SECTION 1

2) “လူသားဝါဒ ပညာရေးအတွေးအခေါ်များ”

လူသားဝါဒ ပညာရေးအတွေးအခေါ်များ
——————————————-

ပညာရေးနဲ့ လူသားမျိုးနွယ်ဆိုတာ အမြဲ ဆက်နွှယ်နေရပါတယ်။ ပညာရေးဟာ လူသားတွေတိုးတက်ဖို့အတွက် ပေါ်ပေါက်လာတာဖြစ်သလို၊ လူတွေကပဲ ပညာရေးကို နည်းလမ်းအသွယ်သွယ်နဲ့ ဖန်တီး ပုံဖေါ်ကြပါတယ်။

📌Humanism – လူသားရေးဝါဒဆိုတာ လူသားတစ်ဉီးချင်းစီရဲ့ တမူထူးခြားမှု (Uniqueness)တွေနဲ့ လူတစ်ဉီးချင်းစီဟာ လူ့အသိုင်းအဝန်းအတွက် အထောက်အကူပြုနိုင်စွမ်းအားတွေကို အသိမှတ်ပြု လက်ခံကြတဲ့ အယူအဆ၊ အတွေးအခေါ်ဖြစ်ပါတယ်။

၁၉၅၀ ဝန်းကျင်အရှေ့ပိုင်းမှာ ပညာရေးနဲ့ စိတ်ပညာကို ချဉ်းကပ်ကြပုံတွေက သိပ္ပံနည်းကျဖြစ်လွန်းနေပြီး လူသားတွေကို လျှော့တွက်လွန်းရာကျတယ်ဆိုပြီး ပညာရေးနဲ့ စိတ်ပညာကုထုံးတွေမှာ လူသားတွေကို ပိုနားလည်အောင် လုပ်ဖို့လိုတယ်ဆိုတဲ့ အတွေးအခေါ်စတင်ပြီး ဝင်လာတယ်။

📌Maslow’s Hierachy of Needs – Abraham Maslow နဲ့ Carl Rogers တို့က လူသားဝါဒီ ပညာရေးနဲ့ ပတ်သက်ပြီး ထင်ရှားခဲ့ကြသူတွေဖြစ်ပါတယ်။ Maslowက လူသားတွေက သဘာဝအားဖြင့် ကောင်းမွန်ကြတယ် ဒါပေမယ့် အခြေခံလိုအပ်ချက်တွေ မပြည့်မီကြလို့သာ မကောင်းတာတွေ ဖြစ်လာနိုင်တာ ဆိုတဲ့ အယူအဆရှိတယ်။ Maslowရဲ့ ဆင့်ကဲလိုအပ်ချက်အကြောင်း ကျွန်မ ရေးထားဖူးတာ ဖတ်ကြည့်နိုင်ပါတယ်။ https://bit.ly/3nMJchd

Maslow ရဲ့ အယူအဆအရ ပညာပေးနေသူတွေရော၊ ပညာယူနေသူတွေပါ အခြေခံ လိုအပ်ချက်တွေ ပြည့်မီနေဖို့လိုတယ်။ စား၊ဝတ်၊နေရေးနဲ့ အသက်ရှင်လုံခြုံခွင့်တွေသာ မရှိဘူးဆိုရင် ဘယ်လိုလုပ် ကောင်းမွန်စွာ ပညာသင်ကြားသင်ယူမှု လုပ်နိုင်ပါ့မလဲ။ ပညာရေးကို စဉ်းစားတဲ့အခါ လိုအပ်ချက်တွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

📌Non-directive Education – Carl Rogers ဆိုတဲ့ အမေရိကန် စိတ်ကုထုံးဆိုင်ရာပညာရှင်က လူနာအခြေပြုကုသမှုအ‌ကြောင်းနဲ့ လွတ်လပ်စွာ သင်ယူခွင့်အကြောင်းကို အလေးပေးပြောထားတာတွေရှိတယ်။ Rogers ရဲ့ တွေ့ရှိချက်တွေနဲ့ အမြင်က လူသားဖြစ်လာရင် ကိုယ်စီမှာ ပြသနာကိုဖြေရှင်းနိုင်တဲ့ စွမ်းရည်နဲ့ ကိုယ်တိုင်ကုသနိုင်စွမ်း (Healing power)ရှိတယ်။ လူသားတွေရဲ့ မတူညီတဲ့ အရှိသဘောကို လက်ခံပြီး ကူညီပံ့ပိုးပေးရမယ်။

စာသင်သူပဲဖြစ်ဖြစ်၊ ကုသပေးရသူဖြစ်ဖြစ် ကိုယ်တာဝန်ယူရတဲ့ ကျောင်းသား/လူနာတွရဲ့ လုပ်ဆောင်နိုင်စွမ်း၊ စိတ်စွမ်းအင်နဲ့ မတူညီတဲ့ ဖြစ်တည်မှုတွေကို လက်ခံယုံကြည်ပြီး သူတို့တွေရဲ့ သင်ယူနိုင်စွမ်း၊ ဖြေရှင်းနိုင်စွမ်းတွေရှိလာအောင် ပံ့ပိုးပေးဖို့လိုတယ်။

ကိုယ်သင်ချင်တာကို သင်သွားတာမဟုတ်ဘဲ၊ ကလေးက စိတ်ဝင်စားရာကို အလေးပေးပြီး၊ ပံ့ပိုးဖို့လိုအပ်တယ်။ အဲ့လိုလုပ်နိုင်ဖို့က ကလေးတွေကို နားထောင်ဖို့၊ ကလေးတွေရဲ့ အခြေအနေကို နားလည်ဖို့လိုလာတယ်။ ဒါကြောင့်လဲ သူက ဆရာ၊မတွေနဲ့ ကလေးတွေအကြား ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အားပေးခဲ့ပါတယ်။

Non-directive teaching – Teaching in which the teacher is a facilitator, guiding students and nurturing their learning.

📌Child-centered Education + Open Education- ၂၀ ရာစု အစောပိုင်းလောက်မှာ ပညာရေးသမားတွေက သမားရိုးကျ စာသင်ခန်းတွေထဲမှာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို အဓိက ထားခဲ့ကြတယ်။ အဲ့ဒီ့အချိန်မှာ John Dewey က ဒီမိုကရေစီ စံနှုန်းတွေနဲ့ကိုက်ညီတဲ့ အတွေ့အကြုံအခြေပြု သင်ကြားကြဖို့၊ ကလေးကို ဗဟိုပြုပြီးသင်ဖို့၊ တနည်းအားဖြင့် Progressive Education (ပုံစံသစ် ပညာရေး) ကို အကောင်ထည်ဖေါ်ဖို့ စတင် တိုက်တွန်းတယ်။ Dewey ရဲ့ ပုံစံသစ် ပညာရေးအယူအဆကို မှီးပြီး အမေရိကန်မှာ Child centered education (ကလေးဗဟိုပြုပညာရေး)နဲ့ ဗြိတိန်မှာ Open Education (ပွင့်လင်းသော ပညာရေး)ဆိုတာတွေကို အကောင်အထည်ဖေါ်ကြတယ်။

Deweyရဲ့ အယူအဆကနေ ဆင်းသက်လာတဲ့ Child Centered Educationရော၊ Open Educationပါ ကလေးတွေရဲ့ ခံစားချက်၊ စိတ်ဝင်စားမှု၊ အတွေ့အကြုံတွေကို ပညာရေးမှာ ထည့်သွင်းစဉ်းစားကြဖို့ တိုက်တွန်းတယ်။ စာသင်ခန်းထဲ ရောက်လာသူတွေဟာ သူတို့နဲ့အတူ ခံစားချက်တွေ၊ အတွေ့အကြုံတွေ၊ အယူအဆတွေ အများကြီး သယ်ဆောင်လာကြပါတယ်။ ဒါကို အသိမှတ်ပြုပြီး သူတို့နဲ့ ကိုက်ညီတဲ့၊ သူတို့အတွက် အသုံးဝင်မယ့် ပညာရပ်တွေကို သူတို့နဲ့ အတူ သင်ယူဖို့လိုအပ်ပါတယ်။ သင်ယူသူဟာ သူ့ရဲ့ သင်ယူမှုကို တာဝန်ယူမှု ရှိရှိနဲ့ ပါဝင် သင်ယူဖို့ ကူညီရမှာ ဖြစ်ပါတယ်။

Progressive Education – A child-centered approach to education based on a commitment to democratic ideals

Open Education – A model of learning and teaching that provides a warm, caring environment and that builds on children’s interests and experiences and actively involves them in the learning process.

📌Reggio Emilia – အီတလီနိုင်ငံ မြောက်ပိုင်းက Regio Emilia မြို့လေးအမည်နဲ့ ခေါ်ဝေါ်တဲ့ Regio Emilia သင်ကြားနည်းစနစ်က Loris Malaguzzi ရဲ့ ဉီးဆောင်မှုနဲ့ စတင်ခဲ့ပါတယ်။ တိုးတက်ဖို့လိုနေတဲ့ နိုင်ငံမှာ ကလေးတွေရဲ့ ပညာရေးက အသက်သွေးကြောတမျှ အရေးပါတယ်။ ကလေးတွေမှာ ကျွန်မတို့ သတ်မှတ်ထားတဲ့ ဘာသာစကား၊ ဝေါဟာရတွေထပ် ကျော်လွန်ပြီး တွေးခေါ်ဖန်တီး အသုံးပြုနိုင်စွမ်းတွေရှိကြတယ်။ ကလေးတွေရဲ့ စွမ်းရည်တွေကို လူကြီးတွေရဲ့ စည်းဘောင်သတ်မှတ်ချက်တွေနဲ့ ဟန့်တားတာမျိုး မလုပ်ဘဲ အစွမ်းကုန် ဖန်တီးနိုင်ဖို့ လူကြီးတွေက ပံ့ပိုးပေးရမယ်ဆိုတဲ့ သဘောတရားကို လက်ကိုင်ထားတယ်။

ကလေးတွေကို အထင်မသေးဘဲ သူတို့ရဲ့ စွမ်းပကားနဲ့ ဆက်သွယ်နိုင်စွမ်းကို နည်းလမ်းများစွာနဲ့ ဖေါ်ထုတ်ခွင့်ပေးဖို့လိုတယ်။ စာရေးခြင်း၊ စာဖတ်ခြင်းအပြင် အခြား နည်းလမ်းတွေနဲ့ ဆက်သွယ် (communicate)လုပ်တာကိုလည်း လက်ခံရမယ်။ အသေးစိတ်ကို ဒီလင့်ခ်မှာ ပြန်ဖတ်နိုင်ပါတယ်။ https://bit.ly/3awvFY2

Reggio Emilia – A system of education for the early childhood years, with a particular focus on children expressing their ideas in many different language modes.

📌အချုပ် – Humanistic Education နဲ့ ဆိုင်တဲ့ ပညာရေးသဘောတရားတွေ များစွာရှိပါတယ်။ အားလုံးမှာ ဆင်တူတဲ့ အချက်တွေကတော့ ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် သူတို့ရဲ့ ဖြစ်တည်မှုကို အသိမှတ်ပြု တန်ဖိုးထားရမယ်။ ပညာသင်ယူမယ့်သူကို သေချာ သိအောင်လုပ်ပြီး သူတို့ကိုယ်တိုင်လည်း သူတို့ရဲ့ စွမ်းအား၊ စိတ်ဝင်စားမှုနဲ့ လုပ်ဆောင်နိုင်စွမ်းကို သိဖို့လိုတယ်။ သင်ယူသူကိုယ်တိုင် သင်ယူမှ သင်ယူမှုက ပိုထိရောက်မှာမို့ သူတို့ကို ပါဝင်စေတဲ့ လုပ်ငန်းတွေ ပေးဖို့လိုတယ်။ ပညာရေးလို့ပြောတဲ့အခါ ဘာသာရပ်ဆိုင်ရာ သင်ကြားမှုထပ်မကသော အချက်အလက်များစွာ ပါဝင်တယ်။

အဆုံးထိ ဖတ်ပေးတဲ့ ဆရာ၊မတို့ရော Humanistic Education သဘောတရားတွေကို သဘောကျလား။ ဘယ်အချက်တွေကို သင်ယူလိုက်ရပါသလဲ၊ မျှဝေပေးပါဉီးရှင်။

ကျေးဇူးတင်ပါတယ်။

မေတ္တာဖြင့်…

Sayarma-ဆရာမ