ကျွန်မရဲ့ ပညာရေးအတွက် ဆရာမ အဖြစ်လုပ်ကိုင်လာတဲ့ သက်တမ်းတစ်လျှောက်မှာ နေရာဒေသ မျိုးစုံက ဘုန်းကြီးတွေ၊ သီလရှင်တွေ၊ ဆရာ/မတွေ၊ ရပ်ရွာလူထု၊ မိဘ၊ ကလေး စတဲ့ လူတန်းစားမျိုးစုံနဲ့ ပညာရေးအကြောင်းဆွေးနွေးလုပ်ကိုင်ခဲ့သလို၊ သင်ကြား၊ မျှဝေခြင်းတွေ အများကြီး လုပ်ဆောင်ခဲ့ပါ တယ်။ တွေ့ကြုံခဲ့တဲ့သူတွေထဲမှာ ပရဟိတလုပ်ကိုင်နေတဲ့သူ တစ်ယောက်အကြောင်းကို မျှဝေချင်ပါတယ်။ ပရဟိတလို့ ပြောလိုက်မယ်ဆိုရင် တချို့က တကယ်ကို ကိုယ်ကျိုးအတွက်မကြည့်ဘဲ အများအကျိုးအတွက် စိတ်ရော၊ ကိုယ်ရောနှစ်ပြီး လုပ်ကိုင်နေတဲ့သူတွေရှိသလို တချို့က ပရဟိတ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်ကျိုးအတွက် လုပ်ကိုင်နေတဲ့သူတွေရှိပါတယ်။ ကျွန်မ အခုမျှဝေပေးချင်တာက ပရဟိတ အစစ်အမှန်နဲ့ တကယ့်ရပ်ရွာအကျိုး၊ ကလေးတွေရဲ့ အကျိုးကို ဆောင်ရွက်ပေးနေတဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ နမ့်ခတ်အုပ်စု၊ ရင်ကွဲတောင် ဘ/က ကျောင်းကို ဉီးဆောင်တည်ထောင်ထားတဲ့ ဆရာတော် ဘုန်းဘုန်း ဉီးဝိမလရဲ့အကြောင်းကို မျှဝေပေးချင်ပါတယ်။
ဘုန်းဘုန်းကို စပြီး သိခွင့်ရခဲ့တာက ကျွန်မ Teacher Trainer တစ်ယောက်အနေနဲ့ ရှမ်းအရှေ့မှာရှိတဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေမှာရှိတဲ့ ဆရာ/မတွေရဲ့ သင်ကြားရေးနဲ့ စီမံခန့်ခွဲမှုအပိုင်းတွေကို ဖွံ့ဖြိုးတိုးတက်ရန်အတွက် သင်တန်းပေးရန်နှင့် ကျောင်းတွေကို အနီးကပ်ကူညီပံ့ပိုးပေးရန်အတွက် သွားရောက်ခဲ့စဉ်က သိခွင့်ရခဲ့တာပါ။ ဆရာတော်ရဲ့ရင်ကွဲတောင်ကျောင်းကို ကလေးတွေရဲ့ ဖွံ့ဖြိုး တိုးတက်မှု၊ ဆရာ/မတွေရဲ့သင်ကြားမှု၊ ကျောင်းစီမံခန့်ခွဲမှုတွေကို အနီးကပ် ကူညီပံ့ပိုးပေးရန် နဲ့ ကြည့်ရှုရန် သွားတဲ့ခရီးလမ်းမှာ ဆရာတော်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို သိခွင့်ရခဲ့တာပါ။ ဆရာတော်ဟာ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး နဲ့ စာရိတ္တပိုင်းဆိုင်ရာ ကောင်းမွန်ရန်အတွက်သာမက တောင်တန်းဒေသမှာရှိတဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေကိုလည်း ဖွံ့ဖြိုးတိုးတက်ရန် ကူညီ ဆောင်ရွက်ပေးနေတဲ့ ဆရာတော် တစ်ပါးဖြစ်ပါတယ်။
ရင်ကွဲတောင် ဘ/က ကျောင်းကို သွားတဲ့လမ်းက မြေပြန့်ဒေသတွေလိုမျိုး ညိမ့်ညိမ့်ညောင်းညောင်းလေး ကားစီးပြီး ဇိမ်လေးနဲ့ ထိုင်အိပ်ပြီး လိုက်လို့ရတဲ့ လမ်းကြောင်းမဟုတ်ပါဘူး။ ဒါတောင် အခုလိုသွားလာလို့ရအောင် ဆရာတော်နဲ့ တောင်တန်းဒေသလုံခြုံရေးကို တာဝန်ယူဆောင်ရွက်နေတဲ့ အဖွဲ့အစည်းခေါင်းဆောင်နဲ့ ဉီးဆောင်ပြီး ကျေးရွာသူ၊ ကျေးရွာသားတွေနဲ့ ပူးပေါင်းကာ မြေသား အရှည် (၂၄ မိုင် ၆ ဖာလုံ) အထိ နှစ်ကြိမ်တိတိ ဖောက်လုပ်ဆောင်ရွက်ထားလို့သာလျှင် အခုလို သွားလာလို့ အဆင်ပြေတာပါ။ လမ်းရဲ့တစ်ဖက်တစ်ချက်ကို ကြည့်လိုက်မယ်ဆိုရင် ချောက်ကမ်းပါး၊ ချိုင့်ဝှမ်းတွေပဲ ရှိတဲ့ ကားတစ်စီးသာ မောင်းလို့ရတဲ့ မြေသားလမ်းဖြစ်ပါတယ်။ တွေးကြည့်ရင် တကယ်ကို ခက်ခဲကြမ်းတမ်းပြီး ထိန့်လန့်စရာကောင်းတဲ့ ခရီးလမ်းဖြစ်ပါတယ်။
ကျောင်းကိုသွားတဲ့ ခရီးလမ်းမှာ ဒီလိုခက်ခဲတဲ့လမ်း၊ ဝေးလံခေါင်ပါးတဲ့ ဒေသမှာ လာရောက်ပြီး ကလေးတွေအကျိုးကို ဖြည့်စည်းပေးနိုင်တာ တော်ယုံလူတွေ မလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ပါ။ စိတ်ထဲမှာ ဆရာတော်ရဲ့ကျောင်းကိုရောက်ပြီး လက်တွေ့မမြင်ရသေးပေမယ့် အရင်ဆုံး ဆရာတော်ကို ချီးကျူးဝမ်းမြောက်မိပါတယ်။ ကိုယ်တိုင်ကလည်း ဆရာတော်ကို ဘယ်လိုကြောင့် ဒီဒေသမှာ သာသနာပြုရင်း အများအကျိုးကို ဆောင်ရွက်ခဲ့တယ်ဆိုတာကို သိချင်လာတာကြောင့် မေးခွန်းမေးမိပါတယ်။ ဆရာတော်ရဲ့ ဒီဒေသမှာ သာသနာပြုလုပ်ငန်းတွေနဲ့ အများအကျိုးလုပ်ငန်းတွေ လုပ်ဖြစ်ခဲ့ပုံကို မေးကြည့်တော့ အမှန်ဆို ဆရာတော်က ငယ်ငယ်ကတည်းကနေ ကိုရင်၊ ဉီးဇင်း၊ ဘုန်းကြီးဘဝကို ဖြတ်သန်းခဲ့တာမဟုတ်ပါဘူး။ ဆရာတော်က အရွယ်ရောက်တဲ့အထိ လူ့ဘဝမှာပဲ နေလာပြီး စီးပွားရေးအရလည်း အဆင်ပြေတယ်။ နိုင်ငံခြားမှာလဲ သင့်တင့်တဲ့ရာထူးနဲ့ အလုပ်လုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။
တစ်နေ့ ဆရာတော် မြန်မာနိုင်ငံကို အလည်အပတ်ပြန်လာပြီး သူ့ရဲ့သူငယ်ချင်းဖြစ်သူနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ ရင်ကွဲတောင်ပေါ်ဒေသကို ရောက်လာပါတယ်။ သူငယ်ချင်းနဲ့ ရောက်တုန်း ကလေးတွေကို ပညာဒါနပေးချင်တာနဲ့ တောင်ပေါ်ဒေသမှာရှိတဲ့ ကလေးတွေကို ပညာသင်ပေးတယ်။ ပညာသင်ပေးနေတဲ့ ရက်ပိုင်းအတွင်းမှာလဲ ဒီကလေးတွေအပေါ်မှာ သံယောဇဉ်တွယ် လာမိတယ်။ ပြီးတော့ တောင်ပေါ်ဒေသမှာရှိတဲ့ ကလေးတွေပညာရေး၊ ကျန်းမာရေး၊ ကိုယ်ကျင့်တရား၊ လူမှုရေး နဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး တွေဟာ ဖွံ့ဖြိုးမှုအတော်လေး နောက်ကျနေတာကို တွေ့ရတော့ ကူညီပံ့ပိုးပေးချင်တဲ့စိတ်၊ တိုးတက်အောင်လုပ်ဆောင်ပေးချင်တဲ့စိတ်၊ ကလေးတွေကို ပညာသင်ကြားပေးလိုက်တဲ့ ကာလတာ အတိုလေးအတွင်းမှာရလိုက်တဲ့ သံယောဇဉ်တွေကို ဖြတ်တောက်ဖို့၊ တိုးတက်မှုနှေးနေတဲ့အရာတွေကို မျက်ကွယ်ပြုဖို့ အင်အားမရှိဘူး။ ဒီလိုနဲ့ တောင်တန်းသာသနာပြု ဘုန်းတော်ကြီးသင်ပညာရေးဆိုတဲ့ သာသနာပြုအဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး ဘုန်းကြီးဝတ်ပြီး တောင်တန်းဒေသကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီဖို့အတွက် ဆုံးဖြတ်ချက်ချပြီး ဘုန်းကြီးဝတ်ဖြစ်သွားတယ်။
ဘုန်းကြီးဖြစ်ပေမယ့် အဲဒီဒေသမှာရှိတဲ့ ကလေးတွေ၊ ကျေးရွာသူ၊ ကျေးရွာသားတွေရဲ့ ယုံကြည်မှု ရဖို့ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ သူတို့တွေရဲ့ ယုံကြည်မှုရဖို့အတွက် ကိုယ်တိုင် သူတို့အကျိုးကို တကယ်လုပ်ဆောင်ရတယ်။ ကိုယ်တိုင်ပါဝင်တယ်။ ကလေးတွေကို ကိုယ်တိုင်စာသင်ပေးတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာ အဲဒီတောင်တန်းဒေသမှာရှိတဲ့သူတွေရဲ့ ယုံကြည်မှုကို ခိုင်မာစွာရရှိခဲ့တယ်။
ဆရာတော်ရဲ့ နောက်ထပ် လေးစားပြီး အသိအမှတ်ပြုချင်တဲ့အချက်က ဆရာတော်က မြေပြန့်ကလာပြီး ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဖြစ်ပေမယ့် ကလေးတွေရဲ့ လူမျိုး၊ ဘာသာ၊ ယုံကြည်ကိုးကွယ်မှု စတဲ့ မတူကွဲပြား တဲ့အရာတွေကို တန်ဖိုးထားပြီး ကလေးတွေရဲ့ ယုံကြည်မှုကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးတယ်။ တန်းတူဆက်ဆံပြီး ကလေးတွေရဲ့ စိတ်ကို လုံခြုံအောင်ထားတယ်။ ကျောင်းကို အိမ်ကနေ အသွား အပြန်လာရောက်မတက်နိုင်တဲ့ ကလေးတွေအတွက် ကျောင်းအိပ်၊ ကျောင်းစားရန် လုံခြုံတဲ့ အဆောက်အဉီးတွေ နဲ့ စားဖို့အတွက် အစားအစာတွေကို အလှူရှင်တွေရှာပြီး ကူညီထောက်ပံ့ပေးတယ်။ ကားပေါ်မှာပါလာတဲ့ ဘုန်းဘုန်းကျောင်းမှာ ဆရာမလုပ်နေတဲ့ ဆရာမလေးက တခါတလေ အလှူရှင်မရှိရင် ဆရာတော်ရဲ့ သင်္ကန်းတွေကိုတောင် ကောင်းတာလေးတွေရွေးပြီး ပေါင်ပြီး ကလေးတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းခဲ့ရတဲ့ အချိန်တွေရှိတယ်ဆိုတာ ဆရာမလေး ပြောပြပေးလို့ သိခဲ့ရတယ်။ ဆရာတော်ရဲ့ကျောင်းမှာ လူမျိုးမတူသူ၊ ဘာသာမတူသူ၊ ယုံကြည်ကိုးကွယ်မှုမတူတဲ့ ကလေးတွေအများကြီးရှိပါတယ်။ အဲဒီကလေးတွေကို ကောင်းစွာ ပြုစုပျိုးထောင်ရင်း ဆရာတော်ရဲ့ တောင်တန်းဒေသနဲ့ ကလေးတွေအတွက် ရည်ရွယ်ရေးထားတဲ့ ဆောင်ပုဒ်လေးကို ဆရာတော် ကျောင်းမှာ လေ့လာရင်းနဲ့ အမှတ်မထင် တွေ့ခဲ့ရတယ်။ အဲဒီ ဆောင်ပုဒ်လေးက
“ရေခြား – မြေခြား
တောင်ပေါ် – မြေပြန့်
ဆင်းရဲ – ချမ်းသာ
လူမျိုး – ဘာသာ
သူငါမရွေး – အနေဝေးလည်း
ရင်မှာပိုက်ထွေး – ကြင်နာပေးကာ
ပညာပြည့်ဝ – နှလုံးလှဖို့
တို့စွမ်းရာဖြင့် – တို့မြို့ရွာမြေ
သာယာရေး – ပျိုးထောင်ပေးအံ့” ဆိုတဲ့ ဆောင်ပုဒ်လေးဖြစ်ပါတယ်။ တကယ်ကို အဓိပ္ပာယ်ရှိတဲ့ ကဗျာလေးလို့ မြင်မိပါတယ်။
ကျွန်မ နောက်ဆုံးအနှစ်ချုပ်ပြောချင်တာက ဆရာတော်က ဗုဒ္ဓဘာသာ၊ ဗမာလူမျိုးဖြစ်ပေမယ့် သူနဲ့လူမျိုး၊ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု မတူတဲ့ ကလေးတွေကို လွတ်လပ်စွာ ယုံကြည်ခွင့်ပေးထား တာရယ်၊ ကလေးတွေရဲ့ ရုပ်ပိုင်းရော စိတ်ပိုင်းရော လုံခြုံတဲ့ပတ်ဝန်းကျင်ဖြစ်ဖို့အတွက် ဆောင်ရွက်ပေး နေတာရယ်၊ သာသနာပြုလုပ်ငန်းတွေမှာလည်း မလစ်ဟင်းရအောင် ဘုရားတည် ကျောင်းဆောက် လုပ်ဆောင်နေတာရယ်၊ ကျေးရွာသူ၊ကျေးရွာသားတွေရဲ့ သွားလာရေးလွယ်ကူအောင် လမ်းဖောက်ခြင်း လုပ်ငန်းတွေမှာ အတူတူပူးပေါင်းဆောင်ရွက်နေတာရယ် စတဲ့ လုပ်ငန်းတွေကို ကိုယ်ကျိုးအတွက် မဟုတ်ဘဲ တကယ့် ကလေးတွေရဲ့ အကျိုး၊ ရပ်ရွာအကျိုး၊ တောင်တန်းဒေသရဲ့ အကျိုးကို ပရဟိတစိတ် စစ်စစ်ဖြင့် ဆောင်ရွက်နေတယ်။ မတူတာတွေကို အသိအမှတ်ပြု တန်ဖိုးထားရင်း အတူတူ ပူးပေါင်းဆောင်ရွက် လို့ရတယ်ဆိုတာကို ဆရာတော်ရဲ့ လုပ်ဆောင်ချက်တွေကနေတဆင့် ပိုပြီး နားလည်သိရှိလိုက်ရတယ်။ ကျွန်မတို့တွေလည်း မတူတာတွေကို နားလည်လက်ခံပေးပြီး စည်းစည်းလုံးလုံးနဲ့ လုပ်ကိုင်ကြမယ်၊ မေတ္တာနဲ့ ပြောဆိုဆက်ဆံကြမယ်ဆိုရင် တကယ်ကို လှပပြီး ပျော်ရွှင်စရာကောင်းတဲ့ ကမ္ဘာကြီးဖြစ်လာမယ်ဆိုတာ ကျွန်မယုံကြည်မိပါတယ်။ ဒါကြောင့် ကျွန်မရဲ့ “မတူပေမယ့် ပေါင်းစည်းလို့ရ” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဘုန်းဘုန်း ဉီးဝိမလ ရဲ့အကြောင်းလေးကို ပြန်လည် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
စာရေးသူ – ဆရာမ နှင်းနှင်းဝေ
မေတ္တာဖြင့်…
Saya-ဆာယာ