အတော်ဆုံး အားကစားသမားဖြစ်ဖို့၊ အောင်မြင်တဲ့အနုပညာရှင်ဖြစ်ဖို့၊ အတော်ဆုံး ပညာရှင်ဖြစ်ဖို့ ဘာတွေ လိုအပ်လဲဆိုတဲ့ မေးခွန်းဟာ လူအများသိချင်နေတဲ့ မေးခွန်းဖြစ်မယ်လို့ ယူဆပါတယ်။ ဒါနဲ့ပတ်သက်ပြီး သုတေသနတွေ အထင်အမြင်ယူဆချက်တွေအများကြီးရှိပါတယ်။ အချို့ကလည်း စည်းကမ်း (Discipline) ရှိရမယ်။ တချို့ကလည်း ပါရမီ (Talent) ရှိရမယ်။ အချို့ကျပြန်တော့ ဇွဲ (Grit) ရှိရမယ်လို့ ပြောကြပါတယ်။ ဒါတွေအားလုံးကလည်း အမှန်တကယ်အရေးကြီးတဲ့အချက်တွေ ဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် အတော်ဆုံး အားကစားသမား၊ အောင်မြင်တဲ့အနုပညာရှင်နဲ့ အတော်ဆုံး ပညာရှင်တွေကို လေ့လာကြည့်တဲ့အခါ အားလုံးမှာ တူညီနေတာက သူတို့ကိုယုံကြည်ပြီး အားပေးခဲ့တဲ့ ပထမဦးဆုံး နည်းပြ (သို့) ဆရာကောင်းတွေလို့ သုတေသနပညာရှင်တွေက တွေ့ရှိထားပါတယ်။
ဘာကြောင့်လဲဆိုတော့ စာဖတ်သူတို့အားလုံး စဉ်းစားကြည့်ပါနော်။ ပထမဆုံး ဘာလုပ်လုပ် ကျွမ်းကျင်တယ်ဆိုတာ အင်မတန်မှ ရှားပါတယ်။ ရေကူးချန်ပီယံ၊ တင်းနစ်ချန်ပီယံတွေလို အားကစားသမားတွေကိုကြည့်ရင် ပထမဆုံး ရေကူးတဲ့အချိန်မှာ တော်မနေသလို ရေနစ်မှာတောင်စိုးရိမ် နေကြရတာတွေရှိတယ်။ တင်းနစ်ချန်ပီယံတွေဆိုလည်း ပထမဆုံးမှာ တင်းနစ်ရိုက်တံ ကိုတောင် ဘယ်လိုကိုင်ရမလဲ မသိတဲ့သူတွေ ရှိနေသေးတာပါပဲ။ အဲ့လိုအချိန်တွေမှာ ပင်ကိုယ်အရည်အချင်း (သို့) ပါရမီဆိုတာတွေက စတင်မထွက်ပေါ်လာနိုင်သေးတဲ့အတွက် ဘယ်ရောက်နေမှန်းတောင် ပြောလို့မရပါဘူး။
စတင်ချိန်မှာ အရေးအကြီးဆုံးက နည်းပြပါပဲ။ နည်းပြတစ်ယောက်နဲ့တစ်ယောက်က မတူညီတဲ့အတွက် အားကစားသမားတွေ တော်လာလေ ပိုတော်တဲ့နည်းပြနဲ့ သင်ယူကြတာများပါတယ်။ ချန်ပီယံတွေရဲ့ ပထမဆုံးနည်းပြတွေကို လေ့လာကြည့်တဲ့အခါ သူတို့တွေဟာ အားပေးစကားပြောပေးတယ်။ ယုံကြည်မှုတွေ ပေးတယ်။ ပျော်ရွှင်အောင်ဆော့ခိုင်းတဲ့အချက်တွေ တွေ့ရပါတယ်။ ခုလိုနည်းပြတွေရဲ့လုပ်ဆောင်ချက်တွေကြောင့် အပျော်အားကစားလုပ်တဲ့ ကလေးတွေတောင် ပိုပြီးစိတ်ဝင်စားလာတာတွေ့ရတယ်။
စိတ်ဝင်စားမှုတွေရဲ့ နောက်က တွဲရက်လိုက်ပါလာတာကတော့ လေ့ကျင့်မှုပါပဲ။ လေ့ကျင့်မှုရဲ့နောက်က ဝါသနာလိုက်လာတယ်။ ဝါသနာရဲ့နောက်က ကျွမ်းကျင်မှုလိုက်လာပါတယ်။ သူ့ရဲ့နောက်ကတော့ (Talent) ပါရမီဆိုတဲ့စကားပါပဲ။ ဒါကြောင့် ဆရာ/ ဆရာမကောင်းတွေနဲ့ တွေ့ဖို့ကအရမ်းအရေးကြီးပါတယ်။
ဆရာဖေမြင့်ရဲ့ ဘာသာပြန်စာအုပ်တစ်အုပ်နဲ့ ဥပမာပေးရရင် ရပ်ဝေးကို အလုပ်သွားလုပ်တဲ့ သားဖြစ်သူက စိတ်ဓာတ်ကျတိုင်း၊ အခက်အခဲကြုံတိုင်း၊ အမေ့ဆီရင်ဖွင့် အကြံဉာဏ်တောင်းတယ်။ အမေဖြစ်သူက တစ်ခွန်းပဲ ပြန်ပြောလေ့ရှိတယ်။ ငါ့သား.. မင်း မဖြစ်နိုင်ဘူးဆိုတာ သေချာပြီးလား၊ မသေချာသေးဘူးဆိုရင် ထပ်ကြိုးစား၊ သေချာပြီဆို လက်လျှော့လိုက်တော့။
နောက်တစ်ခုအနေနဲ့ Monster University ဆိုတဲ့ ကာတွန်းကားလေးရှိတယ်။ အဲ့ဒီဇာတ်ကားထဲမှာ ခြောက်လှန့်ရတာကို အရမ်းစိတ်ဝင်စား ၊ စိတ်ပြင်းပြတဲ့ ကောင်ကလေးတစ်ယောက်ပါတယ်။ သူဟာနေ့နေ့ညည အရမ်းကြိုးစားတယ်။ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ် ကျောင်းမှာလည်းအရမ်းတော်တယ်။ ဒါပေမယ့် ပြဿနာက သူကချစ်စရာကောင်းနေတာပဲ။ ဒီတော့ သူကဘယ်လိုခြောက်ခြောက် လူတွေကမကြောက်ကြဘူး။ သူ့ဆရာကလည်းပြောတယ် မင်းဘယ်လောက်ကြိုးစားကြိုးစား မအောင်မြင်ဘူးတဲ့။ သူကခေါင်းမာတယ်၊ ငါတစ်နေ့အောင်မြင်မှာပါဆိုပြီး ပြင်းပြင်းပြပြကြိုးစားတယ်။ သူ့ရဲ့နဂိုအခံချစ်စရာကောင်းနေခြင်းကို ပြင်မရတဲ့ အခါမှာ သူရဲ့ ဖြစ်ချင်စိတ်ကို နေရာပြောင်းလိုက်ရတယ်။ သူကိုယ်တိုင်မဖြစ်နိုင်ဘူးဆိုတာသိတော့ နောက်ထပ် Monster တစ်ကောင်အတွက် သူ့ပညာတွေကိုနည်းပြ အနေနဲ့ အသုံးချလိုက်တော့အောင်မြင်မှုတွေရလာတယ်။
ဖြစ်ချင်တာတွေ၊ ဝါသနာတွေ၊ ရူးသွပ်တာတွေ၊ နေ့နေ့ညညကြိုးစားနေတာတွေ မှန်ပေမယ့် ကိုယ်ကဒီနယ်ပယ်မှာ အောင်မြင်ဖို့အတွက် လုံလောက်တဲ့အရည်အချင်း ပါလာသလားဆိုတာကို ဆန်းစစ်တတ်ဖို့ကလည်း အင်မတန်မှ အရေးကြီးတဲ့အချက်ဖြစ်သလို ဆရာကောင်းနည်းပြကောင်းတွေနဲ့ တွေ့ဖို့ကလည်းအရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။
ကိုးကား – ဒေါက်တာဖြိုးသီဟ (ဖရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်ဖို့ဆိုရင်)။
- AP’s Must Read – သုတစာပေးစာဖတ်ဝိုင်း။
စာရေးသူ – ဆရာမခင်ခင်
မေတ္တာဖြင့်..
Saya-ဆာယာ