သင်ယူမှုနှင့် လှုံ့ဆော်အားပေးမှု (Learning and Motivation)
———————————————
ကျွန်မတို့ ဆရာ၊မနဲ့ မိဘတွေဟာ ကလေးတွေရဲ့ သင်ယူမှုမှာ အလွန် အရေးပါကြသူတွေ ဖြစ်ကြပါတယ်။ သင်ပြပေးတဲ့နေရာ၊ ကူညီထောက်ပံ့ပေးတဲ့နေရာ၊ လမ်းညွန်ပေးတဲ့နေရာ၊ ဆုံးမပဲ့ပြင်တဲ့နေရာ၊ လှုံ့ဆော်အားပေးတဲ့နေရာ၊ စတဲ့ နေရာအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ကလေးတွေကို ကောင်းသောအရာတွေ တတ်အောင်၊ မှန်ကန်သော အတွေးအမြင်တွေရှိအောင်၊ အကျိုးရှိသော လုပ်ရပ်တွေ လုပ်နိုင်အောင် လုပ်ဆောင်ပေးကြတယ်။ ကျွန်မတို့တစ်တွေ ဘယ်လောက် အားထုတ်ကြ အားထုတ်ကြ၊ သင်ယူမှုကို မလိုလားသော၊ မလေ့လာချင်သော၊ မတိုးတက်လာသော ကလေးတွေ၊ သင်ယူသူတွေ တွေ့ဖူးကြတယ်ဆိုရင် ဒီစာကို ဆက်ဖတ်ပါ။
Motivation – လှုံ့ဆော်အားပေးမှုဆိုတဲ့ စကားလုံးဟာ Motive ဆိုတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဖြစ်ချင်စိတ်၊ ဆန္ဒ၊ တောင့်တာမှုဆိုတဲ့ စကားလုံးက ဆင်းသက်လာပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်အားထက်သန်မှု၊ ဖြစ်ချင်စိတ်၊သင်ယူလိုတဲ့ ဆန္ဒနဲ့ တတ်မြောက်ခြင်းကို တောင့်တာမှုတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးခြင်းကို အဓိပ္ပါယ်ဆောင်တဲ့အတွက် Motivation ကို လှုံ့ဆော် အားပေးခြင်း/မှုလို့ ဘာသာပြန်ပါတယ်။
ကျွန်မတို့ ကလေးတွေကို သင်ယူဖို့အတွက်၊လေ့လာဖို့အတွက် ကူညီပံ့ပိုး လက်တွေ့လုပ်ဆောင်တဲ့အခါ ကလေးတွေရဲ့သင်ယူလိုစိတ်၊ စိတ်ဝင်စားမှု (Motive) အပေါ်မှာ မူတည်ပြီး လှုံ့ဆော် ပံ့ပိုးမှုပေးရပါတယ်။ လှုံ့ဆော်မှု (၂)မျိုးရှိပါတယ်။ ပထမ လှုံ့ဆော်အားပေးမှုက အတွင်းစိတ်သန္တာန်ထိလှုံ့ဆော်အားပေးမှု (Intrinsic Motivation)၊ ဒုတိယ လှုံ့ဆော် အားပေးမှုက အပေါ်ယံပြင်ပလှုံ့ဆော်အားပေးမှု (Extrinsic Motivation)ဖြစ်ပါတယ်။
Intrinsic Motivation က သင်ယူသူကိုယ်တိုင် သင်ယူချင်စိတ်တွေဖြစ်ပေါ်လာအောင်လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။ ချိန်ကာလကြာရှည်စွာ သင်ယူလေ့လာနိုင်ဖို့အတွက် အထောက်ကူပြုတယ်။ ဒီလှုံ့ဆော်နည်းက ကလေးတွေရဲ့ စိတ်အတွင်းသန္တာန်မှာ ရှိတဲ့ ဆန္ဒ၊ စိတ်ဝင်စားမှု၊ သင်ယူချင်မှုတွေနဲ့ သူတို့လုပ်နေရတာတွေ၊ သင်ယူနေရတာတွေနဲ့ တစ်ထပ်တည်းကျအောင် ကူညီပံ့ပိုးခြင်းလည်း ဖြစ်သလို သူတို့ သင်ယူနေရတဲ့၊ လုပ်နေရတဲ့အရာတွေဟာ သူတို့အတွက် အသုံးဝင်တယ်၊ အသုံးကျတယ်၊ တန်ဖိုးရှိတယ်ဆိုတဲ့ ခံစားချက်ဖြစ်အောင် ပံ့ပိုးခြင်းလို့လည်း ပြောလို့ရပါတယ်။ သင်ယူမှုနဲ့ ဆန္ဒ တစ်ထပ်တည်းကျတဲ့အခါ (သို့) သင်ယူမှုရဲ့ အသုံးဝင်မှုနဲ့ တန်ဖိုးတွေကို နားလည်မှု ရှိတဲ့အ ကလေးတွေက ဘယ်သူက တွန်းတွန်း၊ မတွန်းတွန်း အမြဲ လေ့လာဖို့ အဆင်သင့်ရှိနေတတ်ပါတယ်။ အတွင်းသန္တာန်အထိ သင်ယူမှုကို လိုလားအောင် လှုံ့ဆော်ပေးခြင်းဟာ တစ်သက်တာအတွက် အထောက်အပံ့ဖြစ်ပါတယ်။ ရေရှည်အတွက် အထောက်ကူပြုတဲ့ လှုံ့ဆော်အားပေးမှုဖြစ်ပါတယ်။
Extrinsic Motivation က ခဏတာ လိုအင်ဆန္ဒကိုဖြည့်စည်းပေးခြင်းအားဖြင့်၊ မက်လုံးပေးခြင်းအားဖြင့်၊ ဆုပေးခြင်းအားဖြင့် ကိုယ့်အတွင်းစိတ်ပြင်ပ အရာဝတ္ထုတွေ အကြောင်းပြုပြီး လှုံ့ဆော်ခြင်းကိုဆိုလိုပါတယ်။ တစ်ခုခုလိုချင်လို့၊ တစ်ခုခုရချင်လို့ သင်ယူခြင်းဖြစ်ပြီး အဲဒီ့ သူတို့လိုချင်တဲ့ တစ်ခုခု မရှိတဲ့အခါ၊ မရတဲ့အခါ သင်ယူမှုကို ရပ်တန့်လေ့ရှိပါတယ်။ ဥပမာ – စာမေးပွဲဖြေရင် မုန့်ဖိုးရမှာမို့ စာကျက်တာမျိုး၊ စာတစ်ပုဒ်ရရင် အရုပ်လက်ဆောင်ရမှာမျိုး၊ သင်္ချာတစ်ပုဒ်မှန်ရင် ဆရာမရဲ့ ကောင်းတယ်၊တော်တယ်ဆိုတဲ့ မှတ်ချက်ရမှာမျိုး စတဲ့ ပြင်ပကနေရရှိမယ့် အကျိုးအမြတ်တစ်ခုခုအတွက် လေ့လာဖို့အားဖြစ်တာဟာ အဲဒီ့ပြင်ပက အရာတွေမရတဲ့အခါ သင်ယူလိုစိတ်ရပ်တန့်သွားတတ်ပါတယ်။ ဒါကြောင့် Extrinsic Motivationဟာ ရည်တို ဖြေရှင်းမှုတစ်ခုဖြစ်ပါတယ်။
ကျွန်မ ကိုယ်ပိုင် ဥပမာ တစ်ခုပေးပါ့မယ်။ ကျွန်မ ဧပြီလ (၇)ရက်နေ့မှာ စင်္ကာပူမှာ ကျင်းပမယ့် အပြေးပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်ပါမယ်။ အဲဒီ့အတွက် ကျွန်မ ပုံမှန် ပြေးဖြစ်ပါတယ်။ ကျွန်မပြေးတဲ့အခါ Runkeeper ဆိုတဲ့ Applicationလေးတစ်ခုကို သုံးပြီး ကျွန်မ ပြေးတဲ့ အမြန်နှုန်း၊ ကြာချိန်၊ အကွာအဝေး စတာတွေကို မှတ်သားပါတယ်။ ကျွန်မပြေးတဲ့အခါ လမ်းနှစ်လမ်း ကြုံလာရင် တိုတဲ့လမ်းကို ကျွန်မ မရွေးပါဘူး။ ကျွန်မတိုတဲ့လမ်းကိုသွားရင် ကျွန်မပြေးတဲ့အချိန်တိုမယ်၊ ပြေးတဲ့ အကွာအဝေးတိုမယ်၊ ကျွန်မသတ်မှတ်ထားတဲ့ ပန်းတိုင်ကို မြန်မြန်ရောက်မယ်။ ဒါပေမယ့် ကျွန်မရဲ့ motive က ပြေးခြင်းကို နှစ်သက်ပြီး တာဝေးပြေးခြင်းကို လုပ်ဆောင်နိုင်ဖို့အတွက် ဖြစ်တဲ့အတွက် လမ်းတိုတွေကို ကျွန်မ မရွေးချယ်ပါဘူး။ အကယ်၍ ကျွန်မက ပြေးတဲ့အကွာအဝေးနဲ့ သက်လုံကောင်းကောင်းပြေးနိုင်စွမ်းကို ဦးစားမပေးဘဲ ပန်းတိုင်ရောက်ဖို့ အဓိကထားတယ်ဆိုရင် အချိန်တိုအတွင်း ပန်းတိုင်ရောက်အောင် တိုတဲ့လမ်းကို ရွေးမိမှာပေါ့။ ဖြတ်လမ်းရှိရှိလည်း လိုက်မိကောင်းလိုက်မိလိမ့်မယ်။ ကျွန်မ ပြေးတဲ့အခါ ပြိုင်ပွဲဝင်ဖို့တစ်ခုတည်းပြေးတာမဟုတ်ဘဲ ပြေးခြင်းကို နှစ်သက်တဲ့အတွက် ပြိုင်ပွဲပြီးရင်လည်း ပုံမှန်ပြေးဖြစ်မယ်။
သင်ယူမှုတစ်ခုမှာလည်း ဒီဖြစ်စဉ်လိုပါပဲ။ ကျွန်မတို့ရဲ့ motive အပေါ်မှာ မူတည်ပြီး ကျွန်မတို့ သင်ယူပုံနဲ့ သင်ယူတဲ့အကြောင်းအရာတွေ ကွာသွားတယ်။ အချို့က ဖြတ်လမ်းလိုက်တယ်၊ အချို့က သင်ယူနေရတဲ့ဖြစ်စဉ်ကို သဘောကျပြီး အမြဲ ကြိုးစားတယ်။ ကျွန်မရဲ့ ဥပမာထဲမှာ ဆိုရင် extrinsic motivationတစ်ခုက ပြိုင်ပွဲပြီးဆုံးဖို့ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးဆုံးရင် ရမယ့် ကျွန်မရဲ့ စွမ်းရည်နဲ့လုပ်နိုင်စွမ်းကို အသိမှတ်ပြုမယ့် ဆုတံဆိပ်ကိုလည်း ကျွန်မရဲ့ စိတ်ထဲမှာလိုချင်ပါတယ်။ အဲဒီ့အတွက် အကောင်းဆုံး ကြိုးစားဖြစ်တယ်။ နောက်ပြီးတော့ intrinsic motivation ရှိနေပြန်ပါတယ်။ အဲဒါကတော့ ပြေးရတာကို သဘောကျ နှစ်ခြိုက်တဲ့ ကျွန်မရဲ့စိတ်ပါပဲ။ ဒီလှုံ့ဆော်အားပေးမှုက ကျွန်မကို ဆက်လက်လေ့ကျင့်ပြီး ပုံမှန်ဆက်ပြေးဖို့ ကူညီပေးပါတယ်။
ကျွန်မအမြင်မှာကတော့ ကလေးတွေကို တစ်ခုခုလုပ်ရင် တစ်ခုခုပေးမယ်ဆိုတဲ့ လှုံ့ဆော်အားပေးမှုမျိုးဟာ မလုံလောက်ပါဘူး။ ကလေးတွေကိုယ်တိုင် အဲဒီ့ သင်ယူမှုမှာ ပျော်မွေ့လျော်အောင်၊ သင်ယူမှုရဲ့ တန်ဖိုးကို နားလည်ပြီး အသုံးဝင်မှုတွေကို သိရှိအောင် မြင်သာအောင် ကျွန်မတို့ လူကြီးတွေက ပံ့ပိုးပေးဖို့လိုပါတယ်။
ကိုယ်က ဘယ်လောက် လုပ်ပေးရ လုပ်ပေးရ သူတို့က အသုံးမကျဘူး ဆိုတဲ့ စကားမျိုး၊ ဘယ်လိုအားပေး အားပေး သူတို့က သင်ယူဖို့ စိတ်မဝင်စားဘူးဆိုတဲ့ စကားမျိုးကို ကျွန်မ မကြာခဏ ကြားရပါတယ်။ ကျွန်မက ပြန်မေးချင်ပါတယ်။ ကလေးတွေရဲ့ motive တွေကို လေ့လာပြီးပြီလား။ သူတို့ရဲ့ ဆန္ဒတွေ ဖြစ်ချင်တာတွေကို နားထောင်ပြီးပြီလား။ ကလေးတွေကို အမှန်တစ်ကယ်တိုးတက်စေချင်တယ်၊ သင်ယူစေချင်တယ်ဆိုရင် Extrinsic Motivationနဲ့တင်မလုံလောက်ပါဘူး။ အချို့ကလေးတွေဆိုရင် သူတို့မလိုချင်တာကို ပေးမယ်လို့ မက်လုံးပေးလို့ ပိုတောင် အရွဲ့တိုက်ပြီး မလုပ်တာတွေရှိပါတယ်။ ဒါကြောင့် Extrinsic Motivation ပေးမယ်ဆိုရင်လည်း ကိုယ့်ကလေးက ဘာတွေကြိုက်လဲ၊ ဘယ်လိုအရာတွေ စိတ်ဝင်စားလဲ၊ ဘာတွေလုပ်ချင်တယ် စတာတွေသိအောင်လုပ်ပြီးမှာ လှုံ့ဆော်အားပေးပါ။ ပိုအရေးကြီးတာကတော့ Intrinsic Motivation ဖြစ်အောင် ကလေးကိုယ်စိတ် ဒီသင်ယူမှုမှာ ပျော်မွှေ့လာအောင်၊ စိတ်ဝင်စားလာအောင်၊ တန်ဖိုးထားလာအောင် လုပ်ပေးဖို့ပါပဲ။ ဒါမှ ကလေးရဲ့ တစ်ဘဝစာလုံလောက်မှာဖြစ်ပါတယ်။
လူကြီးတွေအနေနဲ့ဆိုရင် ကိုယ်တိုင်ရဲ့ သင်ယူမှုကို အထောက်ကူပြုအောင် လှုံ့ဆော်အားပေးမှုတွေ လုပ်လို့ရပါတယ်။ ကိုယ်တိုင်ရဲ့ စိတ်ဝင်စားမှုတွေ၊ လိုအင်ဆန္ဒတွေကို နားလည်အောင်လုပ်ပါ။ ပြီးမှ ကိုယ့်ကိုကိုယ် Intrinsic Motivation နဲ့ Extrinsic Motivation ဘယ်လို ပေးသင့်လဲဆိုတာ စဉ်းစားပါ။
အချုပ်မှာ မျှဝေချင်တာကတော့ ကလေးတွေကို အားပေးတယ်၊ လှုံ့ဆော်တဲ့အခါ (၂)မျိုးရှိပါတယ်။ ကိုယ်တိုင်က ဘယ်အမျိုးအစားကို အများဆုံးအသုံးပြုနေသလဲ (ဒါမှမဟုတ်) တစ်ခုမှကို မသုံးဘဲထားသလား – ဆိုတဲ့အပေါ်မှာ မူတည်ပြီး ကလေးတွေရဲ့ သင်ယူမှုနဲ့ သင်ယူမှုအပေါ်ထားတဲ့ မြတ်နိုးမှု၊ တန်ဖိုးထားမှု ကွာဟသွားနိုင်ပါတယ်။ ကလေးတွေကို လှုံ့ဆော်အားပေးတဲ့အခါမှာ သူတို့ရဲ့ motive (ဆန္ဒ၊ စိတ်) စတာတွေကို သေချာနားလည်အောင် ကြိုးစားပြီးမှ သင့်တော်တဲ့နည်းလမ်းတွေကို အသုံးပြုဖို့လိုပါတယ်။ နောက်တစ်ပတ် စနေနေ့မှာ ကိုယ်တိုင်အတွက်ရော၊ ကလေးတွေအတွက်ပါ Intrinsic Motivationနဲ့ Extrinsic Motivation ပေးတဲ့ နည်းလမ်းလေးတွေကို ထပ်ပြီး မျှဝေပေးပါ့မယ်။ ဖတ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သင်ယူမှုမှာ ပျော်မွေ့သူများ ဖြစ်ကြပါစေ။
မေတ္တာဖြင့်…
Sayarma-ဆရာမ