ဘဝဆိုတာကို လူတိုင်းက အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုထားကြတယ်။ ဖွင့်ဆိုချက်တိုင်းမှာလည်း လေးနက်တဲ့ အဓိပ္ပာယ်တွေရှိနေပါတယ်။ ဘဝကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြသလို အခြေအနေ အမျိုးမျိုးနဲ့လည်း ကြုံတွေ့နေရတတ်ပြန်တယ်။ ကြုံတွေ့ရတဲ့ အခြေအနေအမျိုးမျိုးကို သင်ခန်းစာမယူ မိရင် အဲဒီအခက်အခဲမျိုးကို ထပ်ခါထပ်ခါ ကြုံတွေ့နေရအုံးမှာပဲ။ အဲတော့ ဘဝကလည်း ဘယ်သာယာနိုင်တော့မလဲ။

အင်မတန်ရှုပ်ထွေးပြီး ပရမ်းပတာဖြစ်နေတဲ့ခေတ်ကာလကြီးထဲမှာ စိတ်ကြည်လင်အောင်၊ အေးချမ်းအောင် ဘယ်လိုနေသွားကြမလဲ။ ပြင်ပလောကကြီးကို ကိုယ်လိုချင်သလိုဖြစ်အောင် ပြောင်းလဲယူလို့မရနိုင်ဘူး။ သို့သော် ကိုယ့်ရဲ့စိတ်ကို သတိလေး နဲ့ ဉာဏ်လေးနဲ့ကြည့်ပြီးပြုပြင်နိုင်မယ်ဆိုရင်တော့ တဖြည်းဖြည်း စိတ်တည်ငြိမ်တာ၊ စိတ်အေးချမ်းတာ၊ ပိုပြီးတော့ရင့်ကျက်တာတွေ ဖြစ်လာနိုင်တယ်။

အင်မတန်မှ တိုးတက်လာတဲ့ခေတ်ကာလမှာ အရင်ခေတ်ကလူတွေနဲ့ခုခေတ်လူတွေရဲ့ ဘဝနေထိုင်မှုပုံစံ၊ နေ့စဉ်ဖြတ်သန်းတဲ့ပုံစံတွေ တော်တော်ကို ကွာခြားသွားတာသတိထားမိကြမယ်ထင်ပါတယ်။ ဟိုတုန်းကလူတွေရဲ့ ဘဝဟာ မြို့ပတ်ရထား နဲ့တူတယ်။ ပုံမှန် ဒီဘူတာကထွက်ရင် နောက်ဆုံးဒီဘူတာမှာပဲ ပြန်ဆိုက်တယ်။ ဒီခေတ် လူတွေရဲ့ဘဝကတော့ (Hang Glider) လေဟုန်စီးဂလိုက်ဒါ စီးနေရသလို့ဖြစ်နေတယ်။ စက်မပါတဲ့အတွက် ကိုယ်လိုချင်တဲ့ ဘက်ကိုချက်ချင်းသွားလို့မရဘူး။လေကြောင်းကိုကြည့်ပြီးတော့ အဆင်ပြေသလိုခုန်ပြီး တက်သွားလိုက်၊ လေကြောင်းနဲ့တည့်နေရင်တော့ ဝဲလိုက်ရပြန်တယ်။ ဝဲနေရင်းနဲ့ တဖြည်းဖြည်းအမြင့်ကို တတ်လို့ရတယ်။ ပြီးမှ ကိုယ်လိုချင်တဲ့ဘက်ကိုဦးတည်ပြီးထိုးချလိုက်ရင် ရောက်သွားနိုင်တယ်။ ပြောချင်တာက ယနေ့ခေတ်ဘဝတွေဟာ ပတ်ဝန်းကျင်အခြေအနေကို အင်မတန်သတိထားပြီး ရှင်သန်နေကြရတယ်။

ဂလိုက်ဒါ စီးနေရသလိုဖြစ်နေတဲ့ ဒီနေ့ခေတ်ထဲကလူတွေဟာ လုပ်ကိုင်စရာတွေများလွန်းလို့ မနက်နိုးနိုးချင်းမှာ လူကယောက်ယက်ခတ်နေတယ်။ ယောက်ယက်ခတ်နေတော့ စိတ်က မအေးချမ်းပြန်ဘူး။ မအေးချမ်းတော့ စိတ်ထဲမှာ တင်းကျပ်မှုတွေဖြစ်လာတယ်။ အဲဒီတင်းကျပ်မှုတွေဟာ အင်မတန်ကြောက်ဖို့ကောင်းတယ်။ အဲဒါကို အမြဲတမ်းသတိထားပြီး လျှော့ချဖို့လိုတယ်။ တင်းကျပ်တာတွေကနေ မကျေနပ်တာတွေဖြစ်သွားနိုင်တယ်။ မကျေနပ်တဲ့စိတ်အခံဓာတ်ရှိနေရင် တစ်ခုခုဖြစ်တိုင်း အဲဒီစိတ်အခံဓာတ်က ကြီးကြီးလာတယ်။ စိတ်အခံဓာတ် လျော့ကျသွားဖို့ အဲဒီစိတ်အခံမကျေနပ်တာကို သိနေဖို့က ပထမအရေးကြီးတဲ့အချက်ဖြစ်တယ်။ မကျေနပ်တာ၊ တင်းကျပ်တာ၊ ဒေါသထွက်တာတွေဟာ သူတို့အကြောင်းကောင်းကောင်းသိသွားရင် အစွမ်းမပြနိုင်တော့ပါဘူး။

ဘဝဆိုတာ တစ်ခါတလေ တိမ်စိုင်တွေလိုပဲ။ နေရာတစ်ခုတည်းမှာ ရပ်တန့်နေလို့မရသလို၊ ဘယ်အချိန်ပြိုကွဲ သွားမယ်ဆိုတာကိုလည်း ကြိုသိခွင့်မရှိပြန်ဘူး။ တစ်ခါတလေ လင်းလက်တောက်ပနေတုန်း ရုတ်တရက်ချက် ချင်းမှောင်မိုက်သွားပြန်တယ်။ လင်းလက်တောက်ပ နေတာကနေ မှောင်မိုက်သွားတဲ့ အပြောင်းအလဲမှာ တည်ငြိမ်ဖို့ ဆိုတာ အင်မတန်ခက်ခဲပါတယ်။ အပြောင်းအလဲနဲ့မတည်ငြိမ်မှုတွေကို ဖြတ်သန်းတဲ့နေရာမှာ အရေးကြီးဆုံးအရာ ကတော့ စိတ်ဓာတ်မာဖို့ နဲ့ ခံနိုင်ရည်ရှိဖို့ဖြစ်ပါတယ်။ တိမ်စိုင်တွေဟာ ရောက်ရာနေရာမှာ မည်းချင်မည်းသွားလိုက် ဖြူချင်ဖြူသွားလိုက် ရွေးချယ်ခွင့် ရှားပါးပြီး အပြောင်းအလဲမြန်သော ဖြစ်တည်တာတွေ နဲ့လွင့်မျောနေတတ်တယ်။ ဒီနေရာမှာဘဝအတွက်တော့ မသေချာ မရေရာတာတွေထဲကနေ လမ်းရှာဖို့တော့ လိုပါတယ်။

ဥပမာစဉ်းစားကြည့်ပါနော်။ ကိုဗစ်-၁၉ နဲ့ နိုင်ငံရေးအခြေအနေတွေကို အားလုံးအတူတူခံစားနေကြရတာ တူတူပဲ။ ဒါပေမယ့် အချို့လူတွေကတော့ ဒီလိုဆိုးရွားတဲ့အခြေအနေထဲကနေ ဘဝအတွက် တက်လမ်းတွေ၊ ရှင်သန်ဖို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ ရည်မှန်းချက်တွေဆီကိုအရောက်သွားနိုင်တယ်။ တစ်ဖက်မှာတော့ ဒီအခြေအနေအတွေကြားထဲမှာ သောကတွေတပုံတပင်နဲ့စိတ်တွေပင်ပန်းပြီး လမ်းပျောက်နေကြပြန်တယ်။

တစ်ခါတစ်ရံ ဘဝက လမ်းတစ်ခုနဲ့တူသွားပြန်ရော့။ လမ်းရဲ့အစ အဆုံးတစ်လျှောက်လုံး ချောမွေ့နေမှာမဟုတ် ဘူး။ အနာ၊ အဆာတွေထဲနစ်ဝင်နိုင်သလို အဖုအထစ်တွေကြောင့် ထိခိုက်နိုင်ပြန်တယ်။ အချို့အစိတ်အပိုင်းတွေက လည်း ပျက်စီးနေနိုင်တယ်။ ဒါပေမယ့် အသစ်ချဲ့ထွင်နိုင်သလောက် ကျယ်ပြန့်လာနိုင်သလို အဲလိုအသစ်ချဲ့ထွင်နိုင် ဖို့ ပစ်ပယ်ဖို့လိုအပ်တာတွေကိုလည်း ကျေကျေနပ်နပ်နဲ့ပစ်ပယ်ဖို့လိုအပ်တယ်။ ဘဝကလမ်းဆိုရင် အဲဒီလမ်းကို ကိုယ်တိုင်ဖန်တီးတည်ဆောင်လို့ရပါတယ်။ ကိုယ့်ဘဝရဲ့ အနာ၊ အဆာ၊ ပျက်စီးနေတာတွေနဲ့ မလိုအပ်တာတွေကို ဆွဲယူမထားပါနဲ့။ ကျေကျေနပ်နပ်နဲ့ စွန့်ပစ်ပြီး အကောင်းဆုံး အချောမွေ့ဆုံးလမ်းတစ်ခုကို ဖောက်ထွင်လိုက်ပါ။

နောက်တစ်ခုအနေနဲ့ ဘဝဆိုတာ ရေးဆွဲမပြီးသေးတဲ့ ပန်းချီကား တစ်ချပ်လိုပါပဲ။ ထပ်ပြီးဖြည့်စွက်ရမည့် အရောင်၊ အစိတ်အပိုင်းတွေအများကြီးရှိနေသေးတယ်။ ရေးဆွဲမပြီးသေးတဲ့ အချိန်ကာလမှာ ပျက်ပြယ်၊ လွင့်ပြယ်သွားမယ့် အရာတွေလည်းရှိနေပြန်တယ်။ ကိုယ့်သတိမထားမိလိုက်တဲ့အချိန်မှာအခြားသူတွေကလည်း ဝင်ရောက်ဖြည့်စွက်ပြီးရေးဆွဲနိုင်သေးတယ်။ ဘယ်လိုဖြစ်ဖြစ် ဘဝဟာကိုယ်ပိုင်တဲ့အရာဖြစ်ပြီး ကိုယ့်သဘော၊ ကိုယ့်စိတ်ကြိုက်ရေးဆွဲနေတဲ့ ပန်းချီကားလေးလိုဖြစ်နေမှာပါ။ ကိုယ်ရေးဆွဲနေတဲ့ ပန်းချီကားကိုတော့ ကိုယ်သေသေချာချာသိပြီးနားလည်ထားဖို့လိုပါတယ်။ လူတွေရဲ့ဝေဖန်သံကြောင့်ကိုယ့်ရဲ့လှပတင့်တယ်တဲ့ ပန်းချီကားလေး မပျက်စီးပါစေနဲ့။ လူတွေဟာ ကောင်းတာတွေကို ရေပေါ်မှာ ရေးမှတ်ထားကြပြီး မကောင်းတဲ့ အမှတ်တရတွေ၊မှတ်ဉာဏ်တွေကိုတော့ နှလုံးသားထဲနဲ့ ကျောက်တုံးပေါ်မှာ ရေးမှတ်ထားကြလို့ပါ။

နောက်ဆုံးအနေနဲ့ ဘဝဆိုတာ ရေနဲ့မီးလိုပါပဲ။ ပူတစ်ခါအေးတစ်လှည့်ပေါ့။ အမြဲတမ်းမအေးနိုင်သလို အမြဲတမ်းလည်း မပူနိုင်ပါဘူး။ ဒါကြောင့် ရေလိုဘဝကိုရနေတဲ့အချိန်မှာ မီး လို့ဘဝအခြေအနေရောက်သွားရင် ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်ထားဖို့ မေ့မနေပါနဲ့။ ဘဝရဲ့ လှည့်ကွက်အားလုံးကို တည်ငြိမ်စွာဖြတ်သန်း ကိုင်တွယ်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဆောင်းပါးလေးအနှစ်ချုပ်ပါရစေ။

စာရေးသူ-ဆရာမခင်ခင်

မေတ္တာဖြင့်……

Saya-ဆာယာ