SECTION 1

3) “အားပေးလှုံ့ဆော်မှုနည်းလမ်းများ”

အားပေးလှုံ့ဆော်မှုနည်းလမ်းများ
————————————-
သင်ယူတဲ့အခါ၊ အလုပ်လုပ်တဲ့အခါ၊ ပဲ့ပြင်ဆုံးမတဲ့အခါ၊ ပြုပြင်ပြောင်းလဲတဲ့အခါ၊ ဘယ်အခါမှာမဆို အဲဒီ့ ဖြစ်စဉ်ထဲမှာ ပါဝင်တဲ့သူတွေ တက်ကြွစွာပါဝင်လာအောင်၊ ထိရောက်စွာ လုပ်ဆောင်နိုင်အောင်၊ သေသေချာချာကြိုးစားကြရအောင် ဘေးကလူတွေကပဲဖြစ်ဖြစ်၊ အဲဒီ့ဖြစ်စဉ်ထဲက အခြားသူတွေကပဲဖြစ်ဖြစ်၊ ကိုယ်ကိုကိုယ်ပဲဖြစ်ဖြစ် အားပေးကြတယ်၊ လှုံ့ဆော်ကြတယ်။ အားပေးလှုံ့ဆော်တဲ့အခါ စိတ်အတွင်းသန္တာန်မှာ ကြိုးစားချင်စိတ်၊ သင်ယူချင်စိတ်၊ အလုပ်လုပ်ချင်စိတ် တစ်ဖွါးဖွါးပေါ်လာရင် ဘယ်သူက တားတား၊ ဘယ်သူပံ့ပိုးပိုး၊ မပံ့ပိုးပိုး ဆက်လုပ်ကြတယ်။ တစ်ခုခုကို မက်လုံးပေးပြီး အပေါ်ယံလှုံ့ဆော်မှုမှာ သာယာသွားသူတွေကတော့ မက်လုံးနောက်ကိုပဲလိုက်ကြတယ်။ မက်လုံးနဲ့ ကိုယ်မျှော်ကိုးနေတဲ့အရာ မရှိတော့ရင် လုပ်နေတာကို ဆက်မလုပ်တာတို့၊ မကြိုးစားကြတာတို့ ဖြစ်တတ်ကြတယ်။ အသေးစိတ်ကို အရင်တစ်ပါတ်က ရေးပြီးပြီမို့ ဒီတစ်ပတ်မှာ ကြိုးစားချင်စိတ်၊ သင်ယူချင်စိတ်ကို အတွင်းစိတ်သန္တာန်မှာ ဖြစ်ပေါ်လာအောင် ဘယ်လို နည်းလမ်းတွေနဲ့ လှုံ့ဆော်ကြမလဲဆိုတာကို မျှဝေပါ့မယ်။

လှုံ့ဆော်မှု (၁) – ယုံကြည်မှု
ကိုယ်သင်ယူရတဲ့အရာအပေါ်မှာ၊ ကိုယ်ပါဝင်လုပ်ဆောင်နေရတဲ့ အလုပ်အပေါ်မှာ၊ ကိုယ်ကြိုးစားနေတဲ့ လမ်းကြောင်းအပေါ်မှာ ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုက ကိုယ့်အတွက် အကျိုးရှိတယ်၊ အများအတွက် အကျိုးရှိတယ်၊ ကောင်းမွန်တဲ့ အဓိပ္ပါယ်ရှိနေတယ်၊ သေချာတဲ့ အနာဂါတ်ရှိတယ်ဆိုတဲ့အပေါ် ယုံကြည်ပြီဆိုရင် ကိုယ်လုပ်နေတဲ့အလုပ်၊ သင်ယူနေတဲ့ အရာတွေ အပေါ် ပိုပြီး အလေးထားကြတယ်၊ စိတ်အတွင်းထဲကနေ ကြိုးစားချင်စိတ်၊ လုပ်ပေးချင်စိတ်ဖြစ်ကြတယ်။

အဲဒီ့အတွက် ဆရာ၊မတွေ မိဘတွေ အနေနဲ့ ကလေးတွေကို ပညာပေးတော့မယ်ဆိုရင်၊ အလုပ်ရှင်တွေက ကိုယ့်လက်အောက်ငယ်သားတွေကို လုပ်စေချင်တဲ့အလုပ်တွေပေးတော့မယ်ဆိုရင် ဘာကြောင့်လုပ်သင့်တယ်၊ ဘယ်လိုအဓိပ္ပါယ်တွေရှိပြီး ဘယ်လို ရှင်းလင်းတဲ့ အနာဂါတ်ကို မျှော်ကိုးလုပ်ဆောင်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းနဲ့ သိသာမြင်သာအောင် ပြောပြဖို့လိုပါတယ်။ အလုပ်အပေါ်မှာ၊ ယုံကြည်မှုရှိလာအောင် နားလည်လာအောင် ရှင်းလင်းပြောကြားပေးတဲ့အပြင် ပြောတဲ့အတိုင်း ကြိုးစားဦးဆောင်ဖို့လည်း လူကြီးတွေက တာဝန်ယူရပါ့မယ်။

ဘာသာရပ်အလိုက် လက်တွေ့ဘဝအတွက် အသုံးဝင်ပုံတွေ ရှင်းပြတာမျိုး၊ ခေါင်းစဉ်အလိုက် ကလေးတွေရဲ့ ဘဝနဲ့ ချိတ်ဆက်ပြတာမျိုး၊ လက်တွေ့ အသုံးချပြီး ပြန်လည် ဆန်းစစ်စေတာမျိုးတွေက ကလေးတွေနဲ့ သင်ယူနေရတဲ့ အကြောင်းအရာတွေအကြား ယုံကြည်မှု ပိုဖြစ်စေတဲ့အတွက် သင်ယူလိုစိတ်ပိုဖြစ်လာစေမှာပါ။

ကလေးတွေရဲ့ လေ့လာနေတဲ့ ဘာသာရပ်အပေါ်၊ လေ့လာနည်းအပေါ် ယုံကြည်ချက်က အရေးပါသလို သူတို့ကို ယုံကြည်ခြင်းခံရတာကလည်း အရေးပါပါတယ်။ လူကြီးမိဘတွေက ကလေးတွေကို ယုံကြည်မှုလျော့နည်းတဲ့အခါ လုပ်ချင်စိတ် လျော့ကျသွားတာတွေရှိပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ လုပ်နိုင်စွမ်းနဲ့ သင်ယူလိုစိတ်အပေါ်မှာ ယုံကြည်မှုရှိကြောင်း ပြသပြောဆိုဖို့လည်း လိုအပ်ပါတယ်။

ကိုယ်ဘာသာ ပညာရပ်တစ်ခုကို လေ့လာဖို့အတွက် လှုံ့ဆော်ချင်တယ်ဆိုရင် အဲဒီ့ လေ့လာလိုတဲ့ အကြောင်းအရာက ကိုယ့်ဘဝအတွက် အသုံးဝင်တယ်၊ အဓိပ္ပါယ်ရှိတယ်၊ အနာဂါတ်အတွက်ကောင်းမွန်တယ်၊ ကိုယ့်အတွက် စိတ်ဝင်စားစရာဖြစ်တယ်ဆိုတာကို သေချာအောင်လုပ်ဖို့လိုပါတယ်။ ကိုယ်လေ့လာမယ့် အကြောင်းအရာအပေါ် ယုံကြည်မှု မခိုင်မာဘူးဆိုရင် ကောက်ရိုးမီးလိုပဲ ခဏလေး လေ့လာပြီး နောက်တော့ ဆက်လေ့လာဖြစ်မှာမဟုတ်ပါဘူး။
—————————————
လှုံ့ဆော်မှု နံပါတ် (၂) – ပျော်ရွှင်မှု
ပျော်ရွှင်စရာမကောင်းတဲ့အလုပ်၊ ပျော်ရွှင်စရာမကောင်းတဲ့ စာသင်ခန်းကို ဘယ်သူကမှ စိတ်ပါလက်ပါ တက်ကြွစွာ မလာချင်ပါဘူး။ ပျော်စရာမကောင်းတဲ့ဆီမှာ ကြာကြာလည်း မနေချင်ပါဘူး။ ပျော်စရာ မကောင်းအောင် လုပ်တဲ့သူတွေဆီကလည်း အများကြီး မသင်ချင်ပါဘူး။ အဲဒီ့တော့ အလုပ်ပဲဖြစ်ဖြစ်၊ စာသင်ခန်းပဲဖြစ်ဖြစ်၊ ပျော်ရွှင်စရာ ကောင်းတဲ့နေရာတစ်ခု ဖန်တီးဖို့လိုပါတယ်။ အလုပ်ပြီးမြောက်ဖို့၊ ပညာတစ်ခုတတ်မြောက်ဖို့ဆိုတာ အရေးကြီးပါတယ် အဲဒီ့အတွက် တင်းတင်းကြပ်ကြပ်နဲ့ အမြဲ ဆူငေါက်နေတာကတော့လည်း နည်းလမ်းမဟုတ်ပါဘူး။

လူကြီးတွေ၊ဆရာ၊မတွေအနေနဲ့ ကလေးတွေကို သူတို့သင်ယူတဲ့အခါ ပျော်ရွှင်အောင် သင်ကြားနည်းစနစ်တွေကို အသုံးပြုဖို့လိုပါတယ်။ ကလေးတွေရဲ့ စိတ်ဝင်စားမှု၊ ကလေးတွေရဲ့ သင်ယူပုံနဲ့ ကိုက်ညီသော သင်ထောက်ကူပစ္စည်းတွေနဲ့ သင်ကြားနည်းစနစ်တွေကို အသုံးပြုမယ်ဆိုရင် ကလေးတွေက သင်ယူရာမှာ ပျော်ရွှင်လာမှာပါ။ နောက်ထပ်အရေးကြီးတာကတော့ လူကြီးကိုယ်တိုင်ပါပဲ။ ဘယ်ကလေးမှ ဆူအောင့်နေတဲ့သူဆီက မသင်ချင်ပါဘူး။ သင်ပေးတဲ့သူကလည်း တက်တက်ကြွကြွ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ပေးဖို့လိုအပ်ပါတယ်။

ကိုယ်တိုင် သင်ယူဖို့ အတွက်ဆိုရင်လည်း ကိုယ်တိုင်က ဘယ်လိုသင်ယူရတာကို ကြိုက်သလဲဆိုတာ စဉ်းစားပါ။ ဥပမာ ကိုယ်က အင်္ဂလိပ်စာလေ့လာမယ်၊ နားထောင်ရတာကြိုက်တယ်၊ သီချင်းတွေနားထောင်ရတာပျော်တယ်ဆိုရင် သီချင်းတွေကနေ အင်္ဂလိပ်စာသင်ယူဖို့ ပြင်ဆင်ရမှာပေါ့။ ကိုယ်တိုင် သင်ယူမှုမှာ ပျော်ရွှင်ဖို့အတွက် သင်ယူပုံတွေကို သိထားဖို့ကလည်း လိုအပ်ပါတယ်။
————————————-
လဆော်မှုနံပါတ် (၃) – အသိမှတ်ပြုမှု
ကိုယ့်ရဲ့ လုပ်ဆောင်မှုဟာ သူများခိုင်းလို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်လုပ်ချင်လို့လုပ်ခဲ့တာဖြစ်ဖြစ် အသိမှတ်ပြုခံရတဲ့အခါ ပိုတိုးလို့လုပ်ချင်လာတယ်၊ ပိုကောင်းအောင် ကြိုးစားချင်လာတယ်။ ဆုတံဆိပ်တွေကို အသိမှတ်ပြုခြင်းရဲ့ အသွင်သဏ္ဍာန်အဖြစ်ပေးကြတယ်။ ဒါပေမယ့် မှန်ကန်စွာ အသိမှတ်ပြုမှ လူတွေကို လှုံ့ဆော်အားပေးရာရောက်ပါတယ်။

ကလေးတွေကို ပိုကြိုးစားအောင်၊ သင်ယူချင်လာအောင် လှုံ့ဆော်ပေးတဲ့အခါ သူတို့လုပ်ရပ် (ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ) နှုတ်အားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ၊ အသိမှတ်ပြုတဲ့ ပစ္စည်း/ဆုနဲ့ဖြစ်စေ အသိမှတ်ပြုပေးလို့ရပါတယ်။ ပစ္စည်းဆုချပြီး အသိမှတ်ပြုတာထက် အခြားနည်းလမ်းတွေနဲ့လည်း အသိမှတ်ပြုဖို့လိုအပ်ပါတယ်။ ဥပမာ – သူတို့လုပ်ထားတာကို သိပါတယ်ဆိုတာ ပြဖို့လိုသလို၊ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အားထုတ်မှုကို အသိမှတ်ပြုပေးခြင်းမျိုးပေါ့။

အသိမှတ်ပြုတာကို အချို့က ချီးကျူးတာလို့ပဲ အဓိပ္ပါယ်ကောက်ကြတယ်။ ကျွန်မကတော့ ချီးကျူးတာအပြင် လုပ်ဆောင်ချက်တွေကို သိပါတယ်ဆိုပြီး မှတ်ချက်ချတာကို အသိအမှတ်ပြုတယ်လို့ပြောချင်ပါတယ်။ ပုစ္ဆာ ဆယ်ပုဒ်မှာ ၈ ပုဒ်မှားတဲ့ကလေးကို ကျွန်မတို့တစ်တွေက ၈ ပုဒ်မှားကြောင်းအမြဲဆူလေ့ရှိတယ်၊ မှန်အောင် ဖြေထားတဲ့ ၂ ပုဒ်ကို ကျွန်မတို့ အသိမှတ်ပြုသင့်တာပါပဲ။ နောက်တစ်ခါ ၂ ပုဒ်ကနေ ၃ ပုဒ်မှန်အောင် ဘာဆက်လုပ်မလဲဆိုတဲ့ နောက်ဆက်တွဲပံ့ပိုးပေးမှုလည်း လိုအပ်ပါတယ်။

လုပ်ငန်းခွင်မှာဆိုရင်လည်း လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ အားထုတ်ပြီး လုပ်ဆောင်ထားရင် သူ့ရဲ့ အားစိုက်ထုတ်မှုကို အသိမှတ်ပြုရမယ်။ မှားခဲ့ရင် မှားတာကို မှန်အောင် ဘယ်လို ပြင်ကြမယ်ဆိုတာ အပြုသဘောနဲ့ ကူညီပံ့ပိုးပေးရမယ်။ ဒါမှလည်း ဒီအလုပ်ကို ပိုကောင်းအောင် လုပ်ချင်စိတ် ဖြစ်မှာပေါ့။

အသိမှတ်ပြုတဲ့အခါ တော်လိုက်တာ ဆိုတဲ့စကားလုံးနဲ့တင်ရပ်မနေပဲ ဘယ်နေရာမှာ ဘယ်လိုတော်တာလဲ၊ ဘယ်လိုအချက်တွေက ကောင်းနေသလဲဆိုတာ သေချာ ပြောပြပြီး ပိုကောင်းအောင် ဘယ်လိုဆက်လုပ်မလဲဆိုတာပါ ကူညီပါမှ အသိမှတ်ပြုရာရောက်ပါတယ်။
——————————–
လှုံ့ဆော်အားပေးတဲ့အခါ နည်းလမ်းတွေအများကြီးထဲက (၃) ခုကို မျှဝေခဲ့ပြီးပါပြီ။ မျှဝေခဲ့တဲ့ ယုံကြည်မှု၊ ပျော်ရွှင်မှုနဲ့ အသိမှတ်ပြုမှုတွေလုပ်နိုင်ဖို့ဆိုရင် ဆရာ၊မတွေ မိဘတွေက ကလေးတွေ အကြောင်းကို သေချာသိဖို့လိုလာပါပြီ။ ဘယ်လို ယုံကြည်မှုတည်ဆောက်မလဲ၊ ဘယ်လို ပျော်ရွှင်အောင် လုပ်ပေးနိုင်မလဲ၊ လုပ်ဆောင်ချက်တွေကို ဘယ်လို အသိမှတ်ပြုမလဲစတဲ့ မေးခွန်းတွေရဲ့ အဖြေက ကလေးတစ်ဦးချင်းစီအပေါ်မူတည်ပြီး ကွဲပြားသွားမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ သင်ယူမှုမှာ လှုံ့ဆော်ချင်ရင် ကိုယ်လေ့လာချင်တဲ့ဘာသာရပ်ဟာ ကိုယ့်အတွက် အကျိုးရှိတယ်၊အဓိပ္ပါယ်ရှိတယ်ဆိုတဲ့အပေါ် ယုံကြည်လာအောင်လုပ်ဆောင်ပါ၊ သင်ယူရာမှာ ပျော်ရွှင်အောင် နည်းလမ်းတွေ စဉ်းစားပါ၊ ကိုယ့်ရဲ့ အားထုတ်မှု၊ အောင်မြင်မှုတွေကို အသိမှတ်ပြုပါ။ အခြားသူတွေကိုလည်း ထိုနည်းအတူ ပြုလုပ်ပေးပါ။ အားလုံး သင်ယူမှုမှာ ပျော်မွေ့သူတွေ ဖြစ်ကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ