန်ကန်စွာ ပြခြင်းလား။ တခါတလေမှာ ကျွန်မတို့တွေဟာ ကလေးတွေကို ပတ်ဝန်းကျင်မှာ အရမ်း အံဝင်ခွင်ကျ ဖြစ်စေချင်တယ်။ သူများလက်ညှိုးထိုးမှာကို မခံနိုင်ဘူး။ အဲဒီ့အတွက် သူများတွေအကြိုက်၊ သူများတွေ မှန်တယ်ထင်တဲ့ဟာကို ကိုယ့်ကလေးတွေကို သင်ဖို့ ကြိုးစားကြတယ်။ ကိုယ့်ကလေးက မကြိုက်လည်း သိပ်ဂရုမစိုက်ကြဘူးပေါ့။
ကျွန်မ အမြင်ကတော့ ကလေးတွေကို အမှန်တကယ်ချစ်ရင် ကလေးတွေကိုလည်း သေချာ နားထောင်ဖို့ လိုပါတယ်။ သူများတွေ ကြိုက်မကြိုက်ဆိုတာထက် ကိုယ့်သားသမီးနဲ့ ကိုက်မကိုက်၊ အဆင်ပြေမပြေဆိုတာကို စဉ်းစားပါ။ သူတို့ရဲ့ ရွေးချယ်မှုဟာ အခြားသူကို မထိခိုက်စေတာမျိုးဖြစ်ဖို့လိုပြီး သူတို့ဟာ အမှားအမှန်ခွဲခြားနိုင်တဲ့ စွမ်းရည် ရှိဖို့ ကျွန်မတို့က သင်ပေးရမှာပါ။
ကျွန်မရဲ့ အမြင်ကတော့ ကလေးတွေကို လူ့ပတ်ဝန်းကျင် ပုံစံခွက်ထဲကို ဇွတ်သွပ်သွင်းနေမယ့်အစား ကလေးတွေမှာ လိုအပ်တဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး လွတ်လပ်စွာ မှားခွင့်ပေးပါ။ အမှားကနေ သင်ယူခွင့်ပေးပါ။ ဒါမှ ကလေးတွေကို ဗဟိုပြုတဲ့၊ ကလေးတွေအတွက် စဉ်းစားပေးတဲ့ ချစ်ခြင်းမျိုးလို့ ကျွန်မထင်မြင်မိပါတယ်။ ကျွန်မတု့ိ မိဘတွေ၊ ဆရာ၊မတွေအနေနဲ့ ပြင်ပ ပတ်ဝန်းကျင်ကြောင့် ကလေးတွေအပေါ် သွယ်ဝိုက် သက်ရောက်မှုတွေအပေါ် အမြဲ ပြန်လည် သုံးသပ်ဖို့လိုပါတယ်။
ဒီအပေါ်မှာ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ အခြား ထင်မြင်ချက်ရှိရင်လည်း မျှဝေပေးပါဦး။
ကလေးတွေရဲ့ စိတ်ပိုင်းလုံခြုံမှု ပေးသော ချစ်ခြင်းမေတ္တာ ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်…
Sayarma-ဆရာမ
Photo credit to – Google