မိဘတွေ၊ ဆရာ၊မတွေ၊ ပညာရေးနဲ့ဆက်စပ်သူတွေဆိုရင် ဒီစာလေးကို ဖတ်ပါ။ ပုံပြင်ကြိုက်သူ၊ စာဖတ်သူ၊ အရေးအဖတ်သင်ရသူ၊ ဘာသာရပ်တွေ သင်ရသူတွေဆိုလည်း ဒီစာလေးကို ဖတ်ပေးပါ။
ဒီနေ့မျှဝေချင်တာကတော့ ပုံပြင်တွေကို ချိတ်ဆက်ပုံကို အခြေခံပြီး ဘာသာရပ်ဆိုင်ရာ အကြောင်းအရာတွေ သင်တဲ့အခါ ထိရောက်အောင် ဘယ်လို ချိတ်ဆက်သင်ကြားရမလဲဆိုတာပါ။ အခု မျှဝေမယ့် ချိတ်ဆက်မှုတွေအကြောင်းကို အမေရိကန်နိုင်ငံက ပုံပြင်ဆိုင်ရာ နည်းပညာရှင်ဆရာမကြီး Magaret Read MacDonald နဲ့ ဆရာမကြီးရဲ့ မိသားစုရေးတဲ့Teaching with Story: Classroom Connections to Storytelling စာအုပ်မှာစတင်သိခဲ့ရပါတယ်။ အဲဒီ့ အချက်အလက်တွေကို အခြေခံပြီး ကျွန်မရဲ့ အမြင်တွေနဲ့ ပေါင်းစပ် မျှဝေပါ့မယ်။
စာတွေ၊ ပုံပြင်တွေဆိုရင် ကျွန်မတို့က ကလေးတွေရဲ့ စရိုက်လက္ခဏာတွေနဲ့ ကိုယ်ကျင့်တရား (Character)ကိုပဲ ဦးစားပေးပြီး သင်ကြတယ်။ ဒါပေမယ့် အခြားချိတ်လို့ရမယ့် C ချိတ်တွေကတော့ –
၁) Community (အသိုင်းဝန်း၊ ရပ်ဝန်း) – ပုံပြင်တွေ၊ စာအုပ်တွေဟာ စာသင်ခန်းက ကလေးတွေကို အတူတစ်ကွ ပူးပေါင်းစေတယ်။ ပုံပြင်ပြောချိန်၊ စာဆွေးနွေးချိန်မှာ ကလေးတွေဟာ အတူတစ်ကွ နားထောင်ရတယ်၊ ဆွေးနွေးရတယ်။ အဲဒီ့အပြင် ပုံပြင်တွေ စာအုပ်တွေကနေတစ်ဆင့် ကိုယ့်ရပ်ရွာ၊ ဒေသ အခြေအနေနဲ့ ချိတ်ဆက်ဆွေးနွေးခိုင်းရလို့ရတယ်။ စာအုပ်ထဲက အချက်အလက်တွေ အသုံးပြုပြီး ကိုယ့်ဒေသ၊ ရပ်ဝန်း၊ စာသင်ခန်း ပိုမိုကောင်းမွန် ဖွံ့ဖြိုးဖိုက ဘာလုပ်လို့ရမလဲဆိုတဲ့ ချိတ်ဆက်မှုမျိုးတွေလည်း လုပ်လို့ရပါတယ်။
ဥပမာ – ပထဝီစာအုပ်ထဲက မြေအနေအထားတွေ အကြောင်းသင်ပြီးတဲ့အခါ ကိုယ့်အိမ်၊ ကျောင်း၊ဒေသက မြေအမျိုးအစားတွေ ကို ဆက်လေ့လာ၊ ပြီးရင် မြေအမျိုးအစားအလိုက် စိုက်သင့်တဲ့အပင်တွေကို စိုက်ကြတာမျိုးပေါ့။
……………………………………………..
၂) Character (စရိုက်၊လက္ခဏာ၊အပြုအမူ) – ကလေးတွေကို စာအုပ်တွေဖတ်ပြရင် စာအုပ်ထဲက ဇာတ်ကောင်စရိုက် တွေ အပေါ်မှာ မူတည်ပြီး ဘယ်လိုကတော့ ကောင်းတယ်၊ ဘယ်အရာကတော့ မကောင်းဘူးဆိုတာ သင်ပေးလို့ရတယ်။ ကောင်းတဲ့ ဇာတ်ကောင်စရိုက်၊ ဖြစ်ရပ်တွေ ကနေတစ်ဆင့် ကိုယ်လည်း ကောင်းအောင် ဘယ်လို နေသင့်တယ်ဆိုတာ ဆွေးနွေးသင့်သလို မကောင်းတဲ့ ဇာတ်ကောင်စရိုက်၊ဖြစ်ရပ်တွေကနေ မကောင်းရတဲ့ အကြောင်းရင်းကို အတူတစ်ကွ ရှာဖွေပြီး ကိုယ့်မှာလည်း အဲ့လို မဖြစ်လာအောင် ဘယ်လိုနေထိုင်ကြမလဲ၊လုပ်ကြမလဲဆိုတာ ဆွေးနွေးလို့ရတယ်။
ဥပမာ – သမိုင်းစာအုပ်က ခေတ်တွေ အကြောင်း လေ့လာပြီး ခေတ်အလိုက် အပြုသဘောဆောင်တာ၊ အပြုသဘောမဆောင်တာတွေကို လေ့လာ။ လေ့လာပြီး အဲဒီ့ ဖြစ်ရပ်တွေရဲ့နောက်ကွယ်က အကြောင်းရင်းတွေကို ဆက်ပြီး ဆန်းစစ်။ ပြီးရင် အခုခေတ်မှာ အရင်တုန်းက မကောင်းတာတွေ ဆက်မဖြစ်အောင်၊ အရင်က ကောင်းခဲ့တာတွေ ပိုကောင်းအောင် ဘာတွေ လုပ်ကြမလဲဆိုတာမျိုးတွေ ဆွေးနွေးတာမျိုးပေါ့။
………………………………………….
၃) Communication (အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်မှု) – ဖတ်ရတဲ့စာတွေကို အသုံးပြုပြီး ဆွေးနွေးခိုင်းတာ၊ မေးခွန်းမေးခိုင်းတာ၊ အဖြေရှာကြတာတွေ စတာတွေဟာ ကလေးတွေရဲ့ အပြန်အလှန် ပြောဆို ဆက်သွယ်နိုင်မှု၊ တွေးခေါ်မှုကို တိုးတက်ဖို့ ပံ့ပိုးပေးပါတယ်။ ဆရာကကြည့်ပဲ စာကို ဖတ်ပြပြီး ရှင်းပြနေရုံနဲ့ မလုံလောက်တော့ပါဘူး။ ဒါကြောင့် ပုံပြင်/စာ မဖတ်ခင်၊ ဖတ်နေစဉ်၊ ဖတ်ပြီးချိန်တွေမှာ ဆွေးနွေးခိုင်းပါ၊ အဖြေရှာခိုင်းပါ၊ စဉ်းစားခိုင်းပါ။ ဖတ်ရ၊ကျက်ရတဲ့စာတွေအပြင် တွက်ရတဲ့စာတွေကလည်း ကလေးတွေရဲ့ ဆက်သွယ်ပြောဆိုမှု စွမ်းရည်ကို တိုးတက်နိုင်ပါတယ်။
ဥပမာ – သင်္ချာ ပုဒ်စာ တစ်ခုကို ဖတ်ပြီး ဖြေရှင်းနည်းတွေကို စဉ်းစားစေပါ။ ကိုယ်တိုင် တွက်ချင်တဲ့နည်းနဲ့ တွက်စေပါ။ ရလာတဲ့ အဖြေတွေ ဘယ်လို ရလာလဲ၊ ဘာကြောင့် အဲဒီ့နည်းကိုရွေးတာလဲဆိုတာတွေကို ပြန်ဆွေးနွေးခိုင်းပါ။ (ကျွန်မ သြစတျေးလျမှာ ကျောင်းတက်တုန်းက အပေါင်းအနှုတ် ပုစ္ဆာတွေကို ဆရာကတွက်ခိုင်းတယ်။ ကျွန်မက အရင်ဆုံးပြီးတယ်။ ဆရာက ဘာလို ဒီနည်းကို ရွေးတာလဲ၊ ဘယ်လို စဉ်းစားသလဲလို့ပြောတဲ့ အခါ ကျွန်မ မပြောနိုင်ခဲ့ပါဘူး။ ကျွန်မတို့က သင်္ချာဆိုရင် စဉ်းစားရတဲ့ ဘာသာရပ်မဟုတ်ဘူး တွက်ရုံအတွက် ပုံသေနည်းတွေပဲ သင်ခဲ့ရတာကိုး။)
……………………………………………
၄) Curriculum (ဘာသာရပ်) – ပုံပြင်တွေ၊ စာအုပ်တွေ ဖတ်ပြီး ကလေးတွေ သင်ရတဲ့ ဘာသာရပ်စာပေတွေနဲ့ ချိတ်ဆက်ခြင်းကို ဆိုလိုပါတယ်။ ချိတ်ဆက်နိုင်ဖို့ စာအုပ်ကို သေချာအရင်ဖတ်ပါ။ ဖတ်ပြီး ဘယ်ဘာသာရပ်နဲ့ ချိတ်သင်လို့ရမလဲဆိုတာ ရှာဖွေစဉ်းစားဖို့တော့လိုပါတယ်။ မြန်မာ၊အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း… စတဲ့ ဘာသာရပ်အမျိုးမျိုးနဲ့ ချိတ်ဆက်လို့မရတဲ့ စာဆိုတာတော့ မရှိပါဘူး။
ဥပမာ – ပုံပြင်တစ်ပုဒ်ဖတ်ပြီး ပုံပြင်ထဲက စကားလုံးတွေ အသုံးပြုပြီး နာမ်၊ ကြိယာ စတဲ့ သဒ္ဒါတွေ သင်လို့ရတယ်၊ အသုံးနှုန်းတွေ ဆွေးနွေးလို့ရတယ်။ ပုံစံတူ စာတွေ ရေးခိုင်းလို့ရတယ်။
……………………………………………..
၅) Cultural Connections (ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများနှင့် ချိတ်ဆက်ခြင်း) – ပုံပြင်တွေမှာ စာအုပ်တွေမှာ ရေးသူ၊ နောက်ခံအခြေအနေအလိုက် ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစတာတွေ ထင်ဟပ်လျက်ရှိပါတယ်။ အနီးစပ်ဆုံးပြောရရင် ဇာတ်ကောင်တွေရဲ့ ဝတ်ဆုံတွေ၊ အသုံးပြုတဲ့ အသုံးဆောင်၊ ပြောဆိုတဲ့ ဘာသာစကား၊ အပြုအမူစတာတွေအပေါ်မှာမူတည်ပြီး ပြုသင့်၊မပြုသင့်တာတွေ ဆွေးနွေးလို့ရတယ်။
ဥပမာ – ပံ ုပြင်စာအုပ်ထဲက ဇာတ်ကောင်တွေက ထဘီ ဝတ်ထားခဲ့ရင် ထဘီဝတ်ကျသော လူမျိုးစုတွေ အကြောင်း ဆက်စပ်ဆွေးနွေးလို့ရတယ်၊ ထဘီဝတ်တာချင်းတူပေမယ့် ထဘီ ဒီဇိုင်းမတူသော တိုင်းရင်းသား လူမျိုးစုတွေ အကြောင်း သင်ပေးလို့ရတယ်။
…………………………………………………..
၆) Creativity (တီထွင်ဖန်တီးနိုင်မှု) – ပုံပြင်တွေ၊ စာတွေကို အသုံးပြုပြီး ကလေးတွေရဲ့ အသစ်အသစ်တွေ ဖန်တီးနိုင်တဲ့ စွမ်းရည်၊ မတူညီတာတွေကို ရှုမြင်နိုင်တဲ့စွမ်းရည်တွေကို ဖေါ်ဆောင်နိုင်ပါတယ်။ အနုပညာဖန်တီးမှုပဲဖြစ်ဖြစ်၊ သိပ္ပံတီထွင်စမ်းသပ်မှုပဲဖြစ်ဖြစ် အသစ်ကို ရှာဖွေ ဖန်တီးကြတာပါပဲ။ ငယ်ငယ်ကတည်းက ဖန်တီးခြင်းကို စာပေတွေ အသုံးပြုပြီး သင်ပေးနိုင်ပါတယ်။
ဥပမာ – ပုံပြင်ဖတ်ပြီးတဲ့အခါ ဖတ်ပြီးသားပုံပြင်တွေကို ကိုယ်ပိုင်ဟန်နဲ့ ပြန်ရေးကြတာမျိုး၊ စာအပေါ်မူတည်ပြီး သီချင်း၊ ကဗျာ၊ ဂီတ စတာတွေ ဖန်တီးခိုင်းတာမျိုး၊ ကိုယ်သာသူ့နေရာမှာ ဆိုရင် — ဆိုတဲ့ မေးခွန်းမျိုးတွေနဲ့ စဉ်းစားခိုင်းတာမျိုး၊ ပြဇာတ်ပုံစံ ပြန်အသက်သွင်းတာမျိုး၊ ဘာသာရပ်ဆိုင်ရာစာတွေကို လက်တွေ့ဘဝမှာ တစ်နည်းနည်းနဲ့ ပြန်လည် အသုံးချခိုင်းတာမျိုးတွေ ကို ဆိုလိုပါတယ်။
…………………………………………………..
၇) Confidence (မိမိကိုယ်ကိုယုံကြည်မှု) – လူအများရှေ့မှာ ယုံကြည်မှုရှိရှိ ပြောရဲဆိုရဲဖို့ အခု ၂၁ ရာစုမှာ အရမ်းလိုအပ်ပါတယ်။ ဘာပဲလုပ်လုပ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိမှ အများကလည်း လေးစားမှုပိုရှိမယ်။ အဲဒီ့ ယုံကြည်မှုရှိဖို့ ကိုယ်လုပ်နေတဲ့အလုပ်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ၊ ကျွမ်းကျင်မှုနဲ့ မှန်ကန်တဲ့ စိတ်နေသဘောထားတွေ လိုအပ်တယ်။ ကလေးတွေကို စာတွေ ဖတ်စေရင်းကနေ သူတို့လုပ်နေတဲ့အလုပ်၊ လုပ်ရမယ့်အလုပ်တွေမှာ ယုံကြည်မှုရှိစေမယ့် ဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေရအောင် ပံ့ပိုးပေးနိုင်မယ့် ရှေ့ထွက် တင်ပြခိုင်းတဲ့နည်းမျိုး၊ ကြောင်းကျိုးဆက်စပ်သုံးသပ်တဲ့နည်းမျိုး၊ ကိုယ့်အယူအဆနဲ့အခြားသူတွေရဲ့အယူအဆတွေကို ဖလှယ်ခိုင်းတာမျိုးတွေ လုပ်စေပါ။
ဥပမာ – ကဗျာတစ်ပုဒ်ဖတ်ပြီး – ကိုယ်နားလည်သလို အတန်းရှေ့မှာ ထွက်ပြီး ပြောပြတာမျိုး၊ မေးခွန်းတစ်ခုအပေါ်မှာ အပြန်အလှန် ကြောင်းကျိုးဆက်စပ်စဉ်းစားပြီး အချက်ကျကျ ပြန်လည်တင်ပြစေတာမျိုးပေါ့။
……………………………………………….
အချုပ်မှာ – ကျွန်မအားလုံးကို မှတ်မိစေချင်တာကတော့ စာဖတ်တတ်ရုံအတွက် ကျောင်းသွားရတာဆိုရင် ကျွန်မတို့ ပေးလိုက်ရတဲ့ ဆယ်စုနှစ်တစ်ခုကျော်အချိန်တွေက မတန်ပါဘူး။ ဖတ်ရတဲ့ စာတွေ၊ မှတ်ရတဲ့စာတွေ၊ တွက်ရတဲ့စာတွေကို စာမေးပွဲအတွက်တင်မဟုတ်ဘဲ၊ အခြား ဘဝအတွက် လိုအပ်မယ့် ချိတ်ဆက်မှုတွေလည်း လုပ်ဖို့လိုအပ်ပါတယ်။ ကျွန်မတို့ရဲ့ ဖတ်စာ တွက်စာ မှတ်စာတွေကို Community, Character, Communication, Curriculum, Cultural Connections, Creativity, Confidence စတဲ့ ချိတ်ဆက်မှုတွေ ရအောင် ချိတ်ဆက်ရင်း စာသင်ရခြင်းရဲ့ တန်ဖိုးကို မြှင့်တင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်..
Sayarma-ဆရာမ
…………………………………………………..
မှတ်ချက် ။ ။ Teaching with Story စာအုပ်ထဲမှာ ပါတဲ့အချက်တွေက ပုံပြင်ကို စာသင်ခန်းထဲမှာ ချိတ်ဆက်ပြီး သုံးနိုင်အောင် ပြောပြထားပါတယ်။ ကျွန်မကတော့ မြန်မာနိုင်ငံက အခြေအနေနဲ့ ကိုက်ညီအောင် အဆင်ပြေသလို ပြန်လည် ချိတ်ဆက်မျှဝေပါတယ်။ C တစ်ခုချင်းစီကို ပြန်လည် ကြည့်ရင် ပိုနက်နဲပါတယ်။ ဆရာမကြီးအကြောင်းကို လေ့လာချင်ရင် http://www.margaretreadmacdonald.com/ မှာ သွားရောက်လေ့လာနိုင်ပါတယ်။
ဓါတ်ပုံကတော့ ၂၀၁၁ ခုနှစ် ကျွန်မ လားရှိုးမှာ ကလေးတွေကို ပုံပြင်ပြောပြတဲ့ပုံပါ။ အဲဒီ့အချိန်တုန်းက ဆံပင်အရှည်ကြီးနဲ့ပေါ့။
ပထမပုံက ကျွန်မ (၈)တန်းနှစ်က မန္တလေးတောင်ပေါ်မှာ အင်္ဂလိပ်စကားပြောနေတဲ့အချိန်ပါ။ ဒုတိယပုံကတော့ ၁၂ နှစ်အကြာမှာ သမ္မတဟောင်း ကလင်တန်ရဲ့ ဖိတ်ကြားချက်အရ နယူးယော့ခ်မှာ အဖွင့် ဆွေးနွေး စကားဝိုင်း (Opening Panel) သွားပြီး စကားပြောရတုန်းက ပြန်ခါနီး ကလင်တန်ကို မြန်မာပြည်က ပုံပြင်တစ်ပုဒ်ဖတ်ပြနေတဲ့ ပုံပါ။ ကျွန်မ ပုံကိုကြည့်ရင် ကျွန်မစကားပြောနေတဲ့ သူနဲ့ ကျွန်မရဲ့ အသက်အရွယ် ပုံပမ်းပဲပြောင်းသွားတာတွေ့ရမှာပါ။ ကျွန်မရဲ့ ယုံကြည်မှုနဲ့ အားထုတ်လိုမှုကတော့ မပြောင်းလဲသွားပါဘူး။ ဒီနေ့ ကျွန်မ အင်္ဂလိပ်စာကို ဘယ်လိုလေ့လာပြီး ဘယ်လိုသင်ယူခဲ့သလဲဆိုတာကို မျှဝေပြီး သင်ယူမှုတွေအကြောင်း လေ့လာကြပါမယ်။
ငယ်ငယ်က ကျွန်မ အင်္ဂလိပ်စာ အလွန်ညံ့တယ်။ စာမေးပွဲဖြေရင် သူများတွေဆီ မျက်စိဆွေနေအောင် ကြည့်ရတဲ့အထိ။ ဒါပေမယ့် ကျွန်မက အလွန်ဆော့ပြီး၊ အလွန်သွက်တယ်။ ဟိုစပ်စပ် ဒီစပ်စပ် အမြဲပါတယ်။ ၇ တန်းနှစ်ရောက်တော့ ကျွန်မရဲ့ အတန်းပိုင်ဆရာမက ဒေါ်ယဉ်ယဉ်ကြည်။ ဆရာမက ကျွန်မတို့ကို Please may I go out, Please may I come in ဆိုတဲ့ စာနှစ်ကြောင်းကို အိမ်သာသွားတဲ့အခါ နဲ့ စာသင်ခန်းတဲ့ပြန်ဝင်လာတဲ့အခါ သုံးဖို့သင်ပေးတယ်။ ကျွန်မ အဲလိုမျိုး ပြောရမယ်ဆို သိပ်သဘောကျတယ်။ ဆိုတော့ အိမ်သာ တရွှတ်ရွှတ်သွားတယ်။ ဆရာမ သင်ပေးတဲ့အတိုင်း လိုက်ပြောတယ်။ နောက် ဆရာမက ကျွန်မကို ယုံယုံကြည်ကြည်နဲ့ အင်္ဂလိပ်စာ အထူးသင်ယူခွင့်ရှိတဲ့ အတန်းကို ပို့လိုက်တယ်။
အဲဒီ့မှာ ပြဿနာတက်တာပဲ။ ကျွန်မက အင်္ဂလိပ်စကားပဲပြောချင်တာ။ စာမှာ သင်ရတဲ့ သဒ္ဒါတွေ မသင်ချင်ဘူးရယ်။ စာလိုတွေ မသင်ချင်။ အဲဒီ့တော့ အင်္ဂလိပ်စာမှာ အမြဲ နောက်ဆုံး။ ကျွန်မ စဉ်းစားတယ်။ အင်္ဂလိပ်စကားပြောတတ်အောင် ဘာလုပ်ရမလဲပေါ့။ အဲဒီ့တော့ နိုင်ငံခြားသားတွေ မြင်ရင် သူတို့ဆီသွားတယ်၊ မြန်မာတွေနဲ့ ပြောတာတွေ နားထောင်တယ်။ နားမလည်ဘူး။ သူတို့လိုပြောတတ်ချင်လိုက်တာဆိုပြီး ညဆိုရင် မှန်ထဲကြည့်၊ အင်္ဂလိပ်လိုတွေပြောတယ်။ အင်္ဂလိပ်လို ပြောတယ်လို့သာ ပြောတာပါ အင်္ဂလိပ်စကားလုံးတွေကို ဒီတိုင်း တန်းစီပြီး စကားပြောနေသလို လျှောက်ရွတ်တာ။ အမေက ပြောတယ ညဆိုရင်လည်း အင်္ဂလိပ်လို ယောင်တယ်တဲ့။ အဲဒီ့လောက်ထိ ဘာသာစကားကို ကျွန်မ တတ်ချင်ခဲ့တာ။
ဒါနဲ့ ဘယ်သူမှ မတိုက်တွန်းပါပဲနဲ့ သူငယ်ချင်းတွေနဲ့အတူ တစ်ခါတစ်လေ ကိုယ်တစ်ယောက်ထဲ မန္တလေးတောင်ပေါ်တွေ သွားဖြစ်ခဲ့တယ်၊ နိုင်ငံခြားသားတွေကို ရှာပြီး စကားပြောတယ်။ ပထမတော့ ကိုယ်ပြောချင်တာကိုယ်ပြောပြီး ပြန်လာတာပါ။ သူပြောတာလည်း နားမှမလည်တာ။ နောက်တစ်ဖြည်းဖြည်းနဲ့ ပြန်ပြောတဲ့အဖြေတွေကို နားလည်လာတယ်။ ပြန်တော့မဖြေတတ်ဘူး။ နောက် ကြိုးစားပြီး တစ်လုံးစနှစ်လုံးစ ပြန်ဖြေတယ်။ နောက် ကိုယ့်အဖြေကိုယ် မမှန်သလို ခံစားလာရတယ်။ ဘယ်လိုဖြေရင် မှန်မလဲဆိုတဲ့ အဖြေကိုရှာဖို့အတွက် စာသင်ခန်းက သင်ခန်းစာတွေက အထောက်ကူပြုခဲ့တယ်။ ပိုသိအောင် စာကြည့်တိုက်က စာအုပ်တွေဖတ်တယ်၊ သီချင်းတွေသွားနားထောင်တယ် (Westlife သီချင်းတွေနဲ့အင်္ဂလိပ်စာ သင်ခဲ့ရတာ)၊ ဇာတ်လမ်းတွေ နားထောင်တယ်။ ဘာလုပ်လုပ် ကျွန်မ အင်္ဂလိပ်စကားပြောနိုင်ဖို့ အထောက်ကူပြုတယ်လို့ ယုံကြည်ခဲ့တယ်။ အဲဒီ့အတွက် အားလုံးက ကျွန်မအတွက် ပိုစိတ်ဝင်စားစေပြီး အဓိပ္ပါယ်ရှိလာတယ်။ အကျိုးဆက်ကတော့ ကျောင်းကို အရင်ကထက်ပိုပြီးပျော်လာတယ်။
အဲဒီ့လိုနဲ့ လက်တွေ့ တွေ့ရာလူနဲ့ပြော၊ မှန်ထောင်ပြော၊ အိမ်မက်ထဲပြော အမြဲပြောရင်း စာလည်း လုပ်ရင်း လေ့ကျင့်တာ ကျွန်မ အတန်းထဲမှာ အင်္ဂလိပ်စာ အပြောနိုင်ဆုံးထဲမှာ ပါခဲ့တယ်။ အဲဒီ့ ၈ တန်းတစ်နှစ် ကြိုးစားလိုက်တာက အခုအချိန်အထိ ထူးထူးကဲကဲ သိပ်ပြီး မလုပ်ဘဲ အင်္ဂလိပ်စာကို ကောင်းကောင်းမွန်မွန်ပြောတတ်စေတဲ့အထိ အကျိုးထူးခဲ့တယ်။ ဒါကြောင့် ကျွန်မကို အင်္ဂလိပ်စာ ဘယ်မှာ သင်ခဲ့လဲ၊ နိုင်ငံခြားမှာလားလို့မေးရင် ကျွန်မက သြစတျေးလျမှာ မဟာဘွဲ့ယူပေမယ့် အင်္ဂလိပ်စာကောင်းကောင်းပြောတတ်အောင် မြန်မာပြည်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ လေ့လာခဲ့တာလို့ အမြဲ ဂုဏ်ယူစွာပြောခဲ့တယ်။
ကျွန်မ သင်ယူတဲ့ ပုံစံကို လေ့လာကြည့်ရအောင်…….
နံပါတ် (၁) – စိတ်ဝင်စားမှုနှင့် ပံ့ပိုးမှု
ကျွန်မ အရင်က အင်္ဂလိပ်စကား ပြောရတာ ဝါသနာပါမှန်းမသိပါဘူး။ ကျွန်မကို ဆရာမ ဒေါ်ယဉ်ယဉ်ကြည်ကသာ မိတ်မဆက်ပေးခဲ့ဘူးဆိုရင်၊ ကျွန်မကို မှန်ကန်သောနည်းလမ်းနဲ့ မြှင့်တင်မပေးခဲ့ဘူးဆိုရင် ကျွန်မ ကိုယ်တိုင်လည်း ဒီလိုအခြေအနေဖြစ်လာပါ့မလား မသိနိုင်ပါဘူး။ ကလေးတွေမှာ စိတ်ဝင်စားမှုတွေရှိတယ်။ တစ်ခါတစ်လေမှာ သူတို့ဘာကို စိတ်ဝင်စားပြီး ဝါသနာပါလည်းဆိုတာ မသိကြဘူး။ အကြောင်းရင်းတစ်ခုကတော့ အဲဒီ့အရာကို မကြုံဖူးလို့ပါ။ ကိုယ်ဝါသနာပါတဲ့အရာ၊ စိတ်ဝင်စားတဲ့အရာကိုလည်း တွေ့ကြုံဖူးမှ ကိုယ်က ဒါကို စိတ်ဝင်စားတယ်၊ မဝင်စားဖူးဆိုတာ သိနိုင်တာပါ။ ကျွန်မတုန်းက ကိုယ့်ဟာကို သေချာ မသိပါဘူး၊ ကျွန်မ အဲ့လို ပြောနေရတာ ကြိုက်တာကိုတော့ သိတယ်။ ကျွန်မသေချာမသိတာကို ဆရာမက မြင်တယ်။ မြင်တဲ့အတွက် ပံ့ပိုးပေးတယ်။ ဒါကြောင့်ဆရာ၊မတွေ မိဘတွေရဲ့ အခန်းကဏ္ဍကအရေးကြီးတယ်ဆိုတာကိုပြောချင်တာ။ ကလေးတွေကို ဟိုဟာ ဖြစ်အောင်လုပ်၊ ဒီဟာဖြစ်အောင်လုပ်ဆိုပြီး ဘောင်ခတ်တာထက်၊ ကလေးရဲ့ အပြုအမူ၊ လုပ်ဆောင်မှု၊ တွေးခေါ်မှုအပေါ်မူတည်ပြီး သင့်တင့်သလို ပံ့ပိုးပေးဖို့ လိုပါတယ်။
နံပါတ် (၂) သင်ယူမှုပုံစံနှင့် သင်ယူရန်အခွင့်အလမ်း
ကျွန်မက စာကို ငြိမ်ငြိမ်လေးသင်တာမျိုး၊ စာကြည့်ဖတ်ခိုင်းတာမျိုး နဲ့ သင်လို့မရဘူး။ တစ်ချိန်လုံး တစ်ခုခုကို လုပ်နေရမှ။ ဆော့လိုက်တာလည်း ဝီခေါ်နေတာပဲ။ အဲဒီ့အတွက် အပစ်ပေးခံရတာလည်း ခဏခဏပဲ။ ကျွန်မ ပညာသင်ယူတဲ့ပုံက လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သင်ယူတယ်။ လက်တွေ့မလုပ်ရတဲ့ စာကို ကျွန်မ စိတ်မဝင်စားဘူး။ ဥပမာတွေနဲ့ မပြောတတ်ရင် ကျွန်မ နားမထောင်ချင်ဘူး (အခုအချိန်ထိ တရားနာရင်တောင် ရှေ့မီနောက်မီ ဥပမာတွေနဲ့ ကြောင်းကျိုးဆက်စပ်ပြီးဟောတဲ့ ဆရာတော်တွေဆီက ပိုနာယူဖြစ်တယ်)။ သီအိုရီတွေကြည့်ပဲ သင်ရင် အခြားဟာတွေ တွေးနေတတ်တယ်၊ အာရုံစိုက်တာကို ၁၀ မိနစ်ထက် ပိုပြီး မလုပ်နိုင်ဘူး။ အဲဒါကြောင့် ကိုယ်တိုင် လက်တွေ့ လေ့ကျင့်ခန်းကို ရှာဖွေပြီးလုပ်ခဲ့တယ်။ ရူးရူးမူးမူး လေ့ကျင့်တယ်။ မှားလည်း မရှက်ဘူး။ ပြောချင်တာက ကိုယ်တစ်ကယ်သဘောကျတဲ့ အကြောင်းအရာတစ်ခုခုကို ကိုယ်သဘောကျတဲ့ ပုံစံနဲ့ လေ့လာဖို့က အရေးကြီးတယ်။ အဲဒါဆိုရင် ဘယ်သူကမှ စာလုပ်ဦးဟဲ့လို့ လာတွန်းစရာမလိုဘူး။ ဆရာ၊မတွေ မိဘတွေအနေနဲ့ ကလေးတွေရဲ့ သင်ယူပုံကို လေ့လာဖို့လိုတယ်။ ကိုက်ညီရာ သင်နည်းတွေကို အားလုံးနဲ့ကိုက်ညီအောင် အသုံးပြုဖို့လိုတယ်။ သင်ယူသူတွေအနေနဲ့လည်း ကိုယ်နဲ့ မကိုက်ညီတဲ့ သင်နည်းမို့ မသင်ဘူးဆိုတာမျိုး မလုပ်ရဘူး ကိုယ်နဲ့ ကိုက်ညီရာကို တတ်နိုင်သလောက် ကိုယ်ဖာသာ ဖန်တီး လုပ်ဆောင်ဖို့လိုတယ်။ အမြဲ ဆရာ၊မတွေကိုကြည့် အပြစ်ပုံနေလို့မရဘူး။
နံပါတ် (၃) – တစ်စိုက်မတ်မတ်အားထုတ်မှုနဲ့ အမှားကနေသင်ယူခြင်း
ကျွန်မ အင်္ဂလိပ်စာ သင်ယူတဲ့အခါ တစ်နှစ်အတွင်းမှာ ကောင်းကောင်းပြောတတ်ရတဲ့ အကြောင်းရင်းက အားစိုက်ပြီး ကြိုးစားတဲ့အပြင် အမြဲမှန်မှန်ကြိုးစားတယ်၊ ကိုယ်နဲ့ကိုက်ညီမယ့် နည်းလမ်းကို ရှာပြီး တစ်စိုက်မတ်မတ် ကြိုးစားတယ်။ မှားတဲ့အခါလည်း ပြုံးပြုံးပဲ၊ မှန်သွားလည်း အေးဆေးပဲ။ ခေါင်းထဲမှာ အသစ်တွေ သင်ယူဖို့ကြိုးစားချင်စိတ်က လွှမ်းမိုးနေတဲ့အတွက် မှားလည်း မရှက်သွားဘဲ ဆက်ပြီး ကြိုးစားသွားဖြစ်တယ်။ သင်ယူဖို့ ပံ့ပိုးသူတွေရှိတယ်၊ ကိုယ်တိုင်ကလည်း စိတ်ဝင်စားမှုကို သိတယ်၊ သင်ယူပုံတွေလည်း သိတယ်ဆိုရင်တောင်မှ တစ်စိုက်မတ်မတ်အားမထုတ်ရင်၊ အမှားကနေ မသင်ယူတတ်ရင် တတ်သင့်သလောက်၊ ထူးချွန်သင့်သလောက် တတ်မှာ ထူးချွန်မှာ မဟုတ်ဘူးလို့ ကျွန်မမြင်တယ်။
ကျွန်မအခုအခြေအနေမှာ အင်္ဂလိပ်စာကို ကောင်းကောင်းပြောတတ်ပါတယ်။ ကျွမ်းလှပြီတော့ ဘယ်ဟုတ်ပါ့မလဲ။ ဒါကြောင့် အခုလည်း ပုံမှန် စာဖတ်တယ်၊ မှတ်သားတယ်၊ သင်ယူတယ်။ မှားလည်းမရှက်ဘူး။ ငယ်ငယ်ကလိုမျိုး ကြိုးစားနေရတုန်းပါပဲ။ သင်ယူမှုမှာ ကျွန်မ ပျော်မွေ့တယ် ပြီးတော့ သင်ယူတွေကိုယ်တိုင် သင်ယူမှ သင်ယူမှုဖြစ်မြောက်တယ်ဆိုတာကို ယုံတယ်။ ဆရာ၊မတွေ လူကြီးတွေက ဘယ်လောက် သင်ယူအောင် တိုက်တွန်း တိုက်တွန်း၊ ပံံ့ပိုး ပံ့ပိုး၊ သင်ယူတဲ့ ကလေးကိုယ်တိုင် နောက်က ပါလာမှ သင်ယူမှုဖြစ်မှာ။ အဲဒီ့လို သင်ယူမှုဖြစ်ချင်တယ်ဆိုရင် ကလေးအကြောင်းကို လေ့လာဖို့လိုတယ်။ ကလေးက ဘာကို ဘယ်လို စိတ်ဝင်စားသလဲ၊ ဘယ်လို သင်ယူသလဲဆိုတာတွေကို အမြဲစောင့်ကြည့်ပြီး ကိုယ့်သင်ခန်းစာတွေကို ပြင်ဆင်ဖို့လိုတယ်။ ကလေးတွေကိုလည်း သူတို့သင်ယူနေတဲ့ သင်ခန်းစာတွေဟာ သူတို့ရဲ့ စိတ်ဝင်စားမှု၊ သူတို့ရဲ့ အနာဂါတ်အတွက် ဘယ်လို အထောက်ကူပြုတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်သာအောင် ပြောပြဖို့လိုတယ်။ အဲဒီ့မှာ ကလေးတွေကလည်း စိတ်အားထက်သန်စွာ သင်ယူကြတယ်ဆိုရင် ဘယ်အရာကိုယ်မဆို သင်ယူဖို့ မခက်ခဲဘူးလို့ ကျွန်မမြင်ပါတယ်။ ပံ့ပိုးသူတွေကလည်း မှန်ကန်စွာ ပံ့ပိုး၊ လေ့လာသူကလည်း ဇွဲနဲ့ ကြိုးစားကြပြီး သင်ယူမှုအခွင့်အလမ်းတွေကိုလည်း ပံ့ပိုးသူရော လေ့လာသူအတူ ပူးပေါင်းရှာဖွေကြရင် ဘယ်ပညာကိုမဆို ထူးချွန်စွာ တတ်မြောက်မယ်လို့ ကျွန်မယုံကြည်တယ်။ သင်ယူမှုမှာ ပျော်မွေ့သူများ ဖြစ်ကြပါစေ။
မေတ္တာဖြင့် ….
Sayarma-ဆရာမ
*ဖတ်ပြီးပါက Mark Complete ကိုနှိပ်ပေးပါရန် *