ကလေးကို ပညာပေးတဲ့အခါ မေတ္တာနဲ့ပေးရဲ့လား။ ကလေးကိုချစ်လို့ ပညာတတ်စေချင်တာပဲ၊ မေတ္တာနဲ့ပေးတာပေါ့လို့ပြောကြပေမယ့် တခါတလေမှာ အတ္တတွေ၊ လောဘတွေနဲ့ ယှဉ်လာတတ်ပါတယ်။
ပညာပေးတဲ့အခါ ငါ့သား၊ ငါ့သမီး အဆင့်တစ်ဖြစ်ရမယ်ဆိုတာဟာ လောဘနဲ့ ယှဉ်ပါတယ်။ ဘယ်သူ့သား၊ ဘယ်သူ့သမီးကတော့ ဘယ်လောက်ရတယ် ငါ့သားငါ့သမီးက သူ့ထက်သာရမယ်ဆိုတာက ဒေါသနဲ့ ယှဉ်ပါတယ်။ ငါ့တုန်းက ဆရာဝန်မဖြစ်ခဲ့လို့ ငါ့သားဆရာဝန်လုပ်ကိုလုပ်ရမယ်ဆိုတာလည်း ဒေါသနဲ့ပေးတဲ့ပညာပါပဲ။
- အကျိုးရှိတာတွေလေ့လာသင်ယူနိုင်ပါစေလို့ သဘောထားပါ။ အမှတ်တွေများဖို့ သူများထက်သာဖို့ထက် သူ့ဘဝမှာအကျိုးရှိဖို့ကို ဦးစားပေးပါ။
- သူစိတ်ဝင်စားတာတွေသင်ယူနိုင်ပါစေလို့နုလုံးသွင်းပါ။ ကလေးတွေဟာလူကြီးတွေမသင်ပေးလည်း အရာရာကိုစိတ်ဝင်စားပြီးသားပါ။ ဒါပေမယ့် သူတို့စိတ်ဝင်စားတာကို သူတို့သဘောကျတဲ့ပုံစံနဲ့မသင်ယူရလို့သာ စိတ်ဝင်စားမှုတွေလျော့ပါးပြီး ပညာရေးမှာစိတ်မပါကြတော့တာပါ။ သူတို့ ဘဝကောင်းဖို့ပညာသင်ပေးရင်း သူတို့ စိတ်ပျော်ရွှင်မှုကို စွန့်လွှတ်လိုက်ရတာမျိုးမဖြစ်ပါစေနဲ့။
- သူ့မှာရှိတဲ့ စွမ်းရည်တွေ၊ ပါရမီတွေအတိုးတက်ဆုံးဖြစ်အောင်ကူညီပံ့ပိုးပေးမယ်လို့ မှတ်ယူပါ။ ကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ တချို့က သင်္ချာတော်ပေမယ့် တချို့က အင်္ဂလိပ်စာတော်တတ်ပါတယ်။ တချို့က အပြောဆိုသွက်လက်ချက်ချာပါတယ်။ ဂီတမှာထူးချွန်ပါတယ်။ ကျောင်းစာမှာတော်တိုင်းလည်း ဘဝမှာအောင်မြင်တာမဟုတ်လို့ သူတို့မှာ ဘယ်လိုဝါသနာတွေရှိလဲ၊ ဘယ်လိုပါရမီအလေ့အကျင့်တွေရှိလဲဆိုတာအပေါ်မူတည်ပြီး ပျိုးထောင်ပေးပါ။
ကြိုးစားဖို့ တွန်းအားပေးလို့ရပါတယ်။ မှန်ကန်အောင်လမ်းပြပေးဖို့လိုပါတယ်။ ဒါပေမဲ့ ကိုယ်သူ့ကိုတိုက်တွန်းနေတာ ကလေးပညာရေးကောင်းဖို့လားကိုယ့်လိုအင်တွေအတွက်လားဆိုတာကိုတော့ သတိမမေ့ဖို့လိုပါတယ်။ သူကြိုးစားသင့်သလောက်ကြိုးစားပေမယ့် မအောင်မြင်လာတဲ့အခါ အပြစ်မတင်ပါနဲ့။ အဆင့်တစ်ရမှ အကောင်းဆုံးမဟုတ်ပါဘူး။ သူများနဲ့မနှိုင်းယှဉ်ပါနဲ့။ ကိုယ့်မိဘက ကိုယ့်ကိုသူများနဲ့နှိုင်းယှဉ်ပြောတာကို မကြိုက်ရင် ကိုယ်မိဘဖြစ်လာတဲ့အခါ ဘာလို့ဒီလိုအမှားကို ထပ်ကျူးလွန်မှာလဲ။
ကလေးတွေကို တော်စေတတ်စေချင်တာ မိဘတိုင်းရဲ့ဆန္ဒပါ။ ဒါပေမယ့် ကိုယ့်အတ္တလောဘတွေနဲ့ယှဉ်ပြီး ပညာပေးမိနေမယ်ဆိုရင်တော့ ကလေးကပျော်ရွှင်တော့မှာမဟုတ်ပါဘူး။ သူ့ဘဝအတွက် အကောင်းဆုံးပေးနိုင်တော့မှာမဟုတ်ပါဘူး။
ဒီတော့ ပညာကို မေတ္တာနဲ့ပေးပါနော်။
စာရေးသူ-ဆရာအောင်ကျော်ဖြိုး
မေတ္တာဖြင့်…
ဆာယာဖောင်ဒေးရှင်း အဖွဲ့သားများ