1) တန်ဖိုးထားမှုများ

တန်ဖိုး လေ့ကျင့်ခန်း

ကျွန်မတို့ အားလုံးမှာ တန်ဖိုးထားမှု ကိုယ်စီရှိကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်က မတူညီကြပါဘူး။
မိဘနဲ့ သားသမီး အကြား၊ အဖေနဲ့ အမေကြား၊ အိမ်နီးနားခြင်းတွေကြား၊ ချစ်သူတွေကြား၊ ဘယ်သူ့ဘယ်သူမှ တန်ဖိုးထားမှုတွေ ထပ်တူ မကြနိုင်ကြပါဘူး။ တစ်ခါတစ်လေမှာ ကျွန်မတို့တွေက ကိုယ်ဟာ ဘယ်အရာတွေကို တန်ဖိုးထားမှန်းတောင် သုံးသပ်မှု မလုပ်နိုင်ကြဘူး။ ဒီနေ့မှာ ကျွန်မ Search Inside Yourself Leadership Institute (SIYLI) သင်တန်းကနေ သင်ယူလေ့လာထားတဲ့ တန်ဖိုးသိအောင် လုပ်တဲ့ လေ့ကျင့်ခန်းလေး မျှဝေပါ့မယ်။ လေ့ကျင့်ခန်းလေး လုပ်ပြီးတဲ့အခါ ကွန်းမန့်မှာ ကိုယ့်ရဲ့ တန်ဖိုးထားမှုကို ရေးခဲ့ပါ။

တန်ဖိုးလေ့ကျင့်ခန်းလေး လုပ်ဖို့ စာအုပ်နဲ့ ရေးစရာတစ်ခုခု အနားမှာ ယူထားပါ။ ဒီစာဖတ်ရင်း တစ်ခါတည်း လိုက်လုပ်ပါနော်။

၁) ပထမအဆင့်အနေနဲ့ —ဘဝမှာ ကိုယ်လေးစား အားကျရဆုံး၊ သဘောအကျဆုံး လူ (၃) ယောက်ကို စဉ်းစားပါ။ ကျွန်မတို့ဘဝမှာ လူအများကြီးတွေ့ဖူးမယ်၊ သဘောကျ၊ အားကျ၊ လေးစားရတဲ့သူတွေအများကြီးလည်း ရှိမှာပဲ။ အဲဒီ့ထဲကမှ ထိပ်ဆုံးမှာ အမြဲရှိနေတဲ့ သူ (၃) ယောက် က ဘယ်သူတွေလဲ။ နာမည်တွေကို စာအုပ်ထဲမှာ ချရေးထားပါ။ ဥပမာ – ကျွန်မ လေးစားရဆုံးထဲမှာ Ellen DeGeneres ပါတယ်။

၂) ဒုတိယအဆင့်အနေနဲ့ —- ခုဏက လေးစားရတဲ့သူတို့တွေရဲ့ ဘယ်လို လုပ်ကိုင်ပုံတွေ၊ လုပ်ရပ်တွေ၊ စိတ်နေသဘောထားတွေက ကိုယ့်ကို လေးစားစေတာလဲဆိုတာ စဉ်းစားပါ။ ဘယ်လို အခြေအနေတွေမှာ သူတို့ရဲ့ လေးစားဖွယ်၊ အားကျဖွယ် လုပ်ရပ်၊ စိတ်နေစိတ်ထားနဲ့ အမြင်တွေကို တွေ့နိုင်တာလဲ။ သူတို့မှာ ရှိနေတဲ့ ဘယ်အရာတွေက လေးစားစရာ၊ အားကျစရာကောင်းနေတာလဲ – ဆိုတာကို ခုဏက နာမည်လေးတွေဘေးမှာ ချရေးထားပါ။
ဥပမာ – ကျွန်မအမြင် Ellen က အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေရှိတယ်၊ အများကို ကူညီပံ့ပိုးပေးလေ့ရှိပြီး ကြင်နာတတ်တယ်၊ လုပ်ဆောင်မှုတွေက တီထွင်ဖန်တီးနိုင်စွမ်းရှိတယ်၊ လူအများကို ပျော်ရွှင်စေတယ်၊ မှန်တယ်ထင်တဲ့ အရာတွေကို ရဲရင့်စွာ လုပ်ဆောင်တယ်….စသည်ဖြင့် (၃)ယောက်လုံး အကြောင်းကို ရေးရမှာပါ။

၃) တတိယအဆင့်အနေနဲ့ —- ဒုတိယအဆင့်မှာ စဉ်းစားခဲ့တဲ့ လေးစားရသူ (၃) ယောက်လုံးရဲ့ လုပ်ဆောင်ချက်တွေ၊ စိတ်နေစိတ်ထား စတာတွေကို ပြန်ကြည့်ပါ။ (၃)ဦးလုံးမှာ ယေဘူယျတူညီတဲ့ အရာတွေက ဘာတွေလဲဆိုတာကို သုံးသပ်ဆင်ခြင်ပါ။ ပြီးရင် ချရေးပါ။ ဥပမာ – ကျွန်မအတွက် Ellen အပါအဝင် အခြား လေးစားရသူ (၂)ယောက်ကို ပြန်ကြည့်ပြီး သုံးသပ်တော့ – အပြုသဘောဆောင်ခြင်း၊ ယုံကြည်ရာကို ဇွဲနဲ့ ဆက်လုပ်ခြင်း၊ အများအကျိုး ထမ်းရွက်ခြင်း စတဲ့ တန်ဖိုးထားမှုတွေကို မြင်ရပါတယ်။

များသောအားဖြင့် လေးစားချစ်ခင်ရတဲ့သူတွေအကြောင်း သုံးသပ်လိုက်ရင်း သိနိုင်တာက ကျွန်မတို့ရဲ့ ကိုယ်ပိုင် တန်ဖိုးထားမှုတွေပါပဲ။ အဲဒီ့တန်ဖိုးထားမှုတွေဟာ ကိုယ့်မှာ ရှိပြီးသား တန်ဖိုးထားမှုတွေ ဖြစ်နိုင်သလို၊ အချို့တန်ဖိုးထားမှုတွေဟာ ကိုယ့်မှာတော့ မရှိသေးဘူး ဒါပေမယ့် ရှိချင်တယ်၊ ရှိဖို့ ကြိုးစားနေတဲ့ တန်ဖိုးထားမှုတွေပါပဲ။

ကျွန်မတို့ မိဘတွေ၊ ဆရာ၊မတွေအနေနဲ့ ကိုယ်တိုင်လည်း ကိုယ့်မှာ ရှိတဲ့ တန်ဖိုးထားမှုတွေကို သေချာသိခြင်းဟာ မိမိကိုယ့်ကို သိရှိခြင်း (Self-awareness) အစိတ်အပိုင်း တစ်ခုဖြစ်တဲ့အတွက် ရှေ့လျှောက်ရမယ့် လမ်းကို ပိုပြီး ရှင်းလင်းစေတယ်၊ ကိုယ့်ရဲ့ လုပ်ဆောင်ချက် ရပ်တည်ချက်တွေ ပိုပြီး ခိုင်မာစေပါတယ်။

ဒီလိုပါပဲ၊ ကျွန်မတို့ရဲ့ သားသမီးတွေ၊ တပည့်တွေကိုလည်း သူတို့ဟာ ဘယ်လို တန်ဖိုးထားမှုတွေရှိသလဲဆိုတာ သိအောင် ကျွန်မတို့ လုပ်ပေးရမှာပေါ့။
ဒါပေမယ့် လေးစား ချစ်ခင် အားကျရသူတွေဟာ ကိုယ့်ရဲ့ အတွေ့အကြုံပေါ်မူတည်တာမို့ ကလေးတွေကို လေးစားစရာကောင်းတဲ့ လူတွေအကြောင်း သိစေဖို့လိုသလို၊ မတူညီတဲ့ လူမျိုးစုံအကြောင်း သိအောင် အတွေ့အကြုံပေးဖို့လည်း လိုအပ်ပါတယ်။ နောက်ထပ် အရေးကြီးတာက တန်ဖိုးထားမှု အမျိုးစားတွေကို ကလေးတွေ သိဖို့လိုပါတယ်။ ကလေးတွေကို တန်ဖိုး (value) တွေအကြောင်း ဘယ်လို သင်နိုင်မလဲဆိုတာ နောက်အပတ်မှာ မျှဝေပေးပါ့မယ်။

အားလုံးပဲ ကိုယ်ပိုင် တန်ဖိုးထားမှုတွေကို နားလည်ကြပြီး မိမိတို့ရဲ့ သားသမီးတွေကိုလည်း လမ်းညွှန် သင်ပြပေးနိုင်ကြပါစေ။
စာဖတ်ပြီး အမှန်တကယ် လိုက်မလုပ်ရင် အလကားဖြစ်မှာ စိုးရိမ်မိပါတယ်။ ဒါကြောင့် ဒီစာလေးကို အချိန်ပေးဖတ်ပြီး အချိန်ပေး စဉ်းစား သုံးသပ်ကြည့်ပါ။ Comment မှာလည်း ဒီစာဖတ်ပြီး သုံးသပ်မိရင်း သိလာတဲ့ ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေကို မျှဝေပေးပါဦး။

မေတ္တာဖြင့်…
Sayarma-ဆရာမ