ကိုဗစ်ကာလတစ်လျှောက် ကလေးတွေနဲ့ မိသားစုတွေ တစ်အိမ်ထဲမှာ ကြာကြာအတူတူ ပိုနေရတော့ ဆူရတာ၊ ဆုံးမရတာတွေ ပိုများလာလား။ ဘယ်လိုတွေကြုံဆုံရလဲဆိုတာ ကွန်းမန့်မှာ မျှဝေပေးပါဦး။ ကျွန်မရဲ့ ဘဝတစ်လျှောက်လုံးမှာ အဆူခံရတာ၊ ဆုံးမခံရတာဟာ ရိုးနေပါပြီ။ မိဘတွေ တော်တော်များများလည်း အဆူခံ၊ အငေါက်ခံ၊ အရိုက်ခံပြီး ကြီးပြင်းလာကြတာပါပဲ။ အသက်ကြီးလာတဲ့အခါ ငယ်ငယ်တုန်းက အဆူအငေါက်ခံရလို့ ကြောက်စိတ်တွေ၊ စိတ်ဒါဏ်ရာတွေနဲ့ ကြီးပြင်းလာရလို့ ကိုယ့်ကလေးတွေကို မဆူဘဲ အခြားနည်းလမ်းနဲ့ ဆုံးမသူတွေ ရှိတယ်။ အဲ့လိုမဟုတ်ဘဲ ငယ်တုန်းကတော့ မကြိုက်ဘူး အခုစဉ်းစားကြည့်ရင်တော့ ဆူငေါက်တာတွေက ဖြစ်သင့်ပါတယ်ဆိုပြီး တွေးပြီး ကိုယ့်ကလေးတွေကို ဆက်လက်ဆူဆဲ၊ ဆူမြဲ မိဘတွေလည်းရှိတယ်။ ဘာလို့ လူကြီးတွေက ကလေးတွေကို ဆူသလဲ။ ကျွန်မတို့ လူကြီးတွေဟာ ကလေးတွေကို လူကြီး အသိဉာဏ်ကနေလာတဲ့ ပေတံ၊ တိုင်းတာမှုနဲ့ ချိန်ထိုးကြည့်ပါတယ်။ လူကြီးအနေနဲ့ မသင့်တော်ဘူးလို့ ထင်ရင် ကလေးကို မသင့်တော်ကြောင်းသင်တယ်။ ကိုယ့်အတွေ့အကြုံအရ ဒါဟာ မဖြစ်သင့်ရင် မဖြစ်သင့်ဘူးလို့သင်တယ်။ ဒါပေမယ့် လူကြီးတွေ မေ့နေတာဟာ ကလေးတွေက လူကြီးတွေမဟုတ်တာပဲ။ ဘယ်လောက်ပြောပြော နားမလည်ဘူးဆိုတာမျိုး ကြုံဖူးလား။ ဘယ်လောက်ဆုံးမ ဆုံးမ ပြင်မလာဘူးဆိုတာမျိုးလည်း ရှိတယ်မလား။ ဒါတွေဟာ ကလေးရဲ့ ဦးနောက်ဖွံ့ဖြိုးမှု၊ ကလေးရဲ့ Personality (ကိုယ်ရည်ကိုယ်သွေး) အပြင်၊ လူကြီးတွေရဲ့ ဆိုဆုံးမပုံတွေနဲ့လည်း ဆိုင်ပါတယ်။ ကလေးတွေရဲ့ ဦးနောက်ဟာ အသက် ၆ နှစ်ဝန်းကျင်မှာ လူကြီးဦးနောက်အရွယ်ဖြစ်ဖို့ ရာခိုင်နှုန်း ၉၀-၉၅လောက်ကြီးထွားလာကြပါပြီ။ သူတို့ရဲ့ ဦးနောက်အရွယ်အစားက လူကြီးနီးပါးဖြစ်လာပေမယ့် လူကြီးလိုစဉ်းစားနိုင်ဖို့ Remodellingလုပ်ဖို့ အများကြီးလိုပါသေးတယ်။ လူကြီးဦးနောက်အဖြစ် အသွင်ပြောင်းမှု(Remodelling)က ဆယ်ကျော်သက်အရွယ်ကနေ အသက် ၂၀ ဝန်းကျင်နားထိ ပြုလုပ်ပါတယ်။ ဆိုတော့ ကလေးတွေဟာ လူကြီးတွေနဲ့ ထပ်တူ တွေးတတ်ဖို့၊ ပြုမူတတ်ဖို့ သင်ပေးတာဟာ မလွယ်ကူပါဘူး။ လူကြီးတွေရဲ့ ဆုံးမမှုကို နားလည်ပေးနိုင်မှုဟာ အတိုင်းအတာ တစ်ခုထိပဲ ရှိတယ်ဆိုတာ သိဖို့လိုပါတယ်။ သူတို့ အသက်အရွယ်နဲ့ သူတို့ အတွေ့အကြုံအလိုက် ကောင်းမွန်သော အပြုအမူတွေကို သူတို့ နားလည်နိုင်မယ့် အတိုင်းအတာတခုထိပဲ သင်ပေးဖို့ လိုပါတယ်။ သုတေသနမှာ ဖတ်ရတာကတော့၊ ဆိုဆုံးမတဲ့အခါမှာ ကလေးတွေကို နာကျင်အောင်၊ အရမ်းဝမ်းနည်အောင် ဆူငေါက်တာတွေ၊ ထပ်ခါထပ်ခါဖိအားပေးတာတွေဟာ ကလေးတွေကို အရှက်ရစေတယ်၊ ကလေးဘဝအတွက် မကောင်းတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာစေတယ်။ စိတ်ပိုင်းဆိုင်ရာ နာကျင်မှု ပြင်းထန်လေလေ ကလေးရဲ့ အနာဂါတ်မှာ စိတ်ပိုင်းဆိုင်ရာ ပြသနာ၊ မူမမှန်မှုတွေနဲ့ တစ်ခုခုကို စွဲလမ်းတတ်တဲ့ အမူအကျင့်တွေ ဖြစ်လာနိုင်ခြေများတယ်တဲ့။ အနာဂါတ်ကောင်းအောင် ဆူတာဆိုပေမယ့် ကိုယ်ဆူငေါက်တာလွန်သွားရင် အနာဂါတ်ကို ပိုထိခိုက်သွားစေတယ်ဆိုတာ သတိပြုစေချင်ပါတယ်။ ကလေးတွေမှာ ကိုယ်ပိုင် ခံစားချက်၊ ခံယူချက်တွေရှိကြတယ်။ ကလေးတွေကို ထိရောက်စွာ သွန်သင်ဆုံးမချင်ရင် အရေးကြီးဆုံးက ကိုယ်သွန်သင်ချင်တဲ့သူအကြောင်း သိဖို့ပါပဲ။ ကိုယ်ပြုပြင်ပေးချင်တဲ့ကလေးက ဘယ်လိုသင်ယူလဲ၊ ဘာခံစားချက်တွေရှိလဲ၊ ဘာတွေ ကြုံတွေ့နေရလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနေလဲ စတဲ့ အချက်အလက်တွေကို ကျွန်မတို့ တကယ်သိပြီလားဆိုတာ အရင်မေးပါ။ ကိုယ်က ကလေးအကြောင်းမသိဘဲ သူတို့ကို သွန်သင်ရင် ကိုယ်ပဲ မောတယ်၊ သူတို့လည်း စိတ်ဖိစီးရတယ်။ တခါတလေ ကျွန်မတို့က ကလေးတွေထက် နှစ်ပေါင်း အကြာကြီးပိုနေခဲ့ပြီး ကလေးငယ်တွေရဲ့ ခံစားချက်ကို နားလည်ပေးဖို့ကို မကြိုးစားချင်ကြဘူး။ သူတို့ဘယ်လိုခံစားမလဲဆိုတာကို နားမလည်ချင်ကြဘူး။ ကလေးတွေ ခံစားနေရတယ်ဆိုတာကို သိဖို့ပြောရင်တောင် ငါတို့က သူတို့တနေ့မှာ ပိုကောင်းတဲ့သူတွေ ဖြစ်ဖို့ ပြောတာ ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ကို နားထောင်ဖို့ ဆက်မကြိုးစားကြတော့ဘူး။ ငယ်စဉ်က ခံစားချက်တွေက ကြီးတဲ့အခါ သိစိတ်ကဖြစ်ဖြစ် မသိစိတ်ကနေ ဖြစ်ဖြစ် သက်ရောက်မှု ရှိတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ ကလေးတွေဟာ တော်တဲ့အတူယူသူတွေပါ။ ဆူငေါက်တာ၊ ခဏခဏ ဆုံးမတာထက် ကလေးနဲ့ အတူတူ လေ့ကျင့်တာ၊ ကလေးအနေနဲ့ ကောင်းမွန်တဲ့ ပြုကျင့်မှုတွေကို လူကြီးတွေဆီကနေ အမြဲ မြင်နေရခြင်းဟာ ကောင်းမွန်ဆုံးသော ဆုံးမမှုတွေထဲမှာ ပါဝင်ပါတယ်။ ကလေးတွေနဲ့အတူ ဆွေးနွေးစဉ်းစားမှုတွေ ပြုလုပ်ကြသလို လူကြီးတွေကလည်း ကလေးတွေကို လုပ်စေချင်သလို ကိုယ်တိုင် ပုံမှန်လုပ်ဖို့လိုပါတယ်။ ကလေးကို စကားနားထောင်ဖို့ သင်ရင် ကိုယ်တိုင်ကလည်း သူများစကားကို သေချာ နားထောင်တတ်ဖို့ လိုပါတယ်။ လိုမှ ဆုံးမပါ။ ကလေးတွေက ခဏခဏ ဆိုဆုံးမတဲ့သူကို ရှောင်ကြတယ်။ ကိုယ်ချင်းစားကြည့်ပါနော်။ ကိုယ့်ရဲ့ အလုပ်ခွင်မှာ ကိုယ့်အပြုအမူတိုင်းလိုလို ပြုပြင်ပေးနေတဲ့ အထက်အရာရှိ ရှိနေရင် ကိုယ်ဘယ်လို အလုပ်လုပ်နိုင်လဲ။ အသက်တောင် မှန်အောင် ရှူရပါ့မလား။ ဖြစ်နိုင်ရင် အဲဒီ့လူမရှိတဲ့နေရာမှာပဲ လုပ်ချင်မယ်မလား။ ကလေးတွေလည်း ဒီလိုပါပဲ။ မြင်သမျှဆူနေတာပဲလို့ တွေးမိရင် ရှောင်လာနိုင်တယ်။ တကယ့် ပြုပြင်ဖို့ လိုတဲ့ အခါကျတော့ ခါတိုင်းလိုပဲ ဆူနေတာပဲဆိုပြီး အလေးမထားတာမျိုးတွေ ဖြစ်လာနိုင်တယ်။ကလေးတစ်ယောက်ကို လူကောင်းသူကောင်းအဖြစ် ကြီးပြင်းအောင် ပြုစုပျိုးထောင်ရတာဟာ တကယ်မလွယ်ပါဘူး။ မိဘတွေ မိသားစုဝင်တွေ အားလုံး ပူးပေါင်းပြီး အကောင်းဆုံး ပံ့ပိုးဖို့လိုပါတယ်။ ကလေးကို ပိုကောင်းစေချင်လို့ မြင်သမျှပြင်နေတာထက် ကလေးကို ပိုနားလည်အောင်ကြိုးစားပြီး ကိုယ်တိုင်က ကောင်းသော စံပြဖြစ်ဖို့လိုအပ်ပါတယ်။ ကလေးကို နားလည်မှ ကလေးရဲ့ အဓိက ပြုပြင်ဖို့လိုတဲ့ အချက်ကိုပဲ သေချာစွာ ပံ့ပိုးပြုပြင်နိုင်မှာပါ။ ကောင်းမွန်ပျော်ရွှင်သော ကလေးများအဖြစ် ပြုစုပျိုးထောင်နိုင်ပါစေလို့ ဆုတောင်းလျက်….မေတ္တာဖြင့်… Sayarma-ဆရာမ Photo Credit – http://gojmti.blogspot.com/…/dont-scold-your-children.html