ဖေဖေ၊မေမေတို့ရေ သားသားမီးမီးလေးတွေရဲ့ စာလုပ်ရတာ ငြီးငွေ့နေပြီလို့ ညည်းတွားသံတွေ အိမ်မှာ ခဏတိုင်း ကြားနေရတယ်မဟုတ်ပါလား။ 

ဒီဆောင်းပါးလေးကတော့ ကလေးတွေ ကျောင်းသင်ခန်းစာတွေမှာ စိတ်ပါဝင်စားလာအောင် ပြုလုပ်ပေးသင့်တဲ့ အချက်လေးတွေကို မျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။

? စာသင်ရတဲ့ ဦးတည်ချက်ကို မသိခြင်း 

မိဘအများစုက စာမေးပွဲမှာ အမှတ်ကောင်းမှ၊ အဆင့်ကောင်းမှသာ အောင်မြင်မယ်ဆိုပြီး လွဲမှားတဲ့ အယူအဆတွေပေးတတ်ကြပါတယ်။ ဒါ့ကြောင့် ကလေးတွေဟာ အမှတ် ကောင်းကောင်းရဖို့သာ ကြိုးစားကြပြီး  ဘာသာရပ်တွေ သင်ယူရခြင်းရဲ့  ရည်ရွယ်ချက်ကို မသိတော့ပါဘူး။ 

အကျိုးဆက်ကတော့ အမှတ်တွေနည်းရင်၊ အဆင့်တွေကျခဲ့ရင် စာထဲကို အားမထည့်နိုင်တော့ပဲ စိတ်တွေဖိစီးလာကြပါတော့တယ်။ ဒီလိုမျိုးမဖြစ်ရလေအောင် သင်ကြားနေတဲ့ ဘာသာရပ်တိုင်းဟာ သူတိုရဲ့ လူနေမှုဘဝအတွက်ပါ အကျိုးရှိကြောင်း ရှင်းပြရမှာ ဖြစ်ပါတယ်။ 

ဥပမာဆိုရရင် “ဘဝတွက်တာ”မှာ သူတို့သင်ယူနေရတဲ့ သင်ခန်းစာတွေဟာ သဘာဝဘေးကြုံလာရင် ကာကွယ်တတ်ဖို့၊ ကျန်းမာရေးရဲ့ အရေးကြီးပုံ စတာတွေကို စာချည်းသိရုံမျှမကပဲ လက်တွေ့ဘဝမှာပါ အသုံးချတတ်အောင် သင်ယူရတာဖြစ်ကြောင်း ပြောပြပေးဖို့ရာ လိုအပ်ပါတယ်။

? သူတို့အားသန်တဲ့ သင်ယူမှုပုံစံနဲ့ မကိုက်ခြင်း 

ဟားဗတ်တက္ကသိုလ်က ပြုလုပ်တဲ့ သုတေသန စစ်တမ်းအရ The Linguistic Learner, The Naturalist, The Musical or Rhythmic Learner, The Kinesthetic Learner, The Visual or Spatial Learner, The Logical or Mathematical Learner, The Interpersonal Learner, The Intrapersonal Learnerဆိုပြီး

ကလေးတစ်ယောက် လေ့လာ သင်ယူတဲ့ ပုံစံ (၈)မျိုး ရှိပါတယ်တဲ့ရှင်။ 

ဒီသင်ယူလေ့လာမှု ပုံစံတွေထဲကမှ ကလေးတွေဟာ ကိုယ်အားသန်ရာ နည်းလမ်းနဲ့ အကြောင်းအရာသစ်တွေကို သင်ယူလေ့လာကြတာဖြစ်ပါတယ်။ 

ဒါကြောင့် Lesson တစ်ခုကို သင်ကြားပေးတဲ့ ပုံစံက ကလေးရဲ့ Learning Style နဲ့ ကိုက်ညီဖို့ရာ အလွန် အရေးပါလှပါတယ်။ ပုံစံ မကိုက်ညီဘူးဆိုရင်တော့ သင်ကြားမှုဖြစ်စဉ်က နှေးကွေးသွားမှာဖြစ်ပြီး တခြားကလေးက သူ့ထက်ရှေ့ရောက် နေတဲ့အခါ ကိုယ့်ကိုယ်ကို စာညံ့တယ်လို ခံစားလာရမှာပဲဖြစ်ပါတယ်။ 

ဒါ့ကြောင့် ကိုယ့်ကလေးက ဘယ်လို သင်ယူမှုပုံစံနဲ့ဆို အကြောင်းအရာ အသစ်တွေ အမြန်ဆုံး မှတ်သားနိုင်လဲ ဆိုတာကို သိထားရပါမယ်။ ဥပမာ – ကိုယ့်ကလေးက (The Naturalistic Learner) ဖြစ်နေတယ် ဆိုရင် သဘာဝ ပတ်ဝန်းကျင်ကို အရင်စူးစမ်းလေ့လာစေပြီးမှ သင်ခန်းစာတွေနဲ့ ဆက်စပ်တွေးခေါ်စေပြီး သင်ကြားပေး မယ်ဆိုရင် ခဏလေးနဲ့ တတ်မြောက် လွယ်ပါလိမ့်မယ်။

? ကိုယ်ပိုင်အချိန် လောက်ငှစွာ မရခြင်း

တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ကိုယ့်သား၊သမီး ကျန်မနေခဲ့အောင် မိဘတော်တော် များများက ကလေးတွေကို သင်တန်းပေါင်း မြောက်မြားစွာ တက်ခိုင်းတတ်ကြပါတယ်။ အချိန်ကြာလာတော့ ကလေးတွေမှာ အရွယ်နဲ့မမျှတဲ့ ဝန်တွေ ပိလာပြီး ကောင်းစွာအနားမယူရတဲ့အခါ စာအပါအဝင် ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့တာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

ဒါ့ကြောင့် ကလေးတစ်ယောက်က စာလုပ်ရတာကို အမြဲလိုလို ညည်းတွားနေပြီဆိုရင်တော့ ကလေးကို ကိုယ်မောင်းတဲ့ ပုံစံက မှန်ကန်ရဲ့လားဆိုတာ ကလေးရဲ့ လုပ်နိုင်စွမ်းအားနဲ့ ပြန်ပြီး ချိန်ထိုး ကြည့်ရပါမယ်။

အကြံပြုရမယ်ဆိုရင် မိဘတွေ အနေနဲ့ ကလေးတွေရဲ့ ပညာရေး နဲ့  ကိုယ်ပိုင်အချိန်ကို မျှတအောင် စီမံခန့်ခွဲပေးဖို့ လိုအပ်ပါတယ်။

အထက်ပါ အချက်တွေက ကလေးတစ်ယောက် ပညာရေးမှာ ငြီးငွေ့လာစေနိုင်တဲ့ အကြောင်းခြင်းရာတွေ ဖြစ်ပြီး ကိုယ့်ကလေးက ဒီထဲက တစ်ချက်ချက်နဲ့ ကိုက်ညီနေပြီ ဆိုရင် အချိန်မီ ပြုပြင်ပေးဖို အကြံပြုလိုက်ပါရစေ။ 

ဒီဆောင်းပါးလေးက အကျိုးရှိမယ်လို့ ထင်မြင်ယူဆရင် ပြန်လည်မျှဝေပေးပါဦးနော်။

စာရေးသူ – ဆရာမ စုမြတ်နိုးဦး

မေတ္တာဖြင့်…

ဆာယာဖောင်ဒေးရှင်း အဖွဲ့သားများ