လောကမှာ အလုံးစုံပြည့်စုံတဲ့လူရယ်လို့ မရှိပါဘူး။ လူတိုင်းမှာ အားနည်းချက်တွေ၊ မပြည့်စုံမှုတွေ၊ လိုအပ်ချက်တွေ အသီးသီးရှိတတ်ကြတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းမရှိတာနဲ့
ယုံကြည်မှု ပျောက်ဆုံးနေကြတာဟာ ကျွန်မတို့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေရဲ့ အဓိကအကြောင်းရင်းပဲ ဖြစ်ပါတယ်။
ဘဝမှာ ပျော်ရွှင်အေးချမ်းစွာ နေထိုင်သွားနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး ကိုယ့်စွမ်းဆောင်ရည်ကို ယုံကြည်မှုရှိတဲ့ လူသားတွေဖြစ်စေဖို့ ငယ်စဉ်တောင်ကျေး ကလေးဘဝ
အရွယ်ကတည်းက မိဘတွေအနေနဲ့
ပြုစုပျိုးထောင်ပေးဖို့ အရမ်း အရေးကြီးပါတယ်။
ဒါကြောင့်မလို့ မေမေဖေဖေတို့ ဆောင်ရွက်ပေးသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုပါတယ်။
⭐️ ချစ်ခြင်းမေတ္တာကို ပြသပါ
မိဘဆိုတာက ကလေးငယ်ရဲ့ တစ်ခုတည်းသော အားကိုးရာ အသိုက်အမြုံ ဖြစ်တဲ့အတွက် နွေးထွေးတဲ့ မေတ္တာလွှမ်းခြုံရာ ပတ်ဝန်းကျင် တစ်ခု ဖန်တီးပေးဖို့ အရေးကြီးလှပါတယ်။
ပွေ့ဖက်တာတွေ၊ နမ်းရှုပ်တာတွေ၊ ကလေးကို ချစ်တယ်ဆိုတဲ့အကြောင်း ပြောပြတာတွေ၊ ကလေး ပြောပြတဲ့ သူ့ရဲ့ ခံစားချက် အမြင်တွေကို စိတ်ပါဝင်စားစွာ နားထောင်ပြီး အားပေးကူညီတာတွေ စတဲ့နည်းလမ်းတွေနဲ့ ချစ်ခြင်းမေတ္တာကို ပြသပေးပါ။
ကျောင်းစာတော်တော် မတော်တော်၊ ဆုတွေရရ မရရ၊ ထူးခြားတဲ့စွမ်းဆောင်ရည်ရှိရှိ မရှိရှိ ကလေးရဲ့ ဘယ်လိုဖြစ်တည်မှုမျိုးမှာမဆို အချစ်ခံရတယ်လို့ ကလေးကို ခံစားရစေဖို့ရာ လိုအပ်ပါတယ်။
ချစ်ခင်ကြင်နာတဲ့ မိဘရိပ် အောက်မှာ ပျော်ရွှင်စွာ ကြီးပြင်းလာတဲ့ ကလေးရဲ့ စိတ်နှလုံးမှာ
အမြဲတစေ နူးညံ့သိမ်မွေ့နေတတ်ပြီး လူမှုပတ်ဝန်းကျင်ကိုပါ တန်ဖိုးထားတတ်လာကာ
ချစ်ခြင်းမေတ္တာတွေ ဖြန့်ကျက်ပေးနိုင်မှာ ဖြစ်ပါတယ်။
⭐️ ကိုယ်ပိုင်ယုံကြည်မှုကို တည်ဆောက်ပေးပါ
နေ့စဉ်အလိုက် ကလေးကိုယ်တိုင် လုပ်ဆောင်
နိုင်တဲ့ ပန်းတိုင်အသေးလေးတွေ ချမှတ်ပြီး လုပ်ဆောင်ပါစေ။ ကလေးရဲ့ လုပ်ဆောင်ချက်
တိုင်းမှာ သူကိုယ်တိုင် အောင်မြင်တယ်လို ခံစားရစေဖို့အတွက် မိဘက အကူအညီပေးခြင်း နည်း
နိုင်သမျှ နည်းအောင် ဂရုစိုက်ပေးပါ။
ကလေးကိုယ်တိုင် ချမှတ်ထားတဲ့ ပန်းတိုင်ကို ဇွဲရှိရှိနဲ့ ရောက်ရှိ အောင်မြင်ခြင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ရာမှာ အရေးကြီးဆုံး ဖြစ်ပါတယ်။ နောင်အနာဂတ်မှာလည်း ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ရဲရဲဝင့်ဝင့် ချမှတ်လာနိုင်မှာ
ဖြစ်ပြီး ယုံကြည်မှု ပိုမိုရှိ လာမှာဖြစ်ပါတယ်။
ကလေး ကိုယ်တိုင်ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေ၊ အမှားတွေကနေလည်း သင်ခန်းစာ ယူစေပြီး ရင့်ကျက်သန်မာလာပါစေ။ အမှားတွေကို ပြန်လည်ပြင်ဆင်နိုင်ကြောင်း လမ်းညွှန်ပြသပေးရင် အမှားအယွင်းဖြစ်တဲ့အခါ အလွယ်တကူ လက်လျှော့အရှုံးမပေးပဲ စိတ်ဓာတ်သန်မာတဲ့ ကလေးတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။
ရစ်ချတ်ဘရန်ဆန်ဆိုတဲ့ ကမ္ဘာကျော်သူဌေးကြီးကို သူ့အမေက ငယ်စဉ်ကတည်းက ဒီလိုပန်းတိုင်ငယ်လေးတွေချပြီး လေ့ကျင့်ပေးတဲ့ပုံစံမျိုးနဲ့ ယုံကြည်မှုရှိသူဖြစ်အောင် တည်ဆောက်ပေးခဲ့တာပါ။ ဒီအကြောင်းကို သူ့ရဲ့ “Screw it, Let’s do it” စာအုပ်ထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
⭐️ ချီးမွမ်းခြင်းကို ဦးစားပေးပါ
ကလေးရဲ့ အမှားနှင့်အားနည်းချက်များကို
ဝေဖန်ပြစ်တင်ပြောဆိုခြင်းဟာ ကလေးရဲ့ မိမိ
ကိုယ်ကို တန်ဖိုးထားစိတ်၊ စွမ်းဆောင်နိုင်စွမ်းတွေကို လျော့ကျစေပြီး သိမ်ငယ်အားငယ်စိတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ကလေးရဲ့ အောင်မြင်မှုတွေကို စာရင်းပြုစုခြင်း၊ ပြီးမြောက်ခဲ့သော လုပ်ဆောင်ချက်များကို
ချီးမွမ်းခြင်း၊ ဆုပေးခြင်းတွေ ပြုလုပ်ပေးမယ်ဆိုရင် ဒီကလေးဟာ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာပြီး အရာရာမှာ
အကောင်းမြင်စိတ်တွေ ပိုမို တိုးပွါးလာစေနိုင်ပါတယ်။
ဒါပေမဲ့ ကလေးရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကျော်လွန်ပြီး အလွန်အကျွံ ချီးမွမ်းရင်တော့လည်း ယုံကြည်မှုလွန်ကဲစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အရှိအတိုင်းလက်ခံပေးပြီး အားသာ
ချက်ကို ထုတ်ဖော်ချီးကျူးပေးခြင်း၊ အားနည်းချက်ကို ကူညီပြုပြင်ပေးခြင်းကသာ သမမျှတတဲ့
နည်းလမ်းပဲဖြစ်ပါတယ်။
⭐️ သူတစ်ပါးနဲ့ နှိုင်းယှဉ်ခြင်းကို ရှောင်ကြဉ်ပါ
ကိုယ့်ကလေးအနာဂတ်အတွက် ဖြစ်စေချင်တဲ့ စေတနာတွေ၊ ဆန္ဒတွေ များလွန်းတဲ့အခါ တစ်ခါတလေ ကိုယ်တိုင်တောင် သတိမထားမိလိုက်ပဲ
တခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြီး ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်တတ်ကြပါတယ်။
အဲ့ဒီလို နှိုင်းယှဉ်ပြောဆိုခံရတဲ့အခါ ကလေးရဲ့
စိတ်ထဲမှာ ငါဟာ သူများတွေနဲ့ယှဉ်ရင် မတော်ဘူး၊ မထူးချွန်ဘူးစတဲ့ အငုံ့စိတ်တွေ
ဝင်လာပြီး စိတ်ဒဏ်ရာတွေရတတ်ပါတယ်။ ဒီလိုကြီးပြင်းလာရတဲ့ကလေးတွေဟာ အရွယ်
ရောက်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် အကောင်း
မြင်တဲ့ စိတ်နည်းပါးလာကာ ဘာကိုပဲ လုပ်လုပ် အောင်မြင်အောင် လုပ်နိုင်စွမ်းလည်း လျော့နည်းလာတတ်ပါတယ်။
ဒါကြောင့် ဖေဖေမေမေတို့ဟာ ကလေးကို ပိုမိုကြိုးစားစေဖို့ တိုက်တွန်းတဲ့အခါ ကိုယ့်ကလေးက ဘယ်အပိုင်းမှာ အားနည်းနေလဲ၊ မိဘ
တစ်ယောက်အနေနဲ့ သူတို့တွေအတွက် ဘာတွေ လုပ်ပေးသင့်လဲ စတာတွေကို လမ်းညွှန်ပေးပြီး မိမိကိုယ်ကို ဗဟိုပြုတဲ့ ကြိုးစားမှုမျိုးကို အားပေး
သင့်ပါတယ်။
ယခု ဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေကတော့ ကလေးငယ်တွေ မိမိကိုယ်ကို တန်ဖိုးထားတတ်တဲ့၊ ယုံကြည်မှုရှိတဲ့ လူသားတွေအဖြစ်
ပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့အတွက်
ဖေဖေမေမေတို့က ဆောင်ရွက်သင့်တဲ့
အချက်လေးတွေပဲဖြစ်ပါတယ်။ ကလေးငယ်တွေ စိတ်ကျန်းမာပျော်ရွှင်စေဖို့ တစ်စိတ်တစ်ပိုင်း အနေနဲ့ အထောက်အကူဖြစ်လိမ့်မယ်လို့
မျှော်လင့်ပါတယ်။
စာရေးသူ – ဆရာမ ဆုမြတ်နိုးဦး
မေတ္တာဖြင့်…
Saya-ဆာယာ