Reading – ဒိုင်ယာလော့

David Bohm၏ အယူအဆ

Dialogue ဆိုသည့် စကားလုံးသည် ဂရိစကားလုံးဖြစ်သည့် “dialogos”ဟူသော စကားလုံးမှ ဆင်းသက်လာသည်။ Dia ဆိုသည်မှာ ဖြတ်သန်းခြင်း၊ စီးဆင်းခြင်း ဟူသော အဓိပ္ပါယ်ရှိခဲ့ပြီး၊ Logos ဆိုသည်မှာ စကားလုံး (သို့) စကားလုံး၏ အဓိပ္ပါယ် ဟု ဆိုနိုင်သည်။ ထိုကြောင့် Dialogos ဆိုသည်မှာ စကားလုံးများ၏ အဓိပ္ပါယ်များ စီးဆင်းခြင်းဖြစ်စဉ်ဟု ယူဆနိုင်သည်။  စကားလုံးများ၏ အနက်အဓိပ္ပါယ်နှင့် နားလည်မှုများ တစ်ဦးမှ တစ်ဦး၊ အဖွဲ့တစ်ခုမှ နောက်ဖွဲ့ စီးဆင်းစေရန် အပြန်အလှန် ဆွေးနွေးခြင်း၊ ဖလှယ်ခြင်း၊ နားထောင်ပေးခြင်းဖြစ်စဉ်ကို Dialogue ဟူ၍ ယခုခေတ်တွင် သုံးနှုန်းကြသည်။ Dialogue ဆိုတာ ပါဝင်သူတိုင်းရဲ့ ရပ်တည်ချက်တွေနဲ့ အယူအဆတွေကို စုစုစည်းစည်းမြင်တွေ့ခွင့်ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ 

William Isaacs၏ အယူအဆ

Dialogueဆိုတာ ဂရိဘာသာစကား Dialogos ကနေ ဆင်းသက်လာပါတယ်။ Dia (ဖြတ်သန်းစီးဆင်းခြင်း)နဲ့ logos (စကားလုံး/အဓိပ္ပါယ်)တို့ ပေါင်းစည်းထားခြင်းဖြစ်ပါတယ်။ သို့သော် Logos ဆိုတဲ့ စကားလုံးကို “အတူတကွ စုစည်းခြင်း/ဆက်စပ်မှုရှိခြင်း”ဆိုတဲ့ အဓိပ္ပါယ်လည်း ဖွင့်ဆိုလို့ရတာမို့  Dialogue ဆိုတာ လူတွေကြားထဲက ဆက်စပ်မှု (Relationship)ကို နားလည်အောင်ပြုလုပ်ပြီး ဆွေးနွေးခြင်းလို့လည်း ဘာသာပြန်နိုင်ပါတယ်။ ဆွေးနွေးတဲ့အခါ ဘက်လိုက်ခြင်းမရှိသည့် ဘုံဦးတည်ရာတစ်ခုအတွက် အတူတကွ စကားဝိုင်းဆွေးနွေးခြင်းဖြစ်ဖို့လည်း လိုပါတယ်။ မတူညီကွဲပြားတဲ့ အတွေးအခေါ်အယူအဆတွေနဲ့ စိတ်စွမ်းအင်တွေကို အားလုံးအတွက် အကျိုးရှိစေမယ့် အရာတစ်ခုအဖြစ် အသွင်ပြောင်း ဖန်တီးကြတဲ့ ဖြစ်စဉ်လို့လည်း အဓိပ္ပါယ်ဖွင့်နိုင်မယ်ထင်တယ်။ 

Thich Naht Hanh၏ အယူအဆ စစ်မှန်သော Dialogue မှာ ပါဝင်သူတွေ အကုန်လုံးဟာ ပြောင်းလဲလိုစိတ်ရှိရပါတယ်။ စစ်မှန်ခြင်းတရားဆိုတာ ကိုယ့်ဆီက (သို့) ကိုယ့်အဖွဲ့အစည်း/ဘာသာဆီကနေသာ ရနိုင်တာမဟုတ်ဘဲ ကိုယ်နဲ့ မတူညီတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေဆီကနေလည်း သင်ယူလေ့လာနိုင်တယ်ဆိုတဲ့ အမြင်ရှိဖို့လိုပါတယ်။ မတူညီတာတွေသင်ယူဖို့၊ ပြောင်းလဲမှုကို လက်ခံနိုင်ဖို့ စိတ်တွေက အဆင်သင့်မဖြစ်ရင် Dialogue ဆိုတာ အချည်းနှီးသာ ဖြစ်မှာပါ။ စကားဝိုင်း (Dialogue)ဆိုတာ အပြန်အလှန် နားထောင်၊ စကားပြောကြရင်း တဖက်လူရဲ့ အမြင်ကို လက်ခံရမယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ ကိုယ်တိုင် အပါအဝင် ဘယ်သူ၊ဘယ်ဝါရဲ့ အမြင်ကိုမှ အစွဲမထားဘဲ စကားဝိုင်းမှာ ပေါ်လာတဲ့ ကောင်းသော၊ အဓိပ္ပါယ်ပြည့်ဝသော၊ မှန်ကန်သော အတွေးအမြင်တွေကနေတဆင့် ကိုယ့်ကိုကိုယ် ပြောင်းလဲနိုင်ဖို့ စိတ်တံခါးဖွင့်ရတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ သက်ရှိသတ္တဝါနဲ့ သဘာဝတရားဟာ ပြောင်းလဲတဲ့ သဘောသဘာဝရှိပြီးသားမို့ ပြောင်းလဲခြင်းကို လေးစား တန်ဖိုးထားခြင်းဟာ စကားဝိုင်းယဉ်ကျေးမှုမှာ အရေးပါပါတယ်။