ကိုယ့်မှာ သားသမီးရယ်လို့ မရှိပေမယ့် ဆရာတစ်ယောက်အနေနဲ့ရော၊ ဦးလေးအရွယ်ရောက်လာတဲ့သူတစ်ယောက်အနေနဲ့ပါ မြန်မာမိဘတွေရဲ့ ကလေးထိန်းပုံကို ကြည့်မိသတိထားမိတတ်တယ်။ မြန်မာမိဘ အတော်များများဟာ ပညာရေးကို အားပေးလေ့ရှိကြတယ်။ ဆယ်တန်းလေးတော့အောင်အုံးမှဟဲ့၊ ဘွဲ့ရလို့အလုပ်မရလည်းဘဲ၊ တခြားဟာနဲ့ လုပ်စားရမှာ ဖြစ်လည်းပဲ ဘွဲ့လေးတော့ လူရိုသေရှင်ရိုသေရထားအုံးမှ ဟဲ့ဆိုပြီး ထမင်းစားလက်မှတ်မဟုတ်တောင် ဂုဏ်တော့ရှိတယ်ဆိုတဲ့ စိတ်မျိုးလေးတွေရှိတတ်ကြတယ်။ ပညာရေးကို အားပေးတာ မကောင်းဘူးလား ဆရာရယ်။ ဟာ ကောင်းတာပေါ့။ မကောင်းဘယ်ရှိပါ့မလဲလို့ဖြေရမှာပါ။ သို့သော်လည်း အားပေးပုံလေးတော့ မှန်ကြဖို့လိုတာပေါ့။ အားပေးပုံဘယ်လို မမှန်ကြလို့တုန်းဆိုတော့ ပြောပြပါမယ်။ ကျနော်တွေ့တဲ့ တော်တော်များများမိဘတွေဟာ ကလေးကို စာလုပ်စေချင်ကြပါတယ်။ အဲ့မှာဘာအလွဲလေးတွေဖြစ်လာသလဲဆိုတော့ ကလေးကို စာချည်းပဲလုပ်နေစေချင်တာပါ။ ကျနော်တို့ငယ်ငယ်ကဆို စာလုပ်ရင်းငြိမ်နေတယ်ဆိုလည်း လူကြီးတွေကမကြိုက်ဘူး။ စာဆိုတာအော်ကျက်ရတယ်ဆိုတာကပါသေးတယ်။ သင်္ချာတွက်တယ်၊ ပုံဆွဲတယ်ဆို ဘယ်လိုလုပ်အော်ကျက်ရပါ့မလဲ။ စေတနာရှိကြပေမယ့် စာကိုပဲသည်းမည်းပြီး လုပ်နေအောင်အားပေးတာမျိုးဟာ နည်းလမ်းမမှန်သေးပါဘူး။ ဒီတော့ ဘာတွေသင်ပေးဖို့လိုသေးသလဲ။ စဉ်းစားကြည့်ရအောင်ပါ။ (၁) စိတ်ထားကောင်းတဲ့၊ အပြုအမူကောင်းတဲ့ကလေးတွေဖြစ်ဖို့လိုသေးတယ်။ တချို့မိဘက ကလေးစာလုပ်နေရင်ပြီးရောဆိုပြီး အလိုလိုက်တတ်ကြတယ်။ သူလိုချင်တာအကုန်ပေးတယ်။ အပြုအမူအပြောအဆိုတွေကြမ်းတမ်းနေလည်း စာကြိုးစားရှာတယ်ဆိုပြီး သည်းခံကြတယ်။ဒါဟာအတော်မှားတဲ့ကိစ္စပါ။ “စိတ်ကောင်းရှိဖို့က ပထမ” လို့ ရှင်ဇနကာဘိဝံသ ဆုံးမသလိုပါပဲ။ စိတ်သဘောထားကောင်းမွန်မှုရှိဖို့ကအရေးအကြီးဆုံးပါ။ လိမ္မာရေးခြားရှိအောင်၊ အပြုအမူအပြောအဆို ယဉ်ကျေးအောင်ကလေးကို သင်ပေးရပါမယ်။ စာလုပ်တယ်၊ စာတော်တယ်ဆိုတာနဲ့ လိုချင်တာအကုန်ရပြီး အပြုအမူအပြောအဆို ရိုင်းစိုင်းနေတာမျိုးမဖြစ်သင့်ပါဘူး။ (၂) ပြင်ပကမ္ဘာကပါလေ့လာဆည်းပူးဖို့လိုတယ်။ ကျောင်းစာတွေဆိုတာလည်း တကယ့်တကယ်ကျတော့ ပြင်ပကမ္ဘာအကြောင်းကို မှတ်တမ်းတင်ပြုစုရေးသားထားတာပါပဲ။ ဒါကြောင့်ပြင်ပလောကဆိုတာလည်း ကလေးတွေအတွက်လေ့လာစရာပါ။ ရေးနေဖတ်နေမှ လေ့လာနေတာ မဟုတ်ပါဘူး။ တခါ ပြင်ပကစာတွေကိုလည်း ဖတ်ခွင့်ပေးရပါမယ်။ အရွယ်နဲ့လိုက်တဲ့ ကာတွန်း၊ ပုံပြင်၊ ဗဟုသုတရစရာစာအုပ်တွေ ဖတ်တာကိုလည်း အားပေးရပါမယ်။ အပြင်စာဖတ်တာဟာ ကျောင်းစာကို ထိခိုက်စေလိမ့်မယ်ဆိုတဲ့ အယူအဆအလွဲတွေကိုလည်း ပြင်သင့်ပါတယ်။(၃) တာဝန်ယူတတ်မှုကို သင်ပေးရမယ်။ အိမ်မှုကိစ္စတွေနဲ့ပတ်သက်တာတွေမှာ သူတို့နိုင်တဲ့ တာဝန်တွေကို လုပ်ခိုင်းရပါမယ်။ ကိုယ့်အပြုအမူအပြောအဆိုတွေ၊ လုပ်သမျှတွေမှာ အကျိုးဆက်တွေရှိတယ်ဆိုတာသူ တို့နားလည်ပြီး တာဝန်ယူတတ်အောင်လည်း ရှင်းပြရမယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချတတ်လာအောင်လေ့ကျင့်ပေးရမယ်။ ကိုယ့်ဆုံးဖြတ်ချက်ကြောင့်ဘယ်လို အကျိုးသက်ရောက်မှုတွေရှိတယ်ဆိုတာမျိုးမြင်တတ်အောင်သင်ပေးရမယ်။ (၄) ကျန်းမာရေးကောင်းဖို့လည်းလိုသေးတယ်။ ဒါကမပြောလည်းလူတိုင်းသိကြပါတယ်။ ဒါပေမယ့်ကျနော်တို့နိုင်ငံမှာ ကျန်းမာရေးအတွက် အားထုတ်တာက အလွန်အားနည်းပါတယ်။ အရင်ကဆို ကျောင်းတွေမှာ ကာယအချိန်ဆိုရင်တကယ်လုပ်တာမျိုး မရှိလှပါဘူး။ နောက်တစ်ခါကျနော်တို့ဆီမှာ ကလေးတွေအတွက် ကစားကွင်းတို့၊ ရေကူးကန်တို့လို အားကစားလုပ်နိုင်မယ့်နေရာမျိုးတွေနည်းပါးပါသေးတယ်။ အဲ့တော့ မိဘတွေကိုယ်တိုင်ကလည်းကလေးရဲ့ ကိုယ်ကာယ ကျန်းမာရေးကို မေ့လျော့နေတတ်တယ်။ ကျန်းမာရေးနဲ့သင့်တော်တဲ့အစာအာဟာရကိုစားသုံးပြီး ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဖို့ ငယ်စဉ်ကတည်းကလေ့ကျင့်ပေးရမယ်။ ကလေးတွေဟာ စာပဲ တစ်ချိန်လုံးလုပ်ပြီး ကုပ်ပြီးထိုင်နေတာမျိုးမလုပ်သင့်ဘူး။ (၅) ပေါင်းသင်းဆက်ဆံရေးကိုလည်းသင်ယူရမယ်။ ကလေးငယ်တွေမှာလည်း ရွယ်တူသူငယ်ချင်းတွေ ရှိဖို့လိုတယ်ဆိုတာမမေ့သင့်ဘူး။ ပေါင်းသင်းဆက်ဆံရေးဟာ သူတို့တစ်ဘဝလုံးစာ အရေးပါတဲ့အရာဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမကောင်းရင် ဘဝမှာအောင်မြင်ဖို့မလွယ်ပါဘူး။ သူတို့သူငယ်ချင်းတွေနဲ့ အတူကုန်ဆုံးနေတဲ့အချိန်တွေကို အကျိုးမဲ့ကုန်ဆုံးနေတယ်လို့မမြင်မိဖို့လိုပါတယ်။ သူတို့စာကြိုးစားတဲ့အခါ၊ သင်ယူမှုတိုးတက်လာတဲ့အခါ သူတို့သူငယ်ချင်းနဲ့ အချိန်ပိုကုန်ဆုံးခွင့်ပေးတာမျိုး ခွင့်ပြုပေးရမယ်။(၆) တီထွင်ဖန်တီးနိုင်စွမ်းကိုသင်ယူရမယ်။ ကလေးတွေပန်းချီဆွဲတာ၊ သီချင်းဂီတကို ကြိုက်တာကို တားမြစ်ပိတ်ပင်တာမျိုးမလုပ်ပါနဲ့။ အရွယ်ရောက်လာတဲ့အခါ တီထွင်ဖန်တီးနိုင်သူတွေက အလုပ်ခွင်တွေမှာ ခေါင်းတစ်လုံးသာကြတယ်။ သူတို့ မေးခွန်းမေးတာတွေကို စိတ်ရှည်နိုင်သမျှ ရှည်ရှည်ထားပြီးဖြေပါ။ သူတို့ ရဲ့ ထူးဆန်းတဲ့ ဖောက်ထွက်တဲ့အတွေးအခေါ်တွေကို အားပေးပါ။ (၇) နည်းပညာကို သင်ယူရပါမယ်။ ဒီနေ့ခေတ်ကလေးတွေဟာ နည်းပညာနဲ့အလွန်ပဲရင်းနီးကျွမ်းဝင်ကြပါတယ်။ တခါတလေမှာ အထူးသဖြင့်လူငယ်တွေဟာ ဖုန်းတစ်လုံးနဲ့ အချိန်ကုန်နေတယ်လို့ မိဘတွေကထင်တာမျိုးရှိတတ်တယ်။ ဒါပေမယ့် သူတို့အတွက် အကျိုးရှိတာတွေ နည်းပညာကိုအသုံးချပြီးသင်ယူနေတာမျိုးဖြစ်နိုင်တယ်ဆိုတာကိုလည်းမမေ့သင့်ဘူး။ တစ်ချိန်လုံးဖုန်းနှိပ်နေတာတစ်ခုတည်းနဲ့လည်းပညာရှာနေပြီမခေါ်သေးဘူး။ ကွန်ပြူတာနဲ့ အခြားနည်းပညာတွေကို လေ့လာဆည်းပူးဖို့လည်း လမ်းကြောင်းဖွင့်ပေးရမယ်။ နည်းပညာဟာ မဖြစ်မနေရင်းနီးကြရမှာဖြစ်လို့ အတိုင်းအတာနဲ့ အသုံးပြုခွင့်ကို ပေးကြရမှာဖြစ်တယ်။ အိန္ဒိယအတွေးအခေါ်ပညာရှင် ကရစ်ရှနားမူရတီးက“ကလေးကို အချက်အလက်တွေရိုက်သွင်းဖို့၊ စာမေးပွဲတွေအောင်ဖို့ သက်သက်သင်ပေးတဲ့ပညာရေးဟာ အသိဉာဏ်မရှိဆုံးပညာရေးပဲ” လို့ ပြောခဲ့ပါတယ်။ ဒါကြောင့်ကလေးတွေကိုချစ်တဲ့အခါ စာကိုချည်းဖိကြိုးစားခိုင်းနေတဲ့ စေတနာအမှားမျိုးတွေမမှားရအောင် အပေါ်က အချက် (၇)ချက်ကိုလည်း ထည့်သွင်းစဉ်းစားကြဖို့လိုတဲ့ အကြောင်းပြောပါရစေ။ အချက် (၇)ချက်က ပြည့်စုံပြီလို့ယူဆလို့ မရပေမယ့် ဒီအချက်တွေကိုလည်း လုပ်ဖို့လိုသေးတယ်ဆိုတာကို မိဘတွေသတိရကြဖို့ရေးလိုက်ရပါတယ်။ စာတွေလုပ်နေရင် ပြီးရောလားဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ “ကလေးတွေ စာတွေလုပ်နေရုံနဲ့ မပြီးသေးပါဘူး”လို့။စာရေးသူ – ဆရာ အောင်ကျော်ဖြိုးမေတ္တာဖြင့် ဆာယာဖောင်ဒေးရှင်း အဖွဲ့သားများPhoto Credit – https://www.edge.com.mm/…/day-or-night-when-is-the-best…