မြန်မာပြည်မှ ဘက ကျောင်းများနှင့် သြစတျေးလျမှ ကတ်သလစ်ကျောင်းများ
ကျွန်မ အသက် ၁၀ နှစ်ကနေ ၁၀တန်းအောင်တဲ့အထိ မြန်မာပြည်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ တက်ခဲ့ပါတယ်။ ၁၀ တန်း ဖြေပြီးတဲ့နောက်နေ့ကစပြီး ဘုန်းကြီးကျောင်းမှာ လုပ်အားပေးဆရာမလုပ်ခဲ့ပါတယ်။ နောက် မူလတန်းသင်ကြားရေး မဟာဘွဲ့အတွက် သြစတျေးလျမှာ ရှိတဲ့ ကတ်သလစ်တက္ကသိုလ်မှာ တက်ရောက်ခဲ့ပါတယ်။ ကတ်သလစ်မူလတန်းကျောင်းတွေမှာလည်း အလုပ်သင်အဖြစ် လက်တွေ့သင်ယူလေ့လာ လေ့ကျင့်ခဲ့ပါတယ်။ အခု မျှဝေမှာကတော့ သြစတျေးလျနိုင်ငံမှာရှိတဲ့ ကတ်သလစ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေရဲ့ အကြောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဘကကျောင်းတွေရော ကတ်သလစ်ဘုန်းတော်ကြီးသင်ပညာရေးကနေ ဘာတွေ သင်ယူနိုင်မလဲ၊ မြန်မာနိုင်ငံ ပညာရေးဌာနကရော သြစတျေးက ပညာရေးစနစ်ကနေ ဘာသင်ယူနိုင်မယ်ဆိုတာကို စာဖတ်ပြီး မေးခွန်းလေးတွေ ဖြေပေးခဲ့ပါ။
ဆရာ၊မ ဖြစ်လာပုံ
– ကျွန်မတို့ မူလတန်းသင်ကြားရေးအထူးပြု ကျောင်းသူကျောင်းသားတွေကို ကျောင်းအပ်ကတည်းက ကတ်သလစ်ဘာသာရေးဆိုင်ရာ အသိမှတ်ပြုလက်မှတ်လိုချင်ပါသလားမေးပါတယ်။ ကတ်သလစ်ကျောင်းတွေမှာ အလုပ်ရလိုတဲ့ဆရာ၊မတွေက သင်ကြားရေးဘွဲ့လက်မှတ်အပြင် ဘာသာရေးဆိုင်ရာအသိမှတ်ပြုလက်မှတ်လိုပါတယ်။ ကတ်သလစ်ကျောင်းမှာ မလုပ်လိုတဲ့ ဆရာ၊မတွေအနေနဲ့ တက်စရာမလိုပါဘူး။ အဲဒီ့အသိမှတ်ပြုလက်မှတ်ရဖို့ ဘာသာရေးဆိုင်ရာအကြောင်းအရာတွေ၊ ကလေးတွေကို သင်စေချင်တဲ့ခေါင်းစဉ်တွေရဲ့နောက်က အကြောင်းရင်းတွေ၊ ကလေးတွေကို ဘာသာရေးသင်ကြားပုံနည်းစနစ် စတာတွေကို သင်ယူရပါတယ်။ အဲ့လိုသင်ယူထားပြီး အသိမှတ်ပြုလက်မှရထားသူသာ ကတ်သလစ်ကျောင်းတွေမှာ တရားဝင်သင်ခွင့်ရှိပါတယ်။
– အသိမှတ်ပြုလက်မှတ်ရထားပေမယ့် သင်ကြားရေးဆိုင်ရာ အသိမှတ်ပြုလက်မှတ်မရထားရင်လည်း သင်ခွင့်မရှိပါဘူး။ ဘာလို့လဲဆိုရင် သင်ကြားရေးအသိမှတ်ပြုလက်မှတ်မရှိသူဟာ ဆရာဖြစ်လိုင်စင် မရှိလို့ပါ။ ဆရာဖြစ်လိုင်စင်လုပ်ဖို့အတွက် ကျွန်မတို့ ကျောင်းပြီးတဲ့အခါ ကျွန်မတို့ရဲ့ လေ့လာထားတဲ့၊ တတ်ကျွမ်းထားတဲ့ ပညာရပ်တွေကို သက်သေတွေကို ကိုယ်တက်ရောက်ခဲ့တဲ့ ကျောင်းရဲ့ ပညာရပ်ဆိုင်ရာ သက်သေ စာရွက်စာတမ်းတွေနဲ့အတူ ပူးတွဲတင်ရပါတယ်။ ဥပမာ ပြင်ဆင်ထားတဲ့ သင်ခန်းစာတွေ၊ ပြုလုပ်ခဲ့ဖူးတဲ့ သင်ခန်းစာသုံးသပ်ချက်တွေ ကိုကြည့်ပြီး ဆရာဖြစ်နိုင်မဖြစ်နိုင် (လိုင်စင်ရ၊မရ) ဆုံးဖြတ်ကြပါတယ်။ အဲဒီ့လို သက်သေတွေကို စုပြီး အစိုးရကို တင်ပြီး ပညာရေးဌာနက အသိမှတ်ပြုပြီဆိုမှ ဆရာဖြစ်လိုင်စင်ရပါတယ်
– လိုင်စင်အပြင် Working With Children Card (ကလေးများနဲ့အလုပ်လုပ်ခွင့်ကဒ်)လို့ခါ်တဲ့ ကလေးတွေကို အကြမ်းဖက်မှုမလုပ်ပါဘူး၊ အကြမ်းဖက်မှုတွေမလုပ်ဖူးပါဘူးလို့ အာမခံအနေနဲ့သုံးလို့ရတဲ့ သက်သေခံကဒ်ပြားကို လုပ်ငန်းသုံးအတွက် ပြုလုပ်ရပါတယ်။ အဲဒီ့ကဒ်လုပ်ဖို့အတွက် ပြစ်မှုကင်းရှင်းကြောင်း စတဲ့ စာရွက်စာတမ်းတွေကိုဆိုင်ရာဆိုင်ရာ တင်ရပါတယ်။
– နောက်ဆုံး ၁) ဆရာဖြစ်လိုင်စင်ရယ်၊ ၂) ဘာသာရေးဆိုင်ရာ အသိမှတ်ပြုလက်မှတ်ရယ်၊ ၃) ကလေးနှင့် အလုပ်လုပ်ခွင့်ကဒ်ရယ် ၊ ၄) ကိုယ့်ပညာတွေကျွမ်းကျင်မှုတွေကိုသက်သေပြမယ့် သက်သေလုပ်ငန်းစာရွက်တွေ ယူပြီး ကတ်သလစ်ကျောင်းမှာ အလုပ်လျှောက်လို့ ရပါပြီ။ အလုပ်လျှောက်ပြီးရင် အလုပ်လျှောက်ထားတဲ့ ကတ်သလစ်ကျောင်းက ကျောင်းအုပ်နဲ့ ဝန်ထမ်းရွေးချယ်ရေး အဖွဲ့က သူတို့ကျောင်းရဲ့ တန်ဖိုးထားမှု၊ စံနှုန်း၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့သူမျိုးကိုပဲ ရွေးချယ်ခန့်အပ်ပါတယ်။
အစိုးရကျောင်းတို့၊ ပုဂ္ဂလိကကျောင်းတို့မှာတော့ လိုင်စင်ရယ်၊ ကလေးနှင့်အလုပ်လုပ်ခွင့်ကဒ်ရယ်၊ လိုအပ်တဲ့ အရည်ချင်းသက်သေ လုပ်ငန်းစာရွက်တွေပါရင် အလုပ်လျှောက်လို့ရပါတယ်၊ ဘာသာရေးဆိုင်ရာ အသိမှတ်ပြုလက်မှတ်မလိုအပ်ပါဘူး။
မေးခွန်း (၁) – ကတ်သလစ်ပညာရေး၊ သြစတျေးလျနိုင်ငံရဲ့ ဆရာ၊မ ခန့်ထားရေး ပုံစံကို ရေးရေးလေးမြင်လာတဲ့အခါ မြန်မာနိုင်ငံက ဘကကျောင်းတွေ၊ အစိုးရကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေမှာ ဆရာ၊မခန့်ထားရေးကို ဘယ်လိုတွေ လက်ရှိ ဆောင်ရွက်နေလဲ။ ဘယ်လိုတွေ ပြောင်းလဲလိုက်ရင် ကလေးတွေ ပညာရေးအတွက် ပိုထိရောက်မယ်ထင်လဲ။
အခွင့်အလမ်း
– ကတ်သလစ်ကျောင်းတွေဟာ အစိုးရကျောင်းတွေ မဟုတ်ကြပါဘူး။ အဲဒီ့အတွက် “ကလေးတစ်ယောက်ချင်းစီ” အတွက် ကောင်းမွန်တဲ့ ပညာရေးတစ်ခု ပေးတဲ့နေရာမှာ ကုန်မယ့် ကုန်ကျစရိတ်ကို သြစတျေးလျ အစိုးရက ၁၀၀% ထောက်ပံ့မှု မပေးပါဘူး။ ဒါပေမယ့် ၈၀% ထောက်ပံ့ပါတယ်။ ဒေသခံ ဘာသာရေးယုံကြည်သူတွေရဲ့ အလှူထည့်ဝင်မှုနဲ့ ကျောင်းသားမိဘတွေရဲ့ ပံ့ပိုးမှုကြောင့် ရရှိလာတဲ့ ပညာရေးရန်ပုံငွေဟာ လိုနေတဲ့ ၂၀%ထက်ပိုမို ကျော်လွန်နေပါတယ်။ ဒါကြောင့် ကတ်သလစ်ကျောင်းတွေရဲ့ ပညာရေးဆိုင်ရာ ငွေကြေးသုံးစွဲနိုင်မှုဟာ အစိုးရကျောင်းတွေထက် သာလွန်ပါတယ်။ ရရှိထားတဲ့ ပညာရေးစရိတ်ဟာ အစိုးရကျောင်းတွေထက် သာလွန်နေတဲ့အတွက် အစိုးရကျောင်းကဆရာ၊မတွေ ဝန်ထမ်းတွေထက် လစာ ပိုရကြပြီး၊ ကလေးတွေရဲ့ ပညာရေး အရေအသွေး မြှင့်တင်ရေးအတွက် လိုအပ်မယ့် အရာတွေအတွက် ပိုပြီး အသုံးပြုနိုင်တာပေါ့။ သြစတျေးလျနိုင်ငံတစ်နိုင်ငံလုံးမှာ ကတ်သလစ် ကျောင်းပေါင်း ၁၇၀၀ခန့်ရှိပြီး ဝန်ထမ်းပေါင်း ၇သောင်းဝန်းကျင်မှာ ရှိပါတယ်။ ၂၀၁၄ လောက်မှာ ကျောင်းသားပေါင်း ၇သိန်းကျော် တက်ရောက်ခဲ့ပါတယ်။
မေးခွန်း (၂) – မြန်မာနိုင်ငံက ဘကကျောင်းတွေကိုရော ဘယ်လောက် ပံ့ပိုးပေးမှုတွေရှိတယ်ဆိုတာ မျှဝေပါဦး။ အစိုးရဘက်က၊ ရပ်ရွာလူထုဖက်က၊ မိဘတွေဘက်က အခုလက်ရှိပံ့ပိုးနေတဲ့ပုံနဲ့ ပံ့ပိုးတဲ့ပမာဏအပေါ် ဘယ်လိုထင်ပါလဲ။ ပိုကောင်းသွားအောင် ဘယ်လို ပြုပြင်ဖို့လိုမယ်ထင်လဲ။
သင်ရိုးညွှန်းတမ်း
– ဘယ်ကျောင်းမှာမဆို ပြည်နယ် အစိုးရက အသိမှတ်ပြုထားတဲ့ သင်ရိုးညွှန်းတမ်းကို ရည်ညွှန်းသင်ကြားရပါတယ်။ ရည်ညွှန်းတယ်ဆိုတာ ကလေးတွေအတွက် ဘုံ သတ်မှတ်ထားတဲ့ အသိပညာ၊ ကျွမ်းကျင်မှု၊ စိတ်နေသဘောထားတွေကို “ကိုးကား”ပြီး ကိုယ့်စာသင်ခန်းထဲက ကလေးနဲ့ ကိုက်ညီတဲ့ ခေါင်းစဉ်၊ သင်ကြားနည်းစနစ်ကို ရွေးချယ်သင်ကြားတာကို ဆိုလိုပါတယ်။ ကျောင်းတိုင်းမှာတက်ရောက်တဲ့ ကလေးတွေက မတူညီကြတာကို အသိမှတ်ပြုတဲ့အတွက် ကိုယ့်အတန်း၊ ကိုယ့်ကျောင်းမှာ တက်နေတဲ့ကလေးနဲ့ ကိုက်ညီတဲ့ လုပ်ငန်း၊သင်ခန်းစာ၊ စစ်ဆေးမှုပုံစံကို ရွေးချယ်မှု ပြုရပါတယ်။ အစိုးရကျောင်းက၊ ပြည်နယ် ပညာရေးဌာန က ဝင်ရောက်စွက်ဖက်မှုကို မခံရပါဘူး။
– စာပေ၊အတွက်အချက်၊သိပ္ပံ၊သမိုင်းစတဲ့ ကျောင်းစာတွေတင်မကပါဘူး အခြားကျောင်းတွေလိုမျိုး အားကစား၊ ဂီတ၊ အနုပညာ၊ စိုက်ပျိုးရေး၊ ဘာသာစကား စတဲ့ အခြား ကလေးတွေရဲ့ စိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့ သင်ရိုးတွေကိုလည်း သင်ယူခွင့် ရှိကြပါတယ်။
မေးခွန်း (၃) – ဘကကျောင်း၊ အစိုးရကျောင်း၊ပုဂ္ဂလိကကျောင်းတွေမှာ သုံးနေတဲ့ သင်ရိုးညွှန်းတမ်းတွေအပေါ် ဘယ်လိုမြင်လဲ။ အစိုးရရဲ့ သင်ရိုးညွှန်းတမ်း၊ စစ်ဆေးအကဲဖြတ်မှုနဲ့ အခြားသော သင်ကြားရေးဆိုင်ရာ ကဏ္ဍတွေမှာ ပံ့ပိုးမှု၊ စီမံခန့်ခွဲမှုကို ဘယ်လို ထင်ပါသလဲ။ ဘာတွေ ပိုကောင်းအောင် လုပ်ရင်ကောင်းမလဲ။
အပေါ်ကအကြောင်းအရာတွေကြည့်ပြီး ကျွန်မတို့ မြန်မာပြည်က ဘကကျောင်းတွေ၊ အစိုးရကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေနဲ့ သြစတျေးလျနိုင်ငံက ကတ်သလစ်ကျောင်းတွေဟာ ကွာဟလွန်းတယ်လို့ခံစားနေမယ်ထင်တယ်။ ကလေးတွေ အပေါ်မှာ ထားတဲ့ မေတ္တာ၊ စေတနာတွေကတော့ တူပါတယ်။ ဘာသာရေးကျောင်းတွေဖြစ်တဲ့ မြန်မာနိုင်ငံက ဘကကျောင်းတွေနဲ့ သြစတျေးလျနိုင်ငံက ကတ်သလစ်ကျောင်းတွေဟာ ဘာသာမတူညီတဲ့ ကလေးတွေကို ခွဲခြားမှုမရှိ ကြိုးစားသင်ကြားပေးနေတာတွေလည်း တူညီကြပါတယ်။ ကောင်းမွန်တဲ့ ဘာသာဝင်တွေဖြစ်အောင် သွန်သင် ကူညီပံ့ပိုးလိုတဲ့ ရည်ရွယ်ချက်တွေလည်း တူညီကြပါတယ်။ ဘာသာရေးခေါင်းဆောင်တွေရဲ့ နိုင်ငံတွေအပေါ်မှာ ထားတဲ့ စေတနာတွေကလည်း တူညီကြပါတယ်။
ကျွန်မတို့ နိုင်ငံရဲ့ ပညာရေးလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းကနေ အတတ်နိုင်ဆုံး ဖြည့်စည်းပေးနိုင်ဖို့အတွက် ရှိတဲ့ဝန်ထမ်း၊ နိုင်တဲ့အားနဲ့ ပညာအခွင့်အလမ်း ဝေးနေတဲ့ ကလေးတွေကို ပညာပေးနေတဲ့ ဆရာ၊မတွေ ဆရာတော်ဘုရားတွေ၊ ဆရာလေးဘုရားတွေ အားလုံးကို လေးစား ကြည်ညိုမိပါတယ်။